Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ
(၁) သွေးတိုးရောဂါ (Hypertension)
(၂) သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
(၃) ဆေးလိပ်သောက်ခြင်းတို့ဖြစ်ပါတယ်။
နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့
• ဆီးချိုသွေးချိုရောဂါ
• စိတ်ဖိစီးမှုများခြင်း
• အဝလွန်ခြင်း
• လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်းတို့ဖြစ်ပါတယ်။
အဲဒီအကြောင်းတွေကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး ကျဉ်းမြောင်းလာပါတယ်။ အနည်ကျ စုပုံတဲ့အထဲမှာ ကိုလက်စထရော၊ ကယ်လ်စီယမ်၊ ဆဲလ်သေအစအနတွေ၊ သွေးမွှားဥများများ ပါဝင်ပါတယ်။ အနည်ကျစုပုံခဲဟာ သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တနေရာတွင် ပိတ်မိတတ်ပါတယ်။ နှလုံးသွေးကြောမှာ ပိတ်မိရင် နှလုံးပုပ်ခြင်း၊ ဦးနှောက်သွေးကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
Angina Pectoris နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ
• ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနဲ့ ဘယ်ဘက်လက်မောင်း၊ လည်ပင်းနှင့် မေးစေ့တဝိုက် ပျံ့နှံ့နာကျင် တတ်တယ်။ ရင်ဘတ်အောင့်ခြင်းဟာ ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့် (၃ဝ) ကနေ (၅)မိနစ်ထိ ကြာတတ်ပါတယ်။
• အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
• ပျို့အန်ခြင်း၊
• အလွန်အမင်း ချွေးထွက်လာခြင်း၊
• ရင်ဘတ်အောင့်ခြင်း မသက်သာပါရင် နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်ပါတယ်။
ရောဂါစမ်းသပ်စစ်ဆေးချက်များ
• Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
• Cardiac Catheterization ပိုက်အသေးစား တမျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး ဆိုးဆေးတမျိုး ထုတ်လွှတ်ပြီး ဓါတ်မှန်ရိုက်ကြည့်ခြင်း၊
• ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
• သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊ တို့ ပြုလုပ်ရန် လိုအပ်ပါတယ်။
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်
• Nitrates (Nitroglycerin), Betablockers (Propranolol, Metoprolol.), Calcium channel blockers (Amlodipine, diltiazem.) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊ အောက်စီဂျင်လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ
• သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ Aspirin (Aspilet) ဆေး၊
• သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ Statins (Atorvastatin, Simvastatin) ဆေး၊
• ခွဲစိတ်ကုသမှု-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများ။
လိုက်နာရမည့်အချက်များ
• တိရစ္ဆာန်အဆီများ၊ အမဲသား-ဝက်သား-ဆိတ်သား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ
• ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်
• သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်
• သွေးတိုးနှင့် ဆီးချိုသွေးချိုရောဂါရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာရန်
• စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်။
• ကိုယ်အလေးချိန် လျှော့ချပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment