Doctor-patient relationship (2) ဆရာ-လူနာ ဆက်ဆံရေး (၂)
မာဃဒေဝဆုံးမစာထဲကပါ။ ပေါ်ဆီတက်ရဲ့သဘောအဓိပ္ပါယ်ကို တွေးကြည့်လို့ ရသလောက်တော့ ရေးပါရစေ။ ပေါ်ဆီတက်ကို ဆန့်ထုတ်ကြည့်ရင် အပေါ်ကို အဆီကအထက်လာတာ။ အပေါ်ဆိုတာ အောက်ကဟာထက်သာတယ်။ အဆီက အထက်ကနေတယ်။ တက်လာတယ်ဆိုတာလဲ အမြင့်ရောက်လာတာ။ ဆိုတော့ အကောင်းဘက်တွေချည်း ဖြစ်တယ်။ သူ့အတိုင်းထက် ကျိုချက်စတဲ့ အားထုတ်မှု တခုခုလုပ်ပေးရင် ပိုကောင်းတာ၊ ပိုပြီး အာနိသင်ရှိတာကို ရစေတယ်။ အဲလိုရလာတာကို အဆီအနှစ်ထုတ်ယူတယ်လို့ ပြောနိုင်တယ်။ ဆီ၊ အဆီဆိုတာ ပေါ့ပါးလို့ အပေါ်တယ်တယ်။ နောက်တမျိုးလဲ အတွင်းထဲ၊ အောက်ထဲကနေ အထက်၊ အပေါ်၊ အပြင်ကို ထွက်လာတာလဲ အဆီအနှစ်ခေါ်တယ်။ သစ်ပင်ကနေ အစေးထွက်တာလဲ ဒီသဘောဘဲ။ လူ့မလိုင်ဆိုတာတော့ သိကြတဲ့အတိုင်းဘဲ။ သူများအထက်က နေရာရသူ၊ နေရာယူနိုင်သူ၊ နေရာယူချင်သူ။ ပြုပြင်စီရင်တာ လုပ်ပြီးမှ၊ ရလာ၊ ထွက်လာတဲ့ အကျိုးတခုဟာ အကောင်းဆုံးအရာ၊ ဒါမှမဟုတ် လိုချင်တာ ရလာစေတဲ့ သဘောဖြစ်တယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ဆေးတွေမှာ Forte ဆိုတာပါရင် အထူးလုပ်ထားကို ဆိုလိုတယ်။
ဆရာရဲ့လူနာဆရာဆက်ဆံရေးအကြောင်းဖတ်ပြီး၊ The Voice က အင်တာဗျူးကို ဆရာဘယ်လို မှတ်ချက်ပြုမလဲဆိုတာ သိချင်လာပါတယ်။ Link ပေးလိုက်ပါတယ်။
ပေးတဲ့ လင်ခ်ကိုရှာဖတ်ပါတယ်။ အူအတက်ရောဂါ နှစ်ခါခွဲစိတ်ကုသရတာနဲ့ လူနာကွယ်လွန်သွားရရှာတဲ့သတင်းကို ရေဒီယိုနဲ့ အင်တာနက်ကတဆင့် ကြားရ၊ ဖတ်ရပါတယ်။ လက်လှမ်း မီသလောက်ပေါ့။ မေးလာလို့တော့ ဖြေရမဲ့ တာဝန်ရှိတာမို့ ပြန်ဖြေပါမယ်။
ကျွန်တော့်မှာ နိုင်ငံရေးစည်းကမ်းတခုရှိတယ်။ ကိုယ့်အဖွဲ့အစည်းတွင်းကိစ္စမျိုးကို အပြင်ကို ထုတ်ပြောသင့်မှပြောရမယ်။ ဒီသတ်မှတ်ချက်မှာ အားကောင်းချက်ရှိသလို နစ်နာမှုလဲဖြစ်ရတာ ကိုယ်တွေ့ခံခဲ့ရတယ်။ ကိုယ့်ဘက်က ဘာမှမပြောတော့ တဘက်ကပဲ ပြောချင်ရာပြောတာတွေကို တချို့မီဒီယာတလည်း သတင်းလုပ်တယ်။ ကြားတဲ့သူတွေ အကုန်မဟုတ်တောင် တဝက်လောက် ယုံသွားရင် မပြောသူမှာ အတော်နစ်နာတယ်။ မတတ်နိုင်။ ကိုယ်တွေ့ခံခဲ့ရတယ်။
အဖြစ်အပျက်ကို အစအဆုံးတော့ မသိပါ။ ဒီအဆင့်လောက်သာသိသူကနေ ဝေဖန်သမှုပြုရင် အားလုံး မမှန်နိုင်တာတော့ သေချာတယ်။ နှာစေးနေတာတော့ မဟုတ်ပါ။ ဖေးဖေးမမ ထောက်ပြမိရင် နစ်နာစေးမှာ မဟုတ်ပေမဲ့၊ ဘက်လိုက်မှု ဖြစ်သွားရင် မကောင်းတော့ပြန်ပါ။ အထင်နဲ့ဝေဖန်မိရင် ခံရသူကို ဝါးကူထိုးရာကျနေမယ်။
သေချာတာသာပြောပါရစေ။ ဒီလိုအဖြစ်မျိုး ဖြစ်တတ်ပါတယ်။ အခုမှ မဟုတ်သလို နောင်လဲ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာသာ ဖြစ်တတ်တာ မဟုတ်ပါ။ ဒီသတင်းမျိုးကို လူသိအောင်လုပ်တာရဲ့ ရည်ရွယ်ချက်တခုဟာ နောင် မဖြစ်စေအာင် ကူညီရာကျသင့်ပါတယ်။ တခါလောက် မမှန်တာလုပ်မိသူတိုင်း တသက်လုံး အမှားတွေချည်း ဆက်မလုပ်ကြပါ။ လူ့သဘောဖြစ်ပါတယ်။ Scoop သတင်းတချို့က ပြင်ပေးရာမကျပဲ ပိုဆိုးစေနိုင်တယ်။
Medical malpractice ဒါမှမဟုတ် Professional negligence လို့လဲခေါ်တဲ့ ဆေးကုသရာမှာ မမှန်မကန်လုပ်မိတာ၊ ပေါ့ဆတာတွေကို ကျွန်တော်တို့ဆီမှာ တားမြစ်ထားတာတွေ ရှိနေပြီးသားတော့ ဖြစ်ပါတယ်။ ထုတ်ဖေါ်ရေးသားတာ၊ တိုင်တန်းတာ၊ တင်းကျပ်မှုလုပ်တာ၊ စစ်ဆေးအရေးယူတာတွေကတော့ အတိုင်းအတာတခုအထိသာ ရှိပါသေးတယ်။ အားနည်းနေတာတွေက စနစ်ကြီးတခုလုံး၊ လူမှုအသိုင်းအဝိုင်းကြီးတခုလုံးနဲ့ ဆိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးနဲ့ဆိုင်တဲ့ တရားဥပဒေပိုင်းဟာ ကျွန်တော်တို့တိုင်းပြည်မှာ အလွန်မတန်အားနည်းနေသေးတယ်။
ဆေးကုသရေးမှာ ကောင်းသထက် ကောင်းစေဘို့ဆိုတာ Medical education ဆေးပညာသင်ကြားရေး၊ Entry-level education ကနဦးဆေးပညာဘွဲ့၊ နောက်ပြီး Postgraduate education ဘွဲ့လွန်၊ အထူးကုနဲ့ ဒီခေတ်မှာ မရတော့ပါ။ Continuing medical education ဆက်လက်သင်ကြားရေး၊ Online learning အွန်လိုင်း သင်ကြားရေးဆိုတာတွေနဲ့ စဉ်ဆက်မပြတ် လေ့လာသမှု ပြုနေကြရပါတယ်။
ယူကေနိုင်ငံမှာ Quality assurance of undergraduate medical education အရည်အသွေးအာမခံတဲ့ ဘွဲ့ကြို ဆရာဝန်တွေ မွေးထုတ်တယ်။ Vocational training အလုပ်လုပ်ရင်း ဆေးပညာဆက်သင်စေတယ်။ ယူအက်စ်အေ မှာ Medical school ဆေးကျောင်း၊ Internship အလုပ်သင်ဆရာဝန်၊ Residency အထူးကု၊ Fellowship တကယ့် အထူးကုဖြစ်တဲ့ နောက်မှာတောင်မှ လုပ်ရသေးတဲ့ Board certification ဆိုတာ Continuing medical education ဆက်လက်သင်ကြားရေး ဆိုတာထားသေးတယ်။
သူများတိုင်းပြည်တွေမှာ ဆေးပညာတွေ ဘယ်လောက် တိုးတက်ကောင်းမွန်နေပေမဲ့ လူအများစုအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ တရားမမျှတမှုတွေ၊ ဒီမိုကရေစီမကျတာတွေ အများကြီးရှိနေကြတယ်။ ဗမာပြည်မှာ ဝေဒနာသည် အများကြီးကတော့ အပြစ်တင်စရာ အနားမှာသားဖွါးဆရာမတောင်မှ မရှိကြပါ။ မီဒီယာကလဲ လမ်းမပေါက်တဲ့ဆီ မရောက်နိုင်ကြသေးပါ။ ကိုယ့်နိုင်ငံအတွက် ကောင်းတာ၊ မှန်တာ၊ တရားမျှတတာတွေ ဖြစ်စေဘို့ ကိုယ့်အခြေခံ၊ ကိုယ့်ပေတံနဲ့ ကိုယ်တိုင်ကြိုးပမ်းကြရပါလိမ့်မယ်။ အားလုံးကလုပ်မှရမယ်။ အဲလို လုပ်ခွင့်လဲရှိရမယ်။
သမားဆို အိုမှဆိုသလို အတွေ့အကြုံကနေ ရင့်ကျက်မှုရစေတာတော့ မှန်တယ်။ သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက် သစ်ပင် ဆေးဘက်ဝင်၏ဆိုတာမျိုးကို ဆေးပညာပါရဂူဘွဲ့ ရထားသူတိုင်းကနေတော့ မဖြစ်စေနိုင်လောက်ပါ။
ဓါတ်ပုံ = နွယ်မြက်သစ်ပင်တွေ ဆေးဘက်မဝင်နိုင်တော့တဲ့ ပုလဲမှာကျန်ရစ်တဲ့ဆေးခန်းလေး
ဒေါက်တာတင့်ဆွေ
Comments
Post a Comment