Melasma တင်းတိပ်

၁။ ဆရာ မင်္ဂလာပါရှင် ကျွန်မ အသက်၊ ၄၆ နှစ်ပါ။ မန္တလေး မြို့ကပါ။ မျက်နှာမှာ တင်းတိတ်ကျလာတာ ပိုပိုများ လာပါတယ်ဆရာ။ သူများပြောတဲ့လိမ်းဆေးများ ကြော်ငြာလိမ်းဆေးများ လိမ်းတာ ပိုများလာပါတယ်။ အရင်တခါ ဆရာ့အား မေးမြန်းဘူးပါတယ်။ ဆရာမှ Melasma တင်းတိတ် ဘလော့မှာဖတ်ရန် ညွှန်ကြား၍ ဖတ်သော်လည်း အင်္ဂလိပ်စာနှင့်ဆေးများကို သေချာစွာဖတ်ရှုနိုင်ခြင်းမရှိပါ။ သို့ပါ၍ လိမ်းဆေး သောက်ဆေးများကို ညွှန်ကြား ကူညီပေးစေလိုပါတယ်ရှင့်။ ကျေးဇူးတင်စွာဖြင့်။

၂။ ဆရာရှင့်ကျမ အသက် ၃၅ နှစ်ပါ။ ကျမ လွန်ခဲ့တဲ့ ၈ နှစ်၊ သားဦးကိုယ်ဝန်ဆောင်ထားချိန်မှာ ကျမရဲ့ ပါးနှစ်ဖက်မှာ တင်းတိတ် ထွက်လာတာ ပေါ်လိုက်ပျောက်လိုက်ပါဘဲ။ ကျမကရွှေပြည်နန်းသနပ်ခါး တမျိုးဘဲ အမြဲလိမ်းပါတယ်။ ကျန်တာဘာဆိုဘာမှ မလိမ်းပါဘူး။ တခြားတခုခုကိုလိမ်းမိရင်လည်း အဖုလေးတွေထွက်လာတတ်လို့မလိမ်းပါဘူး။ ယခု လုပ်ငန်းခွင်သွားရတော့ ပါးပေါ်ကတင်းတိတ်တွေက ပိုမဲပြီးပေါ်လာပါတယ်။ ဘယ်လိုပျောက်အောင်လုပ်သင့်ပါသလဲဆရာ။

အရေပြားမှာ အရောင်ရင့် အစက်-အကွက်တွေ ဖြစ်လာတာကို Hyperpigmentation လို့ခေါ်တယ်။ ဒီလို ဖြစ်တာတွေ ထဲမှာ မှဲ့ခြောက်၊ တင်းတိပ်စသဖြင့်ပါတယ်။ အရုပ်ဆိုးတာကလွဲရင် ဒုက္ခမပေးပါ။ ဖြစ်တဲ့နေရာမှာ အရောင်က လိုတာထက် ပိုရင့်နေတာပါ။ ဘာမဆို ပိုလဲမကောင်း၊ လိုလဲမကောင်းတာချည်းဘဲ။

Melanin (မယ်လနင်) အကြောင်းမပြောဘဲ ဆက်ရေးလို့ မရပါ။ အရေပြားကို အရောင်လုပ်ပေးထားတဲ့ ဆိုးဆေးပါ။ အသားညို၊ အသားမဲသူတွေမှာ သူကများနေတယ်။ အသားမဖြူသူတွေက ပိုကံကောင်းကြတယ်။ (မယ်လနင်) ကနေ နေရောင်ထဲပါတဲ့ ခရမ်းလွန်ရောင်ခြည်ရန်က အကာကွယ်ပေးနေတယ်။ အဖြူမတွေ Tan ဖြစ်အောင် အဝတ်အစားတွေ ချွတ်နိုင်သလောက် ချွတ်ပြီး နေရောင်ခြည်ချိုးနေကြရတယ် မဟုတ်လား။ (မယ်လနင်) က ဗက်တီးရီးယားနဲ့ မှိုပိုးကနေ အကာကွယ်တယ်။ အပူဒဏ်၊ ဓါတုဒဏ်တွေကနေလဲ ကာကွယ်မှုပေးတာမို့ Melanin ဟာ ခုခံမှုစနစ်ရဲ့ အပြင်ဆုံးခံတပ်လို့ ပြောနိုင်တယ်။ သူက ဆံပင်မှာလဲ ရှိတယ်။ (အဒြီနယ်-ဂလင်း) နဲ့ ဦးနှောက်ထဲမှာပါ ရှိတယ်။ Melanin မရှိသူတွေကို Albinism လူဖြူလို့ ခေါ်တယ်။ တကိုယ်လုံး အသားအရေ၊ ဆံပင်၊ မျက်လုံး၊ အားလုံး ဖြူဖွေးနေတဲ့သူတွေ။ မျိုးဗီဇ ပြဿနာတခုပါ။ Melasma (Chloasma faciei) ဆိုတာကို တင်းတိပ်လို့ ပြောရမယ်။

တရားခံနံပါတ်တစ်က နေရောင်ပါ။ UV rays ခရမ်းလွန်ရောင်ခြည်က ဖြစ်စေတာပါ။ ရောင်ရမ်းတာက နောက်အကြောင်းတရား။ ထိခိုက်၊ အနာဖြစ်၊ အပူလောင်၊ ဝက်ခြံပေါက်၊ နှင်းခူနာဖြစ်၊ Psoriasis လို အရေပြားနာ စတာတွေကြောင့်က တိုက်ရိုက်ဖြစ်ရတာမဟုတ်ဘဲ အနာကျက်ဘို့လုပ်ရင်း အညိုကွက်တွေ ဖြစ်လာတယ်။ တခြားလဲ ရှိနိုင်သေးပါတယ်။ Addison’s disease ဆိုတဲ့ Adrenal gland (အဒရီနယ်) အိတ် အားနည်းတဲ့ရောဂါမှာ ဖြစ်တယ်။ လည်ပင်ကြီးရောဂါရှိသူတွေမှာ ၄ ဆ ပို ဖြစ်ကြတယ်။

ယောက်ျားက ပိုပြီးနေရောင်နဲ့ထိရတာများပေမဲ့ အမျိုးသမီးတွေမှာ သိသိသာသာ ၉ဝ% အဖြစ်များတယ်။ ဟော်မုန်းက အဓိကကျလို့ပါ။ ယောက်ျား-မိန်းမမှာ ဟော်မုန်းတွေက ရှိကြပေမဲ့ အမျိုးသမီးတွေမှာ အပြောင်းအလဲက ပလူးပလဲဆိုရမလို လအစ၊ လအလယ်၊ လအဆုံး၊ အမြဲပြောင်းလဲနေတယ်။ ကိုယ်ဝန်တားဆေးတွေက ဟော်မုန်းတွေ ချည်းဘဲ။ အပျိုဘော် မဝင်သေးရင် အဖြစ်နည်းတယ်။ အိမ်ထောင်ကျ၊ ကိုယ်ဝန်ဆောင်၊ ကလေးဖွါး၊ သွေးဆုံး၊ ဟော်မုန်းတွေ ပြောင်းလဲမဆုံးပါ။ ကိုယ်ဝန်ရှိတဲ့အမျိုးသမီးကို မျက်နှာမြင်တာနဲ့ (မွေးတာ မဟုတ်သေးပါ) သိသာတယ်။ ကိုယ်ဝန်နဲ့အတူ အဲလိုဖြစ်လာတာကို Chloasma လို့ ခေါ်တယ်။ ကိုယ်ဝန်ဆောင်တို့ရဲ့ မျက်နှာဖုံးလို့ ခေါ်ကြတယ်။ အလှအပ အသုံးအဆောင်တွေကလဲ အဆင်မသင့်ရင် ဖြစ်နိုင်တယ်။ မျိုးရိုးကိုလဲ ၃ဝ% အပြစ်ရှာနိုင်ပါသေးတယ်။

ဒီရောဂါဟုတ်-မဟုတ် Wood lamp နဲ့ စမ်းရင် သိတယ်။ အမှန်အတိုင်း ဝန်ခံရရင် ပျောက်ဘို့ ခက်ပါတယ်။ ဖြစ်လာတာလဲ ဖြေးဖြေး၊ ပျောက်ဘို့ရာလဲနှေးနှေး။ ကြာပါလိမ့်မယ်။ မပျောက်တော့တာ ရှိသလို ပြန်ပေါ်တာရှိမယ်။ ကိုယ်ဝန်ကြောင့် ဖြစ်သူတွေ မွေးအပြီးမှာ သက်သာပျောက်ကင်း သွားတတ်ပါတယ်။ တားဆေးကြောင့်၊ ဟော်မုန်းဆေးကြောင့် ဖြစ်ရသူတွေလဲ အဲလိုပါဘဲ။

တင်းတိပ်ကိုကုသဘို့ အများဆုံးသုံးတာက လိမ်းဆေးနည်း၊ ဓါတုဆေးနဲ့ အပေါ်ယံခွာထုတ်နည်း၊ အနုနည်းနဲ့ အပေါ်ယံခွါနည်း နဲ့ လေဆာနည်းတွေ ဖြစ်ကြတယ်။ လေဆာဟာ ဦးစားပေးနည်း မဟုတ်ပါ။

လိမ်းဆေးနည်း၊

• Azelaic acid (Azelex, Finacea) ဖြစ်တယ်။ 15%-20% ကိုသုံးတယ်။ ယားနာ၊ နီတာ၊ အပေါ်ရေကွာတာ လောက်သာ ဘေးထွက်-ဆိုးကျိုးရှိတယ်။ ၁၄-၃ဝ ရက်အကြာမှာ သက်သာလာမယ်။

• Cryotherapy, Medium-depth chemical peels, Fraxel Laser treatment တွေနဲ့ကုတာ ဘာဖြစ်လာမလဲ အမှန်းရ မလွယ်လှပါ။ ဆရာဝန်တော်ဘို့လိုတယ်။ လူနာလဲ ကံကောင်းဘို့လိုတယ်။

• Fluocinolone Acetonide ဆေးကတော့ (ကော်တီကိုစတီရွိုက်) ဖြစ်တယ်။ အရောင်လျှောစေမယ်၊ ယားတာ သက်သာမယ်၊ သွေးကြောတွေကျဉ်းစေမယ်။ ဆေးတွေနဲ့မတည့်သူ၊ မျက်စိမှာ ဗိုင်းရပ်စ်ဝင်နေသူ၊ herpes simplex keratitis, vaccinia, and varicella, mycobacterial infections မျက်စိရောဂါတွေကို မသုံးရပါ။ တနေ့မှာ ၂-၄ ကြိမ် လိမ်းပါ။ ၃-၆ လအထိကြာနိုင်တယ်။ နောက်ပိုင်းမှာ တပတ် ၃ ကြိမ်သာလိမ်းခိုင်းတယ်။ မျက်နှာ၊ ပေါင်ခြံ၊ ချိုင်းနေရာတွေဆိုရင် ဆရာဝန်ကမညွှန်ဘဲ မလိမ်းသင့်ပါ။ မျက်စိထဲမဝင်စေရ။ ဆေးအထူကြီး မလိမ်းရ။ လိုအပ်ရင် ဆေးလိမ်းပြီး အပေါ်ကဖုံးထားရမယ်။

• Hydroquinone (HQ) 2-4% ကို အများသဘောတူထားတယ်။ (Alphaquin HP, Alustra, Eldopaque, Eldopaque Forte, Eldoquin, Eldoquin Forte, Esoterica, Esoterica Sensitive Skin, Glyquin, Glyquin-XM, Lustra, Melanex, Melanol, Melpaque HP, Melquin HP, Melquin-3, Nuquin HP, Solaquin, Solaquin Forte, Viquin Forte) နာမယ်တွေနဲ့လာတယ်။ ဂရုတစိုက်တော့ လိမ်းရပါမယ်။ အရေပြားချွတ်ဆေးလို့ ခေါ်ကြတယ်။ ဆေးဖြတ်လိုက်ရင် နဂိုသဘောပြန်ဖြစ်ပါတယ်။

• Kligman formula ဆိုတာ (Fluocinolone acetonide 0.01% + Hydroquinone 8% + Tretinoin 0.1%) ဖြစ်တယ်။ (SPF) နေ့စဉ် နေရောင်ကာကွယ်နည်းဖြစ်တယ်။ ဖြစ်နေတဲ့နေရာကို Zinc oxide နဲ့ Titanium dioxide ဆေးတွေနဲ့ဖုံးပေးပြီး နေရောင်ထဲက UV rays (UV-A and UV-B) ကို ကာကွယ်ပေးတယ်။

• Tretinoin (Avita, Retin-A) 0.025%, 0.05% 0.1% cream; 0.01%, 0.025%, 0.1% gel; 0.05% solution ခရင်မ်၊ ဂျဲလ်၊ အရည်။ ဗီတာမင် (အေ) ပါတယ်။ နေလောင်လို့ အရေပြားပျက်စီးတာကို သက်သာစေမယ်။ ဝက်ခြံအတွက်လဲ သုံးတယ်။ အရေးအကြောင်းတွေလဲ သက်သာစေတယ်။ အရေပြား အနေရခက်ပြီး ကွာကျတတ်တယ်။

• Tri-Luma ဆေး ၃ မျိုးတွဲဆိုတာ (Fluocinolone acetonide 0.01% + Hydroquinone 4% + Tretinoin 0.05%) ၃ မျိုး ရောထားတာဖြစ်တယ်။ ၆-၈ ပါတ်အထိသုံးရတာများတယ်။ ဆရာဝန်က မခိုင်းဘဲ ဒိထက်တော့ ပိုမသုံးသင့်ဘူး။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ မသုံးသင့်ပါ။ Triple Combination Cream (Hydroquinone 4%, Tretinoin 0.05%, and fluocinolone acetonide 0.01%) ၃ မျိုးတွဲလိမ်းဆေး တနေ့ ၂ ကြိမ်လိမ်းရတယ်။ FDA ကနေ လက်ခံတားတယ်။

Lasers လေဆာနည်း

လေ့လာမှုတွေအရ ရလဒ် အကောင်းချည်း မဟုတ်တာ တွေ့ရတယ်။ တချို့မှာ နည်းနည်းကောင်းလာတယ်။ တချို့ မထူးတာလဲ ရှိတယ်။ ကုသမှုခံယူနေရင်း ဆိုးလာတတ်တယ်။ သိသာတဲ့ရလဒ် မြင်လာအောင် ကြိမ်ဖန် များစွာလုပ်ဘို့ လိုနိုင်တယ်။ ဆေးကုနေရင်း ပြန်ဖြစ်တာမျိုး ဆိုရင်တော့ လေဆာနည်း သုံးသင့်တယ်။ ဆက်မလုပ်လို့ ပိုဆိုးစေမယ်လို့ မယူဆပါ။

Chemical peels (Chemical exfoliation) ဓါတုဆေးနဲ့ အပေါ်ယံခွာထုတ်နည်း

30%-70% Glycolic acid peels ကိုသုံးတာများတယ်။ တချို့က 10% Glycolic acid + 2% HQ တွေရောသုံးတယ်။ Microdermabrasion နည်းကတော့ Vacuum suction လေဟာနယ်စုပ်နည်းနဲ့ Diamond chips ဖြစ်ဖြစ် Aluminum oxide crystals ဖြစ်ဖြစ်သုံးပြီး ခြစ်ထုတ်ပေးတယ်။

2% Hydroquinone (HQ) creams ကိုအများဆုံးသုံးတယ်။ ဆေးနာမည်တွေက Esoterica နဲ့ Porcelana ဖြစ်တယ်။ Obagi Clear, Glyquin, Tri-Luma နဲ့ Solaquin တွေက 4% creams ဖြစ်တယ်။ အရောင်ရင့်တဲ့ နေရာကို တနေ့ ၂ ကြိမ် လိမ်းရတယ်။ ညနေခင်းမှာ ဆေးပေါ်ကနေ Sunscreen လိမ်းသင့်တယ်။ ဒီဆေးနည်းက Epidermal type အမျိုးအစား ပိုကောင်းတယ်။

နောက်လိမ်းဆေး တမျိုးကတော့ Hydroquinone, Azelaic acid, and Retinoic acid (Tretinoin) တွေ ရောထားတာ ဖြစ်တယ်။ (2% Kojic acid in a gel containing 10% Glycolic acid and 2% Hydroquinone) ၃ မျိုး ရောထားတာလဲရှိတယ်။

ဆိုးတဲ့ တင်းတိပ်ကို HQ % များများနဲ့ Tretinoin + Corticosteroids + Glycolic acid တွေရောထားတဲ့ဆေးမျိုး သုံးနိုင်တယ်။

Fluocinolone acetonide/Hydroquinone/Tretinoin ခေါ်တဲ့ဆေး ၃ မျိုးတွဲလိမ်းဆေးကို Tri-Luma, Triglow နာမည်တွေနဲ့လာတယ်။ Melasma တင်းတိတ်အတွက်သုံးတယ်။

တင်းတိပ်ဖြစ်ခြင်း အချုပ်

အသက် ၂ဝ-၅ဝ အရွယ် အမျိုးသမီးတွေမှာ အဖြစ်များတယ်။ အရောင်ညိုနေမယ်။ ခပ်ပြာပြာ၊ မီးခိုးရောင်လဲ ရှိတယ်။ မျက်နှာ အလည်ခေါင်၊ ပါးရိုးနဲ့ မေးရိုးတွေမှာ အဖြစ်များတယ်။ နေရာင်၊ မျိုးရိုး၊ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ဖြစ်စေတယ်။ Hydroquinone ဆေးကို အများဆုံး သုံးတယ်။ နေရောင်ဒဏ်ကနေ ကာကွယ်တာ ကောင်းစေတယ်။ သူ့အလိုလိုပျောက်နိုင်တာလဲ ရှိတာသတိပြုပါ။ Sunscreen လိမ်း၊ နေရောင်မထိအောင် ရှောင်နေတာနဲ့ ပြန်ကောင်းတာ ရှိတယ်။ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတာနဲ့ ပျောက်သွားတယ်။ တချို့မှာ ကိုယ်ဝန်တာဆေး ဖြတ်တာနဲ့ ပြန်ကောင်းတယ် ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်နေချိန်တွေမှာ တင်းတိပ်ကို ဆေးမကုဘဲနေသင့်တယ်။ ဆေးကုနည်းတွေက အရာရာကို အာမမခံနိုင်ပါ။ ကုသနေရင်း ပိုဆိုးလာတာလဲ ဖြစ်တတ်တယ်။

တင်းတိတ်ကုသနည်း အချုပ်

• ဟော်မုန်းပါကိုယ်ဝန်တားဆေးဖြတ်ပါ။

• နေရောင်ကိုတသက်လုံးကာကွယ်ပါ။ ထီးနဲ့ မျက်နှာတခုလုံးနေလုံတဲ့ဦးထုပ်။

• SPF 50+ sunscreen နေရာင်ကာအပြင်းစားကို နေ့စဉ်သုံးပါ။ နွေနေရောင်နဲ့တွေ့ရင် ၂ နာရီတခါလိမ်းပါ။ နေရောင်ကာပါတဲ့မိတ်ကပ်လည်းသုံးနိုင်တယ်။

• မျက်နှာသန့်ဆေး အပျော့စားသုံးပါ။

• အရေပြားကခြောက်တဲ့အမျိုးအစားဆိုရင် light moisturizer အပျော့စားသုံးပါ။

Topical therapy လိမ်းဆေးများ

• Tyrosinase inhibitors ဆေးအမျိုးအစားကအဓိကကျတယ်။

• Hydroquinone 2–4% cream or lotion ညအချိန်လိမ်းပါ။ ၂-၄ လ။ ၂၅% မှာ အရေပြားတာဖြစ်လာတတ်တယ်။ အပြင်းစားကို တာရှည်မသုံးသင့်ပါ။

• Azelaic acid cream, lotion or gel ကိုယ်ဝန်ဆောင်နေရင် တနေ့ ၂ ကြိမ်လိမ်းပါ။

• Kojic acid or kojic acid dipalmitate ကိုလည်းသုံးနိုင်တယ်။

• Ascorbic acid (vitamin C) ဗီတာမင်စီလည်းသောက်ပါ။

• Methimazole (antithyroid drug) cream ကိုလည်းသုံးနိုင်တယ်။

• Topical corticosteroids such as hydrocortisone ဆေးလိမ်းနိုင်တယ်။ ဘေးထွက်ဆိုးကျိုးသတိထားရမယ်။

• Soybean extract ပဲပုပ်ကနေထုတ်တဲ့ဆေးလည်းသုံးနိုင်တယ်။

• Tranexamic acid cream လိမ်းနိုင်တယ်။

• Topical alpha hydroxyacids လိမ်းနိုင်တယ်။

• Topical retinoids (tretinoin) လိမ်းနိုင်တယ်။

• Salicylic acid လိမ်းနိုင်တယ်။

• (Hydroquinone + tretinoin + topical steroid) ဆေး ၃ မျိုးရောထားတာက အထိရောက်ဆုံးဖြစ်တယ်။

ကျွန်တော်ရေးတဲ့ ဆေးပညာစာတွေမှာ အင်္ဂလိပ်စာလုံးလေးတွေပါတယ်။ ဆောရီး။ မဖတ်လိုသူတွေက ကျော်ဖတ်လို့ ရပါတယ်။ ရောဂါအမည်တွေနဲ့ ဆေးအမည်တွေကို မူရင်းစာလုံးနဲ့သာရေးမှ မှန်ကန်မယ်။ အဲတာတောင် စာလုံးလေး တလုံးလွဲရင် မတူတော့ပါ။ ကျွန်တော်က ဆေးပညာစာတွေသာရေးပါတယ်။ မမြင်ရ မစမ်းရသူကို အဝေးကနေ ဆေးကုသလို မလုပ်အပ်ပါ။

ဒေါက်တာတင့်ဆွေ

၂၈-၇-၂၀၁၇

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ