Cholesterol ကိုလက်စထော

မင်္ဂလာပါဆရာ ကျွန်မအမျိုးသားက အသက် ၃၀ ပါ ဆေးလိပ် အရက် မသောက်ပါဘူး။ တနှစ်တခါ medical checkup လုပ်ရာမှာ လွန်ခဲ့တဲ့နှစ်က စပြီး cholesterol များလို့ ဆိုပြီး အစားသောက်ရှောင်ဖို့ ပြောပါတယ်ဆရာ။ အမျိုးသားက အစားသောက်ဆင်ခြင်ဖြစ်ပါတယ်။ ဒီနှစ် Medical checkup အဖြေမှာလည်း cholesterol  များနေတာကြောင့် ၃ လ နေရင်တကြိမ်ပြန်စစ်ဖို့ ပြောလိုက်လို့ပါ။ ဒီလို cholesterol များနေတာကြောင့် ကြာရင် heart attack ဖြစ်နိုင် တယ်လို့ ပြောလာပါတယ် ဆရာ။ မျိုး ရိုးလိုက်တာဖြစ်နိုင် မလား အစားအသောက် ကြောင့်ပဲလား မသိလို့ နောက် ၃ လအကြာမှာ ပြန်စစ်ဖို့ ပြောပါတယ်။ အမျိုးသားရဲ့ cholesterol ပမာဏက စိုးရိမ်ရမဲ့အခြေနေဖြစ်နေပြီလားသိချင်ပါတယ် ဆရာ။ cholesterol  မကျသွားဘဲ ဒီတိုင်းဆက်များနေရင် ဘယ်လို အန္တရာယ်ဖြစ်နိုင်လဲရှင့်။ cholesterol ကျအောင် ဘယ်လို ဆင်ခြင် စားသောက်ပြီး ကုသ လို့ရနိုင်မလဲသိချင်ပါတယ်ဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါဦးရှင်။ ကျေးဇူးတင်ပါတယ် အဖြေစာရွက်ပုံလေးပါ ပို့လိုက်ပါတယ်ဆရာ အမှားပါသွားရင် ခွင့်လွှတ်ပါရှင် ဖေါင့်ပြောင်းပို့လိုက်ပါတယ်ဆရာ

ကိုလက်စထောများနေရင် နှလုံး အတက်ခ်ရစေနိုင်တယ်။ နှလုံးသွေးကြောကျဉ်းလို့ ရင်ပတ်နာတာဖြစ်တယ်။ အဆီစားများရင် အဲတာကို သွေးလွှတ်ကြောနံရံမှာလာစုနေလို့ အဲလိုရောဂါတွေဖြစ်စေနိုင်တယ်။ ကိုယ်အလေးချိန်များရင် ပိုဖြစ်တယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းရင် ပိုဖြစ်တယ်။ မျိုးရိုးအရပါလာတာကိုတော့ ရှောင်မရပါ။ များသူတွေဟာ အရွယ်ရောက်ချိန်ကတည်းက စဖြစ်တယ်။ ယောက်ျားတွေမှာ ကောင်းတဲ့ HDL အမျိုးသမီးတွေထက်နည်းတယ်။ အမျိုးသမီးတွေမှာ အသက်ရလာရင် ဆိုးတဲ့ LDL တက်လာတယ်။ အမျိုးသမီးအသက်မကြီးသူတွေမှာ ရွယ်တူ ယောက်ျားတွေထက် LDL နည်းတယ်။ ဒါပေမယ့် ၅၅ ကျော်ရင် ရွယ်တူယောက်ျားတွေထက် များလာတယ်။

အဆီနည်းတဲ့အစားအသောက်နဲ့ ကိုလက်စထောနည်းတဲ့ အစားအသောက် + ကိုယ်လက်လှုပ်ရှားမှု + ကိုယ်အလေးချိန် လိုအပ်ရင်လျော့ချတာတွေနဲ့ လူကောင်းလိုနေနိုင်တယ်။ တချို့ကတော့ ဆေးလိုမယ်။

ဘာမှမခံစားရလို့ အသက် ၂ဝ ကျော်သူ ကျား-မတိုင်း စစ်သင့်တယ်။ ကောင်းနေရင်လည်း ၅ နှစ်တခါစစ်သင့်တယ်။ Lipid profile lipoprotein profileလို့ ခေါ်တယ်။ ယောက်ျားဆို ၃၅ နှစ်ကျော်ရင်၊ မိန်းမဆိုရင် ၄၅ နှစ်ကျော်ရင် ပိုပြီးခပ်စိပ်စိပ် စစ်သင့်သေးတယ်။ စစ်ရင် -

1. LDL low-density lipoprotein cholesterol= ဆိုးတဲ့ကိုလက်စထော၊

2. HDL high-density lipoprotein cholesterol= ကောင်းတဲ့ကိုလက်စထော။

3. Triglycerides ထရွိုင်ဂလစ်စထွိုက် နဲ့

4. Total Cholesterol ကိုလက်စထောစုစုပေါင်းတွေကိုသိရမယ်။

1. LDL Cholesterol ကိုလက်စထောအဆိုး၊
• Less than 100 mg/dL = အကောင်းဆုံး၊
• 130 – 159 mg/dL = အကောင်း-အဆိုးကြား၊
• 160 – 189 mg/dL = မြင့်နေ၊
• 190 mg/dL and above = အတော်မြင့်နေ။

2. HDL Cholesterol ကိုလက်စထောအကောင်း
• 60 mg/dLနဲ့ အထက် ရှိသင့်တယ်၊
• ယောက်ျားတွေမှာ 40 mg/dLထက်နည်းပြီး၊
• မိန်မတွေမှာ 50 mg/dL ထက်နည်းနေရင် နှလုံးရောဂါဖြစ်လာမှာစိုးရတယ်၊
• 60mg/dL ထက်များရင် နှလုံးရောဂါကိုကာကွယ်ရာကျတယ်။

3.Triglycerides ထရွိုင်-ဂလစ်စထွိုက်စ်
• 150 mg/dL ထက်နည်းတာပုံမှန်၊
• 150 – 199 mg/dL နည်းနည်းများတယ်၊
• 200 – 499 mg/dL များတယ်၊
• 500 mg/dL or higher အလွန်များတယ်။

4. Total Cholesterol ကိုလက်စထောစုစုပေါင်း
• 200 mg/dL ထက်နည်းနေတာကောင်းတယ်၊
• 200 – 239 mg/dL နည်းနည်းများတယ်၊
• 240 mg/dL နဲ့အထက် များတယ်။

ကိုလက်စထောများနေရင် ဘာလုပ်ရမလဲ
တကယ်လို့ နှလုံးရောဂါ၊ သွေးကြောရောဂါရှိနေရင် LDL ကို 70 ထက်နည်းနေအောင် လုပ်သင့်တယ်။ ဆီးချိုနဲ့ တခြားရောဂါရှိနေသူတွေက LDL 100 ထက်နည်းနေသင့်တယ်။ နှလုံးရောဂါ၊ စထုပ််ခ်၊ အဖျားပိုင်း သွေးကြောရောဂါတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်။ ၁တသက်လုံးလူနေမှုပုံစံကိုပြောင်းပါ။ ၂လိုအပ်ရင် ဆေးသောက်နေပါ။ လူနေမှုပုံစံကောင်းဆိုတာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန် ထိန်းနေပါ။ ဆေးလိပ်မသောက်ပါနဲ့။

- ကျန်းမာရေးနဲ့ ညီညွတ်တာသာစားပါ။
- Unsaturated fats နဲ့ Cholesterol နည်းတာတွေသာစားပါ။
- အသီးအနှံနဲ့သစ်သီးတွေ စားပါ
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီရွေးစားသုံးပါ။ နှမ်းဆီ၊ အောလစ်ဖ်ဆီ၊ ပန်းနှမ်းဆီ၊ မြေပဲဆီ၊ ကင်နိုလာဆီတွေ သုံးပါ။
- ဖိုက်ဘာများတဲ့ အစားအစာစားပေးပါ။ ဘာလီ၊ အုတ်စပါး၊ ပန်းသီး၊
- အစေ့အဆံတွေစားပါ။ မြေပဲ၊ သစ်ကြားသီး၊ ဗာဒံစေ့၊
- ပဲသီးစားပါ။ ပဲအမျိုးမျိုးစားပါ။
- အသားတွေကရတဲ့အဆီကဆိုးတယ်ဆိုပေမဲ့ အားလုံးတော့ မဟုတ်ဘူး။
- မြင်ရတဲ့အဆီတွေ ဖယ်ထုတ်ထားတာရွေးပါ။ ကျော်မဲ့အစား ပြုတ်ပါ။
- ကြက်သားနဲ့ ကြက်ဆင်သားတွေကငန်းသားနဲ့ ဘဲသားအဆီထက် သက်သာတယ်။ အရေခွံမစားပါနဲ့။
- ပြုပြင်ထားတဲအသားတွေ ဥပမာ Sausage ဝက်အူတောင့်၊ Hot dogs ဟောဒေါ့ခ်၊ တွေမှာအဆီနဲ့ ဆားများတယ်။ ရှောင်ပါ။
- ကလီစာကို တခါတလေမှသာစားပါ။
- မာဂျရင်းက ထောပတ်ထက် အသင့်စားလို့ရတယ်။

- Statins ဆေးကိုအများဆုံးသုံးတယ်။ ဆေးကြောင့် ဗိုက်နာ၊ လေပွ၊ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းချုပ်၊ အသည်းထိခိုက်၊ ကြွက်သားတွေနာ၊ အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။ Atorvastatin Lipitorနဲ့ Rosuvastatin Crestorတွေက ပိုပြင်းတယ်။ Fluvastatin Lescol က သိပ်မပြင်းဘူး။

- Fibrates ဆေးက Triglyceride ကျစေတယ်။ ဒီဆေးကြောင့် ဝမ်းပျက်၊ ဗိုက်နာ၊ သည်းခြေကျောက်တည်၊ သွေးအားနည်း၊ သွေးကျဲဆေးတွေကိုပိုအားပေးတာတွေ ဖြစ်စေနိုင်တယ်။ gemfibrozil, Lopidနဲ့ fenofibrate Tricor, Fibricorတွေဖြစ်တယ်။

- Resins ဆေးကအသည်းကနေ ကိုလက်စထောကိုပိုအသုံးချစေမယ်။ ဒီဆေးကြောင့် ဝမ်းပျက်-ဝမ်းချုပ်၊ ဗိုက်မငြိမ်၊ ခေါင်းမူး၊ လေပွ၊ ရင်ပြည့်၊ ရင်ပူတာတွေ ဖြစ်စေနိုင်တယ်။

- Niacin ဆေးက Triglyceride ကိုနည်းစေပြီး၊ HDL ကိုများစေမယ်။ အသည်းထိခိုက်၊ ဗိုက်နာ၊ အရေပြားနီမြန်း၊ ယားယံ၊ ဆီးချိုတက်တာတွေ ဖြစ်စေနိုင်တယ်။

ကိုလက်စထောကျဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ အိပ်ချင်၊ အိပ်ရေးပျက်၊ ခေါင်းကိုက်၊ ပျို့၊ အန်တာတွေ ဖြစ်တတ်တယ်။ ဆေးတွေ တမျိုးကနေနောက်တမျိုး ပြောင်းပေးရတာလဲရှိတယ်။

ကိုလက်စထောများနေသူတွေကို ဆေးကုရတာ တယောက်နဲ့ တယောက် မတူပါ။ လူတိုင်းက ကိုလက်စထောကို ထုတ်ပေးနေပြီး ဒါကိုအသုံးပြုနေကြတယ်။ နှစ်နေရာလုံးမှာ မတူကြပါ။ ယောက်ျားတွေနဲ့ မိန်းမတွေကို ဆေးကုရတာ မတူဘူး။ ကိုလက်စထောများနေလို့ ချက်ချင်းစိတ် မပျက်ပါနဲ့ အမေရိကားမှာကိုယ်လိုလူမျိုးသန်း ၁ဝဝ ရှိနေတယ်။ ဒီလူတွေက Total cholesterol 200 mg/dLထက် များနေကြတယ်။ သူတို့ကိုဆေးကုတဲ့အခါ နှစ်ယောက်ထပ်တူတယ် ဆိုတာတောင် ရှားတယ်။ ဟော်တယ်တွေ၊ အနောက်နိုင်ငံတွေမှာ မနက်စာအဖြစ်စားသုံးလေ့များတဲ့ ဝက်ပေါင်ခြောက်က အဆီတွေများလို့ ဆိုးစေတယ်။ ချောကလက်ကိတ်မုံ့ကလဲ အတူတူဘဲ။ အရက်ထဲမှာလဲ ကလိုရီ နဲ့ သကြားဓါတ် မနည်းလှဘူး။ Triglyceride levels များစေနိုင်တယ်။

ဆီးချိုရောဂါရှိနေရင် Triglyceride levels များနေနိုင်တယ်။ ကိုယ်အလေးချိန်လျှော့ချပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ပိုလုပ်ပါ၊ ဖိုက်ဘာများများပါတဲ့ ပဲသီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ သိပ်ဖြူဆွတ်အောင်ချွတ်မထားတဲ့ အစေ့အဆံတွေ စားသုံးပါ။

HDL ကောင်းတဲ့ ကိုလက်စထောက 60 နဲ့အထက်ရှိနေရင် နှလုံးရောဂါကို ကာကွယ်ရာကျတယ်။ ဒီအမျိုးအစား နည်းနေတာဟာ မကောင်းပါ။ ယောက်ျားတွေဆိုရင် 40 mg/dL ထက်နည်းနေရင်၊ မိန်းမတွေဆိုရင် 50 mg/dL ထက် နည်းနေရင် မကောင်းပါ။ အုံးသီးဆံ၊ အုံးရည်တွေမှာ ဆိုးတဲ့ ကိုလက်စထောပါနေမဲ့ Saturated fat တွေပါတယ်။ သစ်ကြားသီးကို အသင့်အတင့်စားပေးပါ။ သူ့ထဲမှာ ဖိုင်ဘာနဲ့ အိုမီဂါ ၃တွေပါလို့ဖြစ်တယ်။ ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ ခေတ်ပေါ်အစားအစာ၊ သွားရည်စာတွေမှာ ဆားနဲ့ ကိုလက်စထော များတယ်။

Cholesterol ကိုလက်စထော https://dr-tint-swe.blogspot.com/2020/12/cholesterol.html
Cholesterol and food ကိုလက်စထောနဲ့ အစားအစာ https://dr-tint-swe.blogspot.com/2021/06/good-food.html
Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/10/saturated-fatty-acids-and-health-risks.html
Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) https://dr-tint-swe.blogspot.com/2021/07/chicken-eggs.html
Triglycerides ထရိုင်ဂလစ်စရိုက် အဆီများခြင်း https://dr-tint-swe.blogspot.com/2021/01/triglycerides.html
Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ https://dr-tint-swe.blogspot.com/2021/10/ischemic-heart-disease.html

Dr. တင့်ဆွေ

Comments

Post a Comment

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ