Normal labor ပုံမှန် ကလေးဖွါးခြင်း
ဒေါက်တာ၊ နေကောင်းတယ်နော်၊ တခုအကူအညီတောင်းချင်တာက မိန်းကလေးများ ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့ နေရာမှာ ရှေးဦးမီးဖွားစေနည်း၊ ချက်ဖြတ်နည်းတွေကို ပုံနှင့်တကွ ပို့ပေးနိုင်မလား။ ကျေးဇူးတင်တယ်။
ရေးထားတာ ၁၃ နှစ်ရှိပြီ။ စာရေးစာရိုက်လွဲတာတွေပါနေရင် ပြင်ရပါဦးမယ်။ ဆောရီး။ စာရေးစက ပိုမှားတယ်။ ယမုန်နာဆေးခန်းမှာလာကူညီကြမဲ့ ဆရာမတွေကို သင်ပေးဖို့ ရေးထားတာ။ စာနဲ့သင်တာထက် လက်တွေ့သင်တာက ပိုထိရောက်အောင်မြင်ပါတယ်။
၁။ ကျွန်မအသက် ၂၀။ အိမ်ထောင်သက်က ၂နှစ်ပါ။ သားဦးကိုယ်ဝန်ပါဆရာ။ မွေးမယ့်ရက်က ၁၅ ရက်လောက် လိုပါသေးတယ်ရှင့်။ အချွဲဆင်းတာတညနဲ့ နေ့လည်အထိဆင်းပြီး အခုချိန်ထိ မဆင်းတော့ပါဘူး။ အဲ့ဒါ ရက်မတိုင်ခင် စောမွေးနိုင်လားသိချင်ပါတယ်ရှင်။ အချွဲကနဲနဲပဲဆင်းပြီး ဆေးရုံရောက်တော့ ထပ်မဆင်းတော့ပါဘူး။ ခါးနာ ဗိုက်နာ ဆီးစပ်နာတာတွေလဲ မရှိပဲနဲ့ အာ့လိုဆင်းတာဘာဖြစ်လို့လဲဆိုတာလဲ သိချင်ပါတယ်ရှင့်။ ဆေးရုံမှာအခုဆို ၃ ရက်ရှိပါပြီ။ ဘာမှလဲထူးမလာဘူးဆရာရယ်။ ဘာဖြစ်တယ်ဆိုတာလဲ မသိရဘူး။ ဗိုက်ထဲကလဲ ပုံမှန်ပဲဆိုတော့ အိမ်လဲပြန်မလွှတ်တော့ ရက်ပြည့်တဲ့အထိပဲ ထားမလား မသိဘူး။ အာ့အဖြေလေးတွေလဲသိချင်လို့ ကျေးဇူးပြုပြီး ဖြေပေးပါနော်ဆရာ။ အမှားပါလဲခွင့်လွှတ်ပါ။ တခါမှလဲမမေးဘူးတော့ ဒီကဆေးဗိုလ်ကြီးတွေကလဲ မပြောပြတော့ သိချင်လို့ပါရှင့်။
ကလေးလှုပ်နေရင် ကောင်း။ မွေးကာနီးရင် ဗိုက်နာ + သွေးနည်းနည်းနဲ့ အချွဲဆင်းမယ်။ ရေမြွာရည် ပေါက်မယ်။ တချို့က စောပေါက်တယ်။ တချို့က မွေးမှသာပေါက်တယ်။ မတူကြပါ။
၂။ မင်္ဂလာပါဆရာ ကျွန်မ ယခု ကိုယ်ဝန် ၃၅ ပတ်ရှိပါပြီ။ မနက်စောစောကတကြိမ်၊ နေ့လည်ကတကြိမ် ဆီးစပ်ကိုက်ပြီး ရာသီလာချင်သလိုမျိုးကြီးခံစားရပါတယ်။ ဆီးစပ်က နည်းနည်းလည်းအောင့်ပါတယ်။ ၂ချက် ၃ ချက်လောက်လည်း စူးကနဲစူးကနဲ ဖြစ်ပါတယ်။ မွေးချင်တာလားလို့ထင်မိပေမယ့် နောက်ထပ်မဖြစ်တော့ပါဘူးဆရာ။ သားဦးကိုယ်ဝန်မို့ သေသေချာချာ မသိပါဘူးဆရာ။ မွေးချင်ရင်၊ မွေးတော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ပြတတ်ပါသလဲဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦးရှင့်။
ဒီစာရေးထားတာ ကြာပြီ။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ စာကလည်းရှည်တယ်။ ဆောရီး။ ယမုန်နာဆေးခန်းမှာ လာကူကြတဲ့ ဆရာမလေးတွေကို သင်ပေးဖို့ စုံအောင်ရေးထားတယ်။
ရိုးရိုးမွေးဖွါးခြင်းကို NSVD နဲ့ Normal labor လို့ခပ်လွယ်လွယ်ခေါ်ကြတယ်။ မွေးဖွါးနည်းတွေမှာ အားသာချက်တွေရော အားနည်းချက်တွေပါရှိတယ်။ မွေးလမ်းပျက်စီးမှုမရှိအောင် ခွဲမွေးချင်ကြတာ သိပါတယ်။ မွေးလမ်းက မွေးရတဲ့အခါ မွေးလမ်းပျက်စီးတတ်တာလည်း မှန်တယ်။ လိုသလို ပြန်ပြင်လို့ရတာလည်း မှန်ပါတယ်။
ပညာရပ်တွေကို အဆင့်၊ အမျိုးအစား စသဖြင့် တိတိကျကျသတ်မှတ်ရတယ်။ ကလေးမွေးတာကို ၃ ဆင့် ခွဲပါတယ်။ ပဌမအဆင့်ဆိုတာက မွေးချင်လို့ ဗိုက်စနာချိန်ကနေ သားအိမ်အဝ လုံးဝကျယ်လာတဲ့အထိကို ခေါ်တယ်။ မွေးချင်လို့ ဗိုက်နာတယ်ဆိုတာ နာလိုက် ရပ်လိုက်ဖြစ်တယ်၊ တိုးတိုး နာလာရမယ်၊ နာချိန် ကြာလာပြီး၊ နားချိန် တိုတိုလာရတယ်။ နာတာ ပိုပိုလာရပါမယ်။ တကယ်ဗိုက်နာတာကို လူနာအော်သံကို နားထောင်ပြီး၊ ခန့်မှန်းတာမမှန်ပါ။ တချို့က တကယ်မနာဘဲ အော်တာမျိုး ရှိတယ်။ ဗိုက်ပေါ် လက်တင်ထားပြီးစမ်းမှ သေချာတယ်။ သားအိမ် ကြွက်သားတွေ ညှစ်လာရင် စမ်းနေတဲ့လက်က တင်းလာတာကို သိသာတယ်။
သားဦးဆိုရင် တကယ်မွေးချင်လို့ နာတာမဟုတ်ဘဲ နာတာမျိုးကို အမွေးသင်တယ်လို့ခေါ်တယ်။ အနာခံနိုင်စွမ်း မတူကြပါ။ သားဖွါးခန်းအတွေ့အကြုံအရ အိန္ဒိယသွေးစပ်သူများ အနာမခံနိုင်ကြပါ၊ အသားဖြူသူတွေက သိပ်မအော်ကြဘဲ၊ အသား မဖြူ-မမည်းတွေက အလယ်အလတ်လိုက်တယ်။
ကလေးဖွါးဘို့ ရောက်လာသူမှန်သမျှကို ရောဂါရာဇဝင်မေးပြီးတာနဲ့ ဝမ်းခြူပေးရတယ်။ သန့်ရှင်းရေးအတွက်သာမက မွေးတာလည်း လွယ်စေတယ်။ လူနာ လမ်းလျောက်နိုင်နေတုံး ဆီးအသွားခိုင်းပြီး၊ နောက်ပိုင်းကျရင် ဆီးခြူပေးရတယ်။ ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေ ပြားချပ်နေလေ ကလေးမွေးရ လွယ်လေ။ သန့်ရှင်းလေလေ။
မွေးလမ်းကြောင်းကနေ သားအိမ်အဝအခြေအနေကို စောစောပိုင်းမှာ ၁ နာရီ ၁ ခါ၊ နီးလာရင် မကြာမကြာစမ်းပါတယ်။ ပိတ်ထားတဲ့ ပါးစပ်လိုရှိနေခဲ့တဲ့ သားအိမ်အဝက မွေးတော့မယ်ဆိုတာနဲ့ စိနေရာကနေ ဟလာတယ်။ ကျယ်ကျယ်လာမယ်။ အတိအကျ ပြောရရင် သားအိမ် နှုတ်ခမ်းဟာ မာရာကနေ ပျော့လာမယ်၊ ထူရာကနေ ပါးလာမယ်၊ ရှည်ရာကနေ တိုလာမယ်။ သားအိမ်အဝက ကျယ်ကျယ်လာမယ်။ လက် ၅ လုံးရှိရင် မွေးပြီ။
ပဌမဆင့်ဟာ သားဦးမှာ ၁၂-၄၈ နာရီ၊ နောက် ကလေးတွေဆိုရင် ၆-၈ နာရီ ကြာတတ်တယ်။ ဒါက စာအုပ်အလိုအရပါ။ တကယ်တမ်းပြောရရင် ဒီထက် မြန်တာ၊ စောတာတွေ တွေ့ရပါတယ်။ တယောက်နဲ့တယောက် အတော်ကို မတူကြပါ။ အစည်းအဝေးနားတုန်းမှာ မွေးလူနာရှိလို့ ဆေးခန်းဝင်ကြည့်ရင်း မွေးပေးရတာမျိုး ရှိသလို၊ ၃ ရက်လုံးလုံး မအိပ်မနေ မွေးပေးရတာမျိုးလဲ ကြုံရပါတယ်။
သားအိမ်အဝ အပြည့်ကျယ်ချိန်ကနေ ကလေးမွေးပြီးတဲ့အထိကို ဒုတိယအဆင့် ခေါ်တယ်။ အပြည့်ဆိုတာ ၁ဝ စင်တီမီတာ ရှိတာကို ပြောတာပါ။ ကလေး အခုကို မွေးတော့မယ်ဆိုတဲ့ လက္ခဏာပေါင်း ၇ ချက်ရှိတယ်။
1. သားအိမ်အဝ လုံးဝပွင့်မယ်။
2. ရေမြွှာအိတ် ပေါက်မယ်။
3. အကျိအချွဲ နဲ့ သွေးရောပြီး ဆင်းမယ်။ (ရှိုး) လို့ခေါ်တယ်။
4. ကလေးခေါင်းက မိခင်ရဲ့ အစာဟောင်းအိမ်ကို ဖိတိုးလို့ မွေးလူနာဟာ ဝမ်းသွားချင်စိတ် ဖြစ်လာမယ်။ ဒါ့ကိုသိလို့ စောစောက ဝမ်းခြူပေးထားတာပါ။
5. အဲဒီအချိန်ရောက်ရင် တားထားလို့တောင် မရဘဲ ညှစ်ချင်လာလိမ့်မယ်။
6. ညှစ်ရင် ကလေးခေါင်း တိုးလာတာမို့ မွေးလမ်းအဝကိုကြည့်ရင် အပြင်ကိုစူလာတာ မြင်ရမယ်။
7. စအိုလည်း ဝိုင်းလာမယ်။ ဒီ ၇ ချက် မပြည့်စုံသေးလို့ကတော့ မမွေးသေးပါ။
ကလေးဖွါးတာက ဖြစ်စဉ် ၂ မျိုးဟာ အချိန်ကိုက်ဖြစ်ရတယ်။ သားအိမ်ကြွက်သားတွေ ညှစ်တာနဲ့ သားအိမ်အဝက ကျယ်ကျယ်လာရမယ်။ သားအိမ်ကြွက်သားတွေ ညှစ်တာက အထဲကကလေးကို အောက်ဖက် (သားအိမ်အဝဆီ) ကို တွန်းထုတ်ပေးနေတာပါ။ ဒါ့ကြောင့် ညှစ်အားပိုအောင် ဗိုက်ကိုတွန်းပေးတာလုပ်ရင် တကယ်လို့ သားအိမ်အဝက မပွင့်ဘဲနေရင်၊ မအေရော၊ ကလေးပါ ဒုက္ခရောက်စေမယ်။ တရားခံကို လက်သည်လို့လည်းခေါ်တယ် မဟုတ်ပါလား။ သားအိမ်ကွဲမယ်။ ဆောရီး။
မွေးကာနီး ရေမြွှာပေါက်တယ်ဆိုပေမဲ့၊ ကလေးခေါင်းထွက်မှ တခါတည်းပေါက်တတ်တာလည်း ရှိတယ်။ မသိမသာ အိမ်မှာတင် ပေါက်လာသူလည်းရှိတယ်။ မွေးပေးမဲ့ဆရာဝန်၊ ဆရာမမျက်နှာကို စင်အောင် အရှိန်နဲ့ပေါက်တာမျိုးလဲ ရှိတယ်။ ရေမြွှာရည်က ကြည်လင်နေတာ ကောင်းတယ်။ နောက်တာဟာ အနည်းနဲ့အများ ကလေးဒုက္ခရောက်လို့ပါ။ အထဲမှာ ကလေးဝမ်းသွားတာမျိုးဖြစ်လို့ ရေမြွှာရည် နောက်ရတာ။ ရေသာသာအရောင်ကနေ အဝါ၊ စိမ်းဝါ၊ အစိမ်း၊ အစိမ်းပုပ်အထိ ဖြစ်တာမျိုးက အဆိုးပိုပိုလာတာကိုပြတယ်။ အနံ့ကလဲ ညှီနံ့လေးသာဆိုရင် ကောင်းတယ်။ နံလာတာ မကောင်းတာကို ပြနေတယ်။
ကလေးခေါင်းက မိခင်ရဲ့မွေးလမ်း အပေါက်မှာ ထွက်ပြူလာတာကို သရဖူဆောင်းတယ်လို့ ခေါ်တယ်။ မွေးလမ်းအဝ တဝှိုက် ရေနွေးဝတ်ကပ်ပေးရင် သွေးပိုလျှောက်စေလို့ ကောင်းတယ်။ တချို့ သားဦးတောင်မှ လမ်းကြောင်း ချဲ့စရာမလိုဘဲ မွေးနိုင်စေတယ်။ စိတ်တော့ရှည်ရတယ်။ လူနာလမ်းမလျှောက်နိုင်တော့တာမို့ လိုအပ်လျင် ဆီးခြူပေးပါ။ သူ့ကို အားပေးပါ။ ရေ-အရည် အသောက်ခိုင်းပါ။ ဗိုက်မနာချိန်မှာ အသက်ကောင်းကောင်း ရှူဘို့ပြောပါ။ ညှစ်ရင် အသံမထွက်စေဘဲ ဝမ်းသွားသလို ညှစ်ဘို့ သင်ပေးပါ။ ကလေးမွေးကာနီး မိခင်လောင်းတွေကို ပေးသင့်တဲ့ အားဆေးဖျော်ရည်ကို ရေအေး ၁ လီတာထဲမှာ ပျားရည် ၁/၄ ခွက်၊ သံပုရာရည် ၁/၃ ခွက်၊ ဆား ဇွန်းတဝက်၊ (ကယ်လ်စီယံ) နဲ့ (မဂ္ဂနီဆီယန်) ၁ ပြားစီထည့် ဖျော်ပါလေ။
ခေါင်းပြူလာရင် သားဖွါးဆရာမရဲ့ လက်တဖက်က ထွက်လာနေတဲ့ ကလေးခေါင်းထိပ်ကို အောက်ဖက်ဆီ ဖိပေးပြီး၊ နောက်တဖက်က မွေးလမ်းအဝ အောက်ပိုင်းနေရာကို ကလေးခေါင်းကို နောက်-အထက်ဆီ ခေါင်းစွပ် ချွတ်ပေးသလို တွန်းတင်ပေးပါ။ ကလေးခေါင်းဟာ မွေးလမ်းအဝကနေ ရေပြင်ညီ တန်းတန်းထွက်လာတာ မဟုတ်ပါ။ အောက်ဆီကို ဦးတည်ပြီး မွေးလာတာပါ။ ဒါ့ကြောင့် မွေးလမ်းကြောင်းက ထွက်ထွက်ချင်း ကလေးခေါင်းဟာ အပေါ်ကို ကော့တက် လာပါမယ်။ အများဆုံ အနေအထားဆိုရင် ကလေးခေါင်းက နောက်စေ့အထက်မှာနေပြီး မွေးလာမယ်။ မျက်နှာအထက် ဖြစ်နေရင် မွေးရတာ ကြာတယ်။
ခေါင်းထွက်တာနဲ့ ချက်ချင်း ကလေးရဲ့နှာခေါင်းနဲ့ ပါးစပ်တို့ကို သန့်ရှင်းပေးပါ။ ချက်ကြိုးက လည်ပင်းမှာပတ်နေ-မနေ စစ်ပါ။ ၄ ယောက်မှာ ၁ ယောက်လောက်က ပါတ်နေတတ်တယ်။ ဖြည်ပေးပါ။ တခါတလေ အကုန်ဖြည်မရတာလည်း ကြုံလိမ့်မယ်။ ခေါင်းထွက်တာနဲ့ ကလေးမျက်နှာက တဖက်ဖက်ကိုလည်လာလို့ မိခင်ရဲ့ပေါင်တဖက်ကို မျက်နှာမူလာမယ်။ ခေါင်းထွက်ပြီးရင် အထဲမှာရှိနေသးတဲ့ ကလေးပခုံးနှစ်ဖက်ဟာ အထက်-အောက် အနေအထားအဖြစ် ပြင်လာမယ်။ ရှေ့ပခုံးက စမွေးပါမယ်။ ဒီအချိန်မှာ အမြန်သွားလုပ်ရင် စုတ်ပြဲတတ်တယ်။ မိခင်က နောက်တကြိမ်ညှစ်တာနဲ့ ကလေးခေါင်းကို အောက်ဖက်ဆီကို နည်းနည်းဆွဲယူပေးပါ။ နောက်ပခုံး မွေးပေးဘို့ ကလေးကို အထက်ဆီ ပင့်တင်ပေးရမယ်။ ခေါင်းတန် ကိုယ်ဆန့်။ ကိုယ်ပိုင်းနဲ့ ခြေထောက်တွေ အလိုလို မွေးလာပါမယ်။
ကလေး ခေါင်းစ-ခြေဆုံး၊ ခြေစ-ခေါင်းဆုံး၊ ထွက်ပြီးပြီးချင်း၊ ချက်ကြိုးကို (စပန့်ချ်-ဖေါ့ဆက်ပ်) ၂ ချောင်းနဲ့ ၁ လက္မခြာပြီး ညှပ်ပါ။ မလောပါနဲ့။ ကလေးငိုမှာသာ ညှပ်ပါ။ ကလေးဖက်မှာ ချက်ကြိုးကို ရှည်နိုင်သမျှ ရှည်ပါစေ။ (ဖေါ့ဆက်ပ်) ၂ ချောင်း အကြားမှာ ကပ်ကြေးနဲ့ ဖြတ်ပါ။ ပစ္စည်းမှန်သမျှ ပိုးသန့်ပြီးဖြစ်ပါစေ။ ကလေးခြေထောက် နှစ်ချောင်းကို ပူးပြီး လက်တဖက်တည်းနဲ့ ကလေးကို ဇောက်ထိုးမြှောက်ပြီး ကိုင်ပါ။ ချက်ကြိုးကို ညှပ်ထားတဲ့ (ဖေါ့ဆက်ပ်) တချောင်းကိုပါ ကိုင်ပါ။ ဒုတိယအဆင့် ပြီးသွားပါပြီ။
ကျန်းမာတဲ့ကလေး ခေါင်းထွက်တာနဲ့ ငိုပါတယ်။ မငိုရင် ငိုအောင်လုပ်ရတယ်။ ကလေးကျောကို ပုတ်ပေးတာပါ။ အရပ်ပြောနဲ့ပြောရရင် ကလေးကို မငိုငိုအောင် ရိုက်တာလို့ ပြောမယ်။ အမှန်က အသက်ရှူအောင် အဆုပ်ရှိတဲ့နေရာကို ဆွပေးတာပါ။ အထင်မမှားပါနဲ့။
ကလေးကိုပြုစုမဲ့သူက ကလေးကို သန့်ရှင်းရေးလုပ်ပါ။ နှာခေါင်းနဲ့ပါးစပ်ကို ပဌမလုပ်ပါ။ ချွဲစုပ်တာနဲ့ ချွဲစုပ်ထုတ်ပေးပါ။ အသားရောင် ပန်းရောင်ဖြစ်လာရင် စိတ်ချရပါပြီ။ အသက်မရှူရင် (စီပီအာရ်) လုပ်ပါ။ အသက်ရှူနေပြီး ပြာနေသေးရင် အောက်စီဂျင်ရှိရင် ပေးပါ။
ကလေးထွက်ပြီးနောက် အချင်းကိုထုတ်ပေးတဲ့အဆင့်ကို တတိယအဆင့်ခေါ်တယ်။ သားဦးနဲ့ မွေးဖူးသူများအကြား အချိန်ကွာခြားခြင်း မရှိပါ။ ၅ မိနစ်ကနေ နာရီဝက် ကြာနိုင်တယ်။ ကြာလေလေ သွေးထွက် များလေလေ ဖြစ်တယ်။ အချင်းချပေးနေတုံး အကူတယောက်က လက်တဖက်နဲ့ မိခင်ရဲ့ ဆီးစပ်နေရာမှာ သားအိမ်ကို ထိန်းထားပေးထားပြီး ကျန်လက်တဖက်က သားအိမ်ထိပ်နေရာကို အောက်ဆီ ပွတ်ခြေပေးပါ။ မွေးပေးသူက ချက်ကြိုးကို အားမသုံးဘဲ ခပ်တင်းတင်းလေး ဆွဲထားပါ။ လိုအပ်ရင် လက်ထည့်ပြီး ဆွဲထုတ်ပေးရတတ်ပါတယ်။ မွေးပြီးနောက် သွေးဆင်းတာ သက်သာအောင် Ergometrine ထိုးပေးရင် ၆-၇ မိနစ်အတွင်း၊ Oxytocin 10 Units ထိုးရင် ၂့၅ မိနစ်အတွင်း သက်ရောက်ပါမယ်။
ကလေးချက်ကနေ ချက်ကြိုးမဖြတ်ခင် ချက်ကြိုးထဲက သွေးတွေကို ကလေးဆီရောက်အောင် ဆွဲသွင်းပြီးမှ ဖြတ်ပါ။ သွေး ၅ စီစီလောက် ပိုရတာကိုက ကလေးအတွက် မနည်းပါ။ ချက်ကို အရက်ပြန်၊ အိုင်အိုဒင်း ၁-၂% ထည့်ပေးပါ။ Cipladine/Betadine ကောင်းတယ်။ ခြောက်အောင်ထားရင် ချက်မြန်မြန် ကြွေတယ်။ ချက်မကြွေမချင်း ကလေးကို ရေပတ်တိုက်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။
ကုတင်ပေါ်က ကလေးငိုသံ နားထောင်ရင်း ပီတိဖြစ်နေသူကို ကလေးအမေ နေကောင်းတယ်နော်လို့ မေးလိုက်ပါလေ။ ဆေးကျောင်း၊ ဆေးရုံတွေမှာ အပြိုင်ပြောလေ့ရှိတယ်။ လာတုံးကတော့ သူ့ဖါသာ လမ်းလျောက်လာတာ ဆေးရုံကလဲ ဆင်းရော ဂျိုင်းထောက်နဲ့ဆိုပြီး၊ ခွဲစိတ်ဆရာဝန်တွေကို ပြောင်ကြတယ်။ မရှူနိုင် မကယ်နိုင် ရောက်လာသူကို ဆေးတလုံး ထိုးပေးတာနဲ့ ကြော့ပြီး၊ ပြန်သွားတယ်လို့ သမားတော်တွေက ပြောတယ်။ လာတုန်းကတော့ တယောက်တည်း ပြန်တော့ နှစ်ယောက်လို့ ကြွားနိုင်တာကတော့ သားဖွါးခန်းက ဖြစ်ပါတယ်။ ဒေလီက ယမုန်နာဆေးခန်းလေးမှာ ၁၉၉ ယောက်မြောက် မွေးတဲ့ မိခင်နဲ့ကလေးပုံကိုပါ တင်လိုက်တယ်။
Dr. တင့်ဆွေ
Comments
Post a Comment