သွေးတိုးရောဂါ
သတင်းကောင်းကတော့ သွေးတိုးရောဂါကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန်အတွက် သင်ကိုယ်တိုင်လုပ်ဆောင်နိုင်သည့် ရိုးရှင်းသော အဆင့်များ ရှိနေခြင်းပင် ဖြစ်သည်။ သွေးဖိအား (သွေးပေါင်ချိန်) ၏ အခြေခံသဘောတရားများကို နားလည်ထားခြင်းက သင့်သွေးပေါင်ချိန်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် အထောက်အကူပြုနိုင်ပါသည်။
သွေးဖိအား (Blood pressure) ဆိုတာ ဘာလဲ။
သွေးဖိအားဆိုသည်မှာ သင့်နှလုံးမှ အောက်ဆီဂျင်ပြည့်ဝသော သွေးများကို ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည့် သွေးလွှတ်ကြောများအတွင်း သွေးများ ဖြတ်သန်းစီးဆင်းရာတွင် အသုံးပြုသည့် တွန်းအားကို တိုင်းတာခြင်း ဖြစ်သည်။
သင့်သွေးဖိအားသည် အမြဲတမ်း ပုံသေဖြစ်မနေပါ — သင်သည် လှုပ်လှုပ်ရှားရှားနှင့် စိတ်လှုပ်ရှားနေသလား၊ သို့မဟုတ် အနားယူပြီး စိတ်အေးလက်အေး ရှိနေသလားအပေါ် မူတည်၍ သွေးပေါင်ချိန် တက်ခြင်း၊ ကျခြင်း ဖြစ်နိုင်ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (HCP) တဦးက သင့်သွေးပေါင်ချိန်ကို စစ်ဆေးသည့်အခါ နှလုံးခုန်နေချိန်နှင့် နှလုံးခုန်နှုန်းတခုနှင့်တခုအကြား အနားယူနေချိန်များတွင် သွေးလွှတ်ကြောနံရံများကို သွေးက မည်မျှပြင်းထန်စွာ တိုးဝှေ့တွန်းကန်နေသည်ကို တိုင်းတာခြင်း ဖြစ်သည်။ ထို့ကြောင့် သွေးပေါင်ချိန်ကို (အပိုင်းကိန်းတခုကဲ့သို့) အပေါ်ဂဏန်းနှင့် အောက်ဂဏန်းဟူ၍ ကိန်းဂဏန်းနှစ်ခုဖြင့် ဖော်ပြခြင်း ဖြစ်သည်။
ညှစ်ထုတ်ခြင်း သွေးဖိအား (Systolic blood pressure): သွေးပေါင်ချိန်တိုင်းချက်၏ အပေါ် (ပထမ) ဂဏန်း ဖြစ်သည်။ နှလုံးခုန်နေစဉ်အတွင်း သွေးလွှတ်ကြောများ၌ ရှိနေသော ဖိအားကို တိုင်းတာခြင်း ဖြစ်သည်။
လျော့ပါးခြင်း သွေးဖိအား (Diastolic blood pressure): သွေးပေါင်ချိန်တိုင်းချက်၏ အောက် (ဒုတိယ) ဂဏန်း ဖြစ်သည်။ နှလုံးခုန်နှုန်းတခုနှင့်တခုအကြား နှလုံးအနားယူနေစဉ် သွေးလွှတ်ကြောများ၌ ရှိနေသော ဖိအားကို တိုင်းတာခြင်း ဖြစ်သည်။
သင့်သွေးပေါင်ချိန် ဂဏန်းများကို သိရှိခြင်း
မိမိ၏ Systolic နှင့် Diastolic သွေးပေါင်ချိန် ဂဏန်းများကို သိရုံမျှဖြင့် မလုံလောက်ဘဲ ၎င်းတို့က ဘာကိုဆိုလိုသလဲဆိုသည်ကို နားလည်ထားရန်လည်း လိုအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် အမေရိကန်နှလုံးအဖွဲ့အစည်း (AHA) နှင့် အမေရိကန်နှလုံးရောဂါဆိုင်ရာကောလိပ်တို့က မည်သည့်သွေးပေါင်ချိန်အဆင့်ကို "ပုံမှန်" သို့မဟုတ် ကျန်းမာသော သွေးဖိအားအဆင့်ဟု သတ်မှတ်မည်ဆိုသည့်အပေါ် ၎င်းတို့၏ လမ်းညွှန်ချက်များကို ပြောင်းလဲခဲ့သည်။ အဆိုပါ အဆင့်မြှင့်တင်လိုက်သော လမ်းညွှန်ချက်များသည် သွေးတိုးရောဂါကို ကြိုတင်ကာကွယ်ရန်နှင့် ကုသမှုခံယူနိုင်ရေးအတွက် စောစီးစွာ ရှာဖွေဖော်ထုတ်ရန် ပိုမိုဦးတည်ထားသည်။
လမ်းညွှန်ချက်အသစ်များအရ အောက်ပါအတိုင်းဆိုလျှင် သင့်သွေးပေါင်ချိန်သည် ပုံမှန် (Normal) ဖြစ်သည် -
Systolic ဖိအား (အပေါ်ဂဏန်း) သည် ၁၂၀ အောက်ဖြစ်ပြီး
Diastolic ဖိအား (အောက်ဂဏန်း) သည် ၈၀ အောက် ဖြစ်ရပါမည်။
အောက်ပါအတိုင်းဆိုလျှင် သင့်သွေးပေါင်ချိန်သည် အနည်းငယ်မြင့်တက်နေသည် (Elevated) ဟု သတ်မှတ်သည် -
Systolic ဖိအားသည် ၁၂၀ နှင့် ၁၂၉ အကြားရှိပြီး
Diastolic ဖိအားသည် ၈၀ အောက် ဖြစ်ရပါမည်။
အကယ်၍ သင့်တွင် အောက်ပါအတိုင်း စဉ်ဆက်မပြတ် တိုင်းတာရရှိနေပါက သွေးတိုးရောဂါ (High blood pressure သို့မဟုတ် Hypertension) ရှိနေသည်ဟု သတ်မှတ်သည် -
Systolic ဖိအားသည် ၁၃၀ သို့မဟုတ် ထိုထက်ပိုနေခြင်း (သို့မဟုတ်)
Diastolic ဖိအားသည် ၈၀ သို့မဟုတ် ထိုထက်ပိုနေခြင်း။
အကယ်၍ သင့်တွင် မည်သည့်ရောဂါလက္ခဏာမျှ မပြဘဲ Systolic ဖိအားသည် ၁၈၀ ထက် မြင့်မားနေလျှင် နှင့်/သို့မဟုတ် Diastolic ဖိအားသည် ၁၂၀ ထက် မြင့်မားနေပါက သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (HCP) ထံသို့ ချက်ချင်းဖုန်းဆက်ပါ။ အကယ်၍ ထိုသို့ သွေးပေါင်ချိန်မြင့်မားခြင်းနှင့်အတူ ရောဂါလက္ခဏာများပါ ခံစားနေရပါက မိမိတို့ဒေသရှိ အရေးပေါ်လိုင်းသို့ ချက်ချင်းဆက်သွယ်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment