Medicine ဆေးပညာ
ဆေးပညာသည် ရောဂါကုသခြင်း၏ အနုပညာနှင့် သိပ္ပံပညာ ဖြစ်သည်။ ဆေးပညာသည် ကျန်းမာရေး စောင့်ရှောက်မှု (health care) တလျှောက်တွင် လက်တွေ့ ကျကျပါဝင်ပြီး လူ့ကျန်းမာရေးကို ကြိုတင်ကာကွယ်ရန်နှင့် ရောဂါကုသရေးတွင် အသုံးပြုခြင်းဖြစ်သည်။ ခေတ်ပေါ်ဆေးပညာသည် ကျန်းမာရေးသိပ္ပံ (health sicence)၊ ဇီဝဆေးပညာ၊ ဆေးဝါးနည်းပညာ (medical technology) တို့ကို ရောဂါ ရှာဖွေခြင်းမှသည် ခွဲစိတ်ခြင်း၊ ဆေးဝါးပေးခြင်း စသည့် ကုသခြင်းအထိ ပါဝင်သည်။ ဆေးဝါး နည်းပညာနှင့် ဆေးခန်းနည်းစနစ် (clinical expertise) တို့သည် ခေတ်ပေါ် ဆေးပညာတွင် အမှန်အရေးကြီးသော်လည်း တကယ်အောင်မြင်ရေး အတွက်(ဝါ) [ရောဂါဝေဒနာခံစားရခြင်း] (suffering) မှ ရေရှည် လွှက်မြောက်ရေးအတွက်ဆိုလျှင် သာမန်လူသားတို့၏ စိတ်ခံစားမှု (feeling) နှင့် စာနာခြင်း (compassion) ကိုပါ ထဲ့သွင်း စဉ်းစားရမည်ဖြစ်ပြီး ဆိုလိုသည်မှာ ရောဂါကုသရေးတွင် အကြင်နာများလည်း လိုအပ်သေးသည်။
သမိုင်း
ရှေးလွန်ခေတ် (prehistoric) ဆေးပညာသည် သစ်ပင်၊ တိရစာ္ဆန်အပိုင်းစနှင့် ဓါတ်သတ္တုတို့ ပါဝင်သည်။ များစွာသော အဖြစ်အပျက်များတွင် ၎င်းတို့ကို ဘုန်းကြီး၊ ဗိန္ဓောဆရာ၊ ဂိုဏ်းဆရာ တို့က ဂမ္ဗီရ နည်းတို့ဖြင့် ရောစပ်ပြီး ရိုးရာ ကုသမှု ပြုသည်။ လူသိများသော ဂိုဏ်းစနစ် တို့မှာ ရုပ်ပြဂိုဏ်း (animism) (အသက်မရှိသော အရာဝတ္ထု အား အသက်သွင်းခြင်း)၊ နာမ်ပြဂိုဏ်း (spiritualism) (နတ်ဘုရား၊ ဘိုးဘွား တို့အား ပသခြင်း)၊ နတ်ပူးခြင်း (shamanism) တို့ဖြစ်ကြသည်။ ဆေး မနုဿဗေဒ (medical anthropology) တွင် မျိုးစုံသော ရှေးလွန်ခေတ် ရောဂါကုထုံး တို့နှင့် လူမှုရေးတို့ကို လေ့လာသည်။
လက်တွေ့သဘော
ဆေးပညာ လက်တွေ့သဘောမှာ သိပ္ပံနည်းကျကျ တွေ့ရှိချက်ကို အခြေခံသကဲ့သို့ ဆေးပညာ အသိသည် ပင်ကိုယ်ဉာဏ် နှင့် လူနာ တဦးချင်းစီ၏ ကုသထုံး အတွက် ဖြတ်ထိုးဉာဏ်မှာ အနုပညာပင်ဖြစ်သည်။ ဆေးပညာ၏ အဓိက သော့ချက်မှာ ကျန်းမာရေးအတွက် လူတဦးတယောက်က ဆရာဝန်၏ အကူအညီယူရာ၌ (လူနာ-ဆရာဝန်) အပေးအယူ ကောင်းဖို့ပင် ဖြစ်သည်။ အခြားဆေးပညာရှင်များ ဥပမာ သူနှာပြု၊ ဓါတ်မှန်ဆရာ၊ ရောဂါရှာဖွေသူ သည်လည်း လူနာနှင့် ထိတွေ့ရာတွင် မျိုးစုံ ပါဝင်ပတ်သက်လျှက်ရှိသည်။
ဆေးကုသမှု တွေ့ရှိချက်များအရ ကုသသူတို့ လိုအပ်ချက်မှာ -
• လူနာနှင့် ရင်းနီးရန်
• အချက်အလက်များ စုဆောင်းရန် (ဆေးကုသမှု မှတ်တမ်း၊ ရောဂါနောက်ကြောင်း မေးမြန်းမှု (History Taking)၊ လူနာစမ်းသပ် စစ်ဆေးခြင်း [Clinical Examination]၊ ဓါတ်ခွဲခန်း နှင့် ဓါတ်မှန် စစ်ချက်[Laboratory and Radiology investigation]
• ကုထုံး ထုတ်ခြင်း (နောက်ထက် စစ်ဆေးရန်၊ ကုသထုံး၊ အသေးစိတ် လေ့လာခြင်း၊ လွဲပြောင်းပေးအပ်ခြင်း နှင့် နောက်ဆက် ချိန်းဆိုမှု)
• လူနာကို ကောင်းစွာ ကုသခြင်း
• ကျန်းမာမှု တိုးတက်ချက်ကို ကောင်းစွာ သုံးသပ်ခြင်းနှင့် လိုအပ်သလို ကုထုံး ပြောင်းလဲခြင်း
• ဆေးကုသမှုကို ဆေးကုသမှု မှတ်တမ်းတွင် မှတ်ယူရမည်ဖြစ်ပြီး ၎င်းသည် တရားဝင် စာရွက်စာတမ်း ဖြစ်ကာ ဥပဒေ ဆုံးဖြတ်ရာတွင် သုံးသည်။
ဆေးပေးစနစ်
ဆေးကုသခြင်းကို ဆေးကုသမှု စနစ် (medical system) အရသာ ပြုကျင့်ရမည်ဖြစ်ပြီး၊ တရားဥပဒေ၊ ဆေးကုသမှု လက်မှတ်နှင့် ငွေကြေး ထောက်ပံ့မှုနည်းစဉ်များကို သက်ဆိုင်ရာ ယဉ်ကျေးမှု (သို့) အစိုးရက သတ်မှတ်ထားသည်။ ၎င်း၎င်းကျန်းမာရေး စောင့်ရှောက်မှု (health care) စနစ်သည် ကုသမှုအရည်အသွေးကို များစွာ အကျိုးသက်ရောက်မှုရှိသည်။
စက်မှုနိုင်ငံအများစုနှင့် ဖွံ့ဖြိုးပြီးနိုင်ငံ အများအပြားတွင် ကျန်းမာရေးစောင့်ရှောက်မှုကို တပြေးညီကျန်းမာရေး စောင့်ရှောက်မှု (universal health care) စနစ်ကျင့်သုံးပြီး ၎င်းသည် လူတိုင်းမယူမနေရ၊ သမဝါယမ (သို့) အစိုးရ၏ ကျန်းမာရေးအာမခံက ဆေးကုသမှု တန်းတူရေးကို အာမခံသည်။ (အမှန်တကယ်တော့ အခွန်မှရသော) ထိုအာမခံချက်သည် လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရနိုင်ရန် (ငွေမရှိသော်မှ) အခြေခံ ခံစားခွင့်အဖြစ် ထားရှိခြင်းဖြစ်သည်။ ဆေးပေးစနစ် (delivery systems) သည် ပုဂ္ဂလိကပိုင်၊ အစိုးရပိုင် သို့မဟုတ် အလှူဒါနတို့မှ ကုသမှုပေးခြင်း ဖြစ်နိုင်သည်။
ဆေးပေးဌာန
ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွင် ပထမ၊ ဒုတိယ၊ တတိယ အဆင့် ဆေးပေးဌာန (delivery) ဟူ၍ ပိုင်းခြားထားသည်။ ပထမအဆင့် ဆေးပေးဌာန တွင် ဆရာဝန်(သို့) ဆေးပညာသည် က ပထမဦးဆုံး လူနာနှင့်တွေ့ဆုံ ကုသသည်။ ၎င်းသည် ဆရာဝန်ရုံးခန်း၊ ဆေးခန်း၊ သူနာပြုရုံး၊ ကျောင်း၊ အိမ် သို့မဟုတ် လူနာရှိရာ တွင် ဖြစ်ပေါ်နိုင်သည်။ ၉၀ % ခန့်ကို ပထမအဆင့်တွင် ကုသနိုင်သည်။ ထိုကုသမှုတွင် အပြင်းအထန်ရောဂါ၊ နာတာရှည်၊ ကြိုတင်ကာကွယ်ခြင်း နှင့် အသက်အရွယ် သို့ လိင်နှင့်ဆိုင်ရာ ပညာပေးတို့လည်းပါဝင်သည်။
ဒုတိယအဆင့် ဆေးပေးဌာန ကုသခြင်းတွင် အထူးကု ဆေးခန်းတွင်လည်းကောင်း သို့မဟုတ် နယ်ဆေးရုံ တွင် လည်းကောင်း ပထမအဆင့်က လွဲအပ်လိုက်သော် ဆန်းစစ်ကုသပြီး လူနာကို ဆက်လက်ကုသသည်။ လက်လွဲမှုကို ဆေးပညာရှင် သို့ ကျွမ်းကျင်သူက လူနာကိုလွဲအပ်ခြင်းဖြစ်သည်။ ဒုတိယအဆင့်တွင် လူနာတင်ယာဉ်၊ အတွင်းလူနာဆောင်၊ အရေးပေါ် ကုသခန်း၊ အသက်ကယ်စက်၊ ခွဲစိတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့် ကုသနည်း (physio therapy)၊ ကလေးမွေးဆောင်၊ မှန်ပြောင်းကြည့်ရောဂါရှဖွေခန်း (endoscopy unit)၊ ဓါက်ခွဲခန်း နှင့် ဓါတ်မှန်ခန်း ပါဝင်သည်။
တတိယအဆင့် ဆေးပေးဌာနများသည် အထူးကုဆေးရုံများဖြစ်ကြပြီး နယ်ဆေးရုံများတွင် မရရှိနိုင်သော ရောဂါရှာခြင်း နှင့် ကုသခြင်းတို့ကို ပေးသည်။ ၎င်းတို့မှာ အကျိတ်ကုဌာန၊ လောင်ကျွမ်းကုဌာန၊ အဆင့်မြင့် မွေးကင်းစကုသဌာန၊ အင်္ဂါအစားထိုး ကုသခြင်း၊ အန္တရာယ်ရှိ ကိုယ်ဝန်တည်ခြင်း၊ ကင်ဆာဓာတ်ကင်ခြင်း တို့ပါဝင်သည်။
ခေတ်ပေါ်ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် စာရွက်ပေါ်ကို မှတ်သားသေးသော်လည်း ယခုအခါ ကွန်ပျူတာနည်းစနစ်ဖြင့် မှတ်သားခြင်းက များများ လာသည်။
ဘာသာရပ်ခွဲများ
ဆေးပညာတွင် များစွာသော အထူးကု၊ အသေးစိတ် အထူးကု ဘာသာရပ်ခွဲများရှိသည်။ အဓိကတို့မှာ -
• Medicine (ဆေးပညာ)
• Surgery (ခွဲစိတ်ကု ပညာ)
• Child health medicine (ကလေးကျန်းမာရေးဆေးပညာ)
• Obstetric and Gynaecology (သားဖွား နှင့် မီးယပ် ဆေးပညာ)
• Orthopedics and Traumatology (ထိခိုက်ဒဏ်ရာ နှင့် အရိုးဆေးပညာ)
• Anesthesia (မေ့ဆေးပညာ)
• Ear, Nose and Throat (နား၊ နှာခေါင်း၊ လည်ချောင်း ဆေးပညာ)
• Opthalmology (မျက်စိအထူးပြုဆေးပညာ)
• Cardiology (နှလုံးရောဂါ အထူးပြုဆေးပညာ)
• Neurology (ဦးနှောက် နှင့် အာရုံကြော ဆေးပညာ)
• Gastro-enterology (အစာအိမ် နှင့် အူလမ်းကြောင်းအထူးပြုဆေးပညာ)
• Urology (ဆီး နှင့် ကျောက်ကပ် အထူးပြုဆေးပညာ)
• Radiology (ဓါတ်မှန် အထူးပြု ဆေးပညာ)
• Radiation therapy (အဏုမြူဓါတ်ရောင်ခြည် ကုသမှုဆေးပညာ)
• Physiotherapy (အရိုး၊ အကြော၊ အဆစ် ပြန်လည်သန်စွမ်းရေး ဆေးပညာ)
• Dentistry သွားဘက်ဆိုင်ရာဆေးပညာ
• Maxillofacial and Plastic Surgery မေးရိုး၊မျက်နှာနှင့် အစားထိုးအလှပြုပြင်မှုခွဲစိတ်ကုပညာ
အခြေခံ ဆေးပညာတို့မှာ -
• Anatomy (ခန္ဒာဗေဒ)
• Physiology (ဇီဝကမ္မဗေဒ)
• Pharmacology (ဆေးဝါးဗေဒ)
• Biochemistry (ဇီဝဓါတုဗေဒ)
• Pathology (ရောဂါဗေဒ)
• Microbiology (အဏုဇီ၀ဗေဒ)
• Forensic medicine (မှုခင်းဆေးပညာ)
• Preventive and social medicine (ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ)
ကျန်းမာရေးပညာပေး
ကျန်းမာရေးပညာပေးသည် ပညာရေး နှင့်ပက်သက်နေသကဲ့သို့ လက်တွေ့ကုသခြင်း ထိရောက်ရန်၊ အခြေခံ ကျန်းမာရေး ပညာပေးသင်တန်းကို ဆရာဝန်မဖြစ်ခင် သင်ကြားရသည်။
တရားဥပဒေ ကန့်သတ်ချက်
နိုင်ငံတိုင်းလိုလို ဆေးကုသရန် တရားဥပဒေအရ လိုင်စင် သို့ လက်မှတ် လိုသည်။ များသောအားဖြင့် ၎င်းကိစ္စသည် ဆေးတက္ကသိုလ်နှင့် ဆေးကုသမှု ကောင်စီကဲ့သို့ အဖွဲ့အစည်းက စာမေးပွဲများ စစ်ခြင်းဖြင့် အသိအမှတ်ပြုပေးသည်။ လူနာအား ကုသမှုပေါ့လျော့ပါက ကုသသော ဆရာဝန်ကို ဆေးကုသမှု မသမာမှုဖြင့် လျော်ကြေးတောင်းခြင်း၊ တရားစွဲဆိုခြင်းပြုနိုင်သည်။
မှတ်ချက်
ဒီစာကို ၂၀၀၉ ခုနှစ်ကရေးထားတာဖြစ်ပါတယ်။ နည်းပညာသစ်တွေေ့းလာတော့ ပြောငးလဲမှုတွေ များလာပြီ။ အသစ်ရေးရပါဦးမည်။
မြန်မာပြည်မှာတော့ တိုးတက်ကောင်းမွန်လာ မလာ မသိပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment