ဘယ်နှင့်ညာ သွေးဖိအားတိုင်းချက်များ တခုနှင့်တခု အနည်းငယ် ကွဲပြားခြားနားနေခြင်း
Blood pressure: Can it be higher in one arm?
ဘယ်ဘက်နှင့် ညာဘက်လက်မောင်းတို့အကြား သွေးဖိအားတိုင်းချက်များ တခုနှင့်တခု အနည်းငယ် ကွဲပြားခြားနားနေခြင်းမှာ ဓမ္မတာပင် ဖြစ်ပါသည်၊ အများအားဖြင့် ၅ မီလီမီတာမာကျူရီ (5 mm Hg) သို့မဟုတ် ထိုထက်နည်း၍ ကွဲပြားလေ့ရှိသည်။ သွေးဖိအားကို စတင်တိုင်းတာသည့်အခါ လက်မောင်းနှစ်ဖက်လုံးကို တိုင်းတာသင့်သည်။ နောင်တွင်မူ နှလုံးနှင့် သွေးကြောဆိုင်ရာ အခြေအနေကို အတိကျဆုံး စောင့်ကြည့်မှတ်တမ်းတင်နိုင်ရန်အတွက် ပိုမိုမြင့်မားသော သွေးဖိအားတိုင်းချက်ကို စဉ်ဆက်မပြတ် ပြသသည့် လက်မောင်းကိုသာ အမြဲတမ်း အသုံးပြု၍ တိုင်းတာရပါမည်။
ကွဲပြားခြားနားမှုက မည်သည့်အခါတွင် အရေးကြီးသနည်း
အနည်းငယ် ကွဲပြားခြားနားခြင်းမှာ ပုံမှန်ဖြစ်သော်လည်း လက်မောင်းနှစ်ဖက်အကြား တိုင်းတာချက် ကွဲပြားမှုသည် ၁၀ မီလီမီတာမာကျူရီ (10 mm Hg) သို့မဟုတ် ထိုထက်ပို၍ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေပါက ၎င်းသည် အောက်ပါ သွေးကြောဆိုင်ရာ နောက်ခံကျန်းမာရေးပြဿနာများကို ညွှန်ပြနေခြင်း ဖြစ်နိုင်ပါသည် -
- သွေးလွှတ်ကြောအတွင်း အဆီခဲပိတ်ဆို့ခြင်း (Arterial Plaque): သွေးဖိအား တိုင်းချက်ပိုနည်းသော လက်မောင်းဘက်တွင် အဆီခဲများ စုပုံပိတ်ဆို့နေခြင်းကြောင့် သွေးစီးဆင်းမှု လျော့နည်းကန့်သတ်ခံထားရခြင်း ဖြစ်နိုင်ပါသည်။
- နှလုံးနှင့် သွေးကြောဆိုင်ရာ အန္တရာယ် (Cardiovascular Risk): လက်မောင်းနှစ်ဖက်၏ သွေးဖိအား စဉ်ဆက်မပြတ် ကြီးမားစွာ ကွဲပြားနေခြင်းသည် ရေရှည်တွင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် (ပတ်ဝန်းကျင်သွေးလွှတ်ကြောကျဉ်းရောဂါ ကဲ့သို့သော) သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားခြင်းနှင့် ဆက်စပ်နေပါသည်။
ထပ်ခါတလဲလဲ တိုင်းတာသော်လည်း လက်မောင်းနှစ်ဖက်၏ သွေးဖိအား ကွဲပြားမှုသည် ၁၀ မီလီမီတာမာကျူရီ (10 mm Hg) သို့မဟုတ် ထိုထက်ပို၍ ရှိနေပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ပညာရှင်) နှင့် တိုင်ပင်ဆွေးနွေးပါ။
မှန်ကန်တိကျသော တိုင်းတာချက် ရရှိစေရန် လုပ်ဆောင်နည်း
ဘယ်ဘက်တွင်ဖြစ်စေ၊ ညာဘက်တွင်ဖြစ်စေ မိမိတိုင်းတာရရှိသော အဖြေများ ခိုင်မာစိတ်ချရစေရန်အတွက် အောက်ပါအဆင့်များကို လိုက်နာဆောင်ရွက်ပါ -
- ကြိုတင်ပြင်ဆင်ရန် (Prepare): သွေးပေါင်မချိန်မီ မိနစ် ၃၀ အတွင်း ကဖင်းဓာတ် (ကော်ဖီ၊ လက်ဖက်ရည်) သောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
- အနားယူရန် (Rest): ကုလားထိုင်တွင် ကျောမှီ၍ ခြေဖဝါးနှစ်ဖက်ကို ကြမ်းပြင်ပေါ်၌ အပြားလိုက်ချကာ အနည်းဆုံး ၅ မိနစ်ခန့် ငြိမ်သက်စွာ ထိုင်နေပါ။
- အနေအထား ပြင်ဆင်ရန် (Position): အဝတ်အစားမအုပ်ဘဲ ဗလာဖြစ်နေသော လက်မောင်းကို ညီညာသော မျက်နှာပြင်ပေါ်တွင် တင်ထားပါ၊ သွေးဖိအားပတ်တီး (cuff) ၏ အလယ်ဗဟိုသည် နှလုံးနှင့် တညီတည်း (ရင်ဘတ်အမြင့်) တွင် ရှိနေရပါမည်။
- စမ်းသပ်တိုင်းတာရန် (Test): သွေးဖိအားနေစဉ်အတွင်း ခြေထောက်များကို ချိတ်မထားဘဲ စကားပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။
- ထပ်မံစမ်းသပ်ရန် (Re-test): လက်မောင်းတခုတည်းကိုပင် အကြိမ်ကြိမ် ပြန်လည်တိုင်းတာရန် လိုအပ်ပါက တကြိမ်နှင့်တကြိမ်အကြား ၁ မိနစ်မှ ၂ မိနစ်ခန့် စောင့်ဆိုင်းပြီးမှ တိုင်းတာပါ၊ ထို့နောက် ထွက်လာသော ရလဒ်များကို ပျမ်းမျှတွက်ချက်ပါ။
မှန်ကန်သော တိုင်းတာနည်းစနစ်များနှင့် မိမိ၏ သွေးဖိအား ကိန်းဂဏန်းများအကြောင်းကို သွေးဖိအားဆိုင်ရာ လမ်းညွှန် (Mayo Clinic Guide to Blood Pressure) မှတဆင့် အသေးစိတ် ထပ်မံလေ့လာနိုင်ပါသည်။
https://www.mayoclinic.org/diseases-conditions/high-blood-pressure/expert-answers/blood-pressure/faq-20058230
ဒေါက်တာတင့်ဆွေ

Comments
Post a Comment