Riboflavin ဗီတာမင် ဘီ-၂ (ရိုင်ဘိုဖလေဗင်)

ရိုင်ဘိုဖလေဗင် -ဆိုသည်မှာ လူသားတို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဘီဗီတာမင်အုပ်စုဝင် ဗီတာမင်တခု ဖြစ်ပါသည်။ ၎င်းသည် အခြားသောအကျိုးကျေးဇူးများအပြင် ခန္ဓာကိုယ်ကို စွမ်းအင်ပံ့ပိုးပေးသည့် ဆဲလ်လုပ်ငန်းဆောင်တာများကို ထောက်ကူပေးသဖြင့် ခန္ဓာကိုယ်အား ထိရောက်စွာ အလုပ်လုပ်နိုင်စေပါသည်။

ရိုင်ဘိုဖလေဗင်ကို ငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အသားနှင့် ကြက်ဥ၊ ဘဲဥကဲ့သို့သော အစားအစာအချို့တွင် သဘာဝအတိုင်း တွေ့ရှိနိုင်ပါသည်။ ထုတ်လုပ်သူများက ၎င်းကို အစားအသောက်အချို့တွင် ထည့်သွင်းဖြည့်စွက်ပေးလေ့ရှိကြပြီး ဖြည့်စွက်စာ (Supplement) ပုံစံဖြင့်လည်း ရရှိနိုင်ပါသည်။ ၎င်းဓာတ်၏ အများစုကို အူသိမ်ထဲတွင် စုပ်ယူပါသည်။

ရိုင်ဘိုဖလေဗင် ချို့တဲ့မှုမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သော်လည်း ချို့တဲ့ပါက နှုတ်ခမ်းကွဲခြင်းနှင့် ခံတွင်းရောင်ရမ်းခြင်းကဲ့သို့သော လက္ခဏာများ ဖြစ်ပွားစေနိုင်ပါသည်။ မိမိတို့၏ ရိုင်ဘိုဖလေဗင် မှီဝဲဆည်းပူးမှုပမာဏနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်တဦးဦးနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

ဗီတာမင် ဘီတူးသည် အောက်ပါအချက်များအတွက်လည်း မရှိမဖြစ် လိုအပ်ပါသည် -

ခန္ဓာကိုယ်တွင်းရှိ အမြှေးပါးများ (Mucous membranes) ကို ထိန်းသိမ်းခြင်း

အသည်း၏ လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းခြင်း

အမိုင်နိုအက်ဆစ်တမျိုးဖြစ်သော ထရစ်ပတိုဖန် (Tryptophan) ကို နိုင်ယာစင် (Niacin) အဖြစ်သို့ ပြောင်းလဲပေးခြင်း

မျက်စိ၊ ကြွက်သားများနှင့် အရေပြားကို ကျန်းမာအောင် ထိန်းညှိပေးခြင်း

သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် ဘီတွဲလ် (B12) နှင့် ဘီဆစ် (B6) တို့ကို စုပ်ယူခြင်းနှင့် လှုံ့ဆော်အသက်သွင်းပေးခြင်း

အက်ဒရီနယ်ဂလင်း (Adrenal glands) များမှ ဟော်မုန်းထုတ်လုပ်ခြင်း

မျက်စိအတွင်းတိမ် ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

သန္ဓေသားဖွံ့ဖြိုးမှု (အထူးသဖြင့် ဗီတာမင်ချို့တဲ့မှု အဖြစ်များသော ဒေသများတွင်)

ဗီတာမင် ဘီတူး ချို့တဲ့ခြင်း၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများ 

ဒေါင့်စွန်းနှုတ်ခမ်းနာခြင်း (Angular cheilitis) သို့မဟုတ် နှုတ်ခမ်းထောင့်များ ကွဲခြင်း

နှုတ်ခမ်းကွဲခြင်း

အရေပြားခြောက်သွေ့ခြင်း

ခံတွင်းနံရံမြှေး ရောင်ရမ်းခြင်း

လျှာရောင်ရမ်းခြင်း

ခံတွင်းအနာ (အပူနာ) များ ဖြစ်ခြင်း

နှုတ်ခမ်းများ နီမြန်းခြင်း

လည်ချောင်းနာခြင်း

ကပ်ပယ်အိတ် အရေပြားရောင်ရမ်းခြင်း (Scrotal dermatitis)

အကျိအမြှေးပါးများတွင် အရည်စုခြင်း

သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ

မျက်စိသည် စွဲကျိန်းသော အလင်းရောင်ကို မခံနိုင်ဖြစ်ခြင်း၊ မျက်စိယားယံခြင်း၊ မျက်ရည်ပူကျခြင်း သို့မဟုတ် မျက်စိသွေးကြောစုတ်၍ နီမြန်းခြင်း

တနေ့တာ မှီဝဲရန် အကြံပြုထားသော ပမာဏ (RDAs) များသည် လူတဦးချင်းစီ၏ အသက်အရွယ်နှင့် မွေးရာပါ လိင်အမျိုးအစားပေါ် မူတည်၍ ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အမေရိကန် အမျိုးသားကျန်းမာရေးသိပ္ပံ (NIH) က ရိုင်ဘိုဖလေဗင်အတွက် အောက်ပါအတိုင်း တနေ့တာမှီဝဲရန် အကြံပြုထားပါသည် -

အသက်အရွယ် တနေ့တာမှီဝဲရန် အကြံပြုချက်ပမာဏ (RDA)

၀ မှ ၆ လအထိ ၀.၃ မီလီဂရမ် (mg)

၇ မှ ၁၂ လအထိ ၀.၄ မီလီဂရမ်

၁ မှ ၃ နှစ်အထိ ၀.၅ မီလီဂရမ်

၄ မှ ၈ နှစ်အထိ ၀.၆ မီလီဂရမ်

၉ မှ ၁၃ နှစ်အထိ ၀.၉ မီလီဂရမ်

၁၄ မှ ၁၈ နှစ်အထိ ၁ မှ ၁.၃ မီလီဂရမ် (မွေးရာပါ လိင်အမျိုးအစားပေါ် မူတည်ပါသည်)

၁၉ နှစ်နှင့် အထက် ၁.၁ မှ ၁.၃ မီလီဂရမ် (မွေးရာပါ လိင်အမျိုးအစားပေါ် မူတည်ပါသည်)

ဘေးထွက်ဆိုးကျိုးများ

ရိုင်ဘိုဖလေဗင် ဘူးထရိတ် (Riboflavin butyrate) သည် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ရှိနိုင်သော်လည်း ၎င်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း မအီမသာဖြစ်ခြင်း၊ ဓာတ်မတည့်မှု ဖြစ်ခြင်း၊ ဆီးအရောင် အဝါရင့်ရောင်ပြောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ခေါင်းမူးခြင်း စသည့် ဘေးထွက်ဆိုးကျိုးများကိုလည်း ဖြစ်ပွားစေနိုင်ပါသည်။ အဆိုပါ ဘေးထွက်ဆိုးကျိုးများသည် ယေဘုယျအားဖြင့် ပြင်းထန်လေ့မရှိဘဲ သောက်သုံးမည့် ဆေးပမာဏကို ချိန်ညှိပေးရုံဖြင့် သက်သာပျောက်ကင်းသွားတတ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ