Doctor, Relatives and Relativity ဆရာဝန်တွေက သူတို့ဆွေမျိုးကို ဆေးကုရင်
ဆရာဝန်တွေ ဆွေမျိုးကို ဆေးကုရင် (၁) ကိုဖတ်ပြီး အတွေးတွေပွားရပါတယ်ဆရာ။ မင်းဘက်ကကြည့်တော့ လက်ဖဝါး ငါ့ဘက်ကကြည့်တော့ လက်ဖမိုး-ဆိုသလိုပေါ့။ ဘယ်သူမှားပါတယ်လို့ ပြောလို့မရသလို ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်။ ဒါအမှန်တရားပဲ မဟုတ်လားဆရာ။
“တဘက်က ကြည့်တော့ လက်ဖဝါး နောက်တဘက်က ကြည့်တော့ လက်ဖမိုး” ဆိုတာ ပြောကြတယ်။ သူလဲ မမှား၊ ကိုယ်လဲမှန်ဆိုတဲ့ သဘာကောင်းမှုထက် ကျော်လွန်ကြည့်ရအောင်ဗျာ။ “လက်ဟာ လက်” လို့အထိမှာတင် ရပ်နိုင်ရင် ဘက်ဆိုတာ နှိုင်းနေတာသာဖြစ်တာ သိလာမယ်။
ဆရာဝန်ဖြစ်စက တောနယ်တခုမှာ ဆရာတော်တပါး မေးတာ ခံရဘူးတယ်။ “စစ်ကိုင်းတံတားက အသွားလမ်းလား၊ အပြန်လမ်းလား” တဲ့။ မန္တလေး ဆေးကျောင်းသားလဲ ဖြစ်ဘူး၊ စစ်ကိုင်း ဆေးရုံမှာလဲ တာဝန်ကျဘူးတဲ့ ဒကာလေးခင်မျာ ဘုန်းကြီးကျောင်းထဲမှာ ထိုင်နေပါလျှက်နဲ့ လူက (စိတ်က) စစ်ကိုင်းပြေးလိုက်၊ မန္တလေးပြေးလိုက်၊ ချွေးသာပြန်တယ်၊ အဖြေမှန် မထုတ်တတ်ခဲ့ပါ။
“အတွေးပွားတယ်” ဆိုတာ ကျင့်စဉ်တခုလိုဘဲ။ နောက်ဆိုရင် အဆင့်တက်လာလိမ့်မယ်။ ချွေးပြန်အောင် တွေးနေသူကို ဆရာလုပ်သူကနေ တောင်ဝှေးနဲ့ ရိုက်လိုက်လိမ့်မယ်။ ရုတ်တရက် ရပ်လိုက်တာနဲ့ အတွေးသမားရဲ့ ဉာဏ်ထဲမှာ ဖြတ်ကနဲ တခုခုရလိုက်ရင် တခန်းရပ်သွားပြီ။ တဆင့်တက်ပြီ။ မရသေးရင် နောက်တနည်း လာလိမ့်မယ်။
လက်ကို ဟိုဘက် ပြေးကြည့်လိုက်၊ ဒီဘက်က ပြန်ကြည့်လိုက်နဲ့ ခရီးလဲပန်း၊ စိတ်လဲနွမ်းလှတယ်။ တင်ကူးစိတ်နဲ့ အတိတ်ဟောင်းအတွက် အဝေးကြီးခရီး ခေါက်တုံ့ခေါက်ပြန် သွားနေတတ်ကြတယ်။ ဘယ်သူက အသွားခိုင်းသလဲ။
“ငါသည် ရပ်နေ၏၊ သင်သာရပ်လော့” လို့ လက်ညှိုးဖြတ်ဘို့ ပြေးလိုက်နေသူကို မြတ်စွာဘုရားရှင်က မိန့်တော်မူဘူးတယ်။
“မေးခွန်းတွေဖြေရင် မှန်သားကြေးမုံမှာ ပေါ်တဲ့အတိုင်းသာဖြေရမယ်” လို့ သင်ပေးတယ်။ တစိုးတစိမှ အပိုရော အလိုရော ကင်းနေတာ ပြောတာ။ ဖြည့်ပေးတာ သဘောကောင်းတယ်လို့ အရပ်ပြောတော့ ရှိတယ်။ ရောဂါကို စစ်တာမှာ သွားသာ ဖြည့်လိုက်ရင် တက်တက်စင်လွဲရော။
ဆေးကုရာမှာ ကိုယ့်အမျိုးအရင်းတွေကို ကိုယ်တိုင်ဆေးမကုဘို့ ဆရာဝန်တွေကို လမ်းညွှန်တားမြစ်ထားတယ်။ လူဆိုတာ ဘက်လိုက်တတ်ကြတယ်။ နည်းနည်းနဲ့ များများတော့ ကွာတယ်။ လူတိုင်းက တည့်တည့် မကြည့်တတ်ဘူး၊ လူတိုင်းက စိတ်လှုပ်ရှားတတ်ကြလို့ သတ်မှတ်ချက် လုပ်ထားရတယ်။
• Doctors 'should avoid treating family' http://news.bbc.co.uk/2/hi/health/8316142.stm
• Why doctors shouldn't treat family members http://thechart.blogs.cnn.com/.../why-doctors-shouldnt.../
• Doctors should not treat family http://www.healthcare-today.co.uk/content.php...
ခေါင်းကိုက်တာ၊ အအေးမိတာလောက်ကို ပြောတာတော့ မဟုတ်ပါ။
Dr. တင့်ဆွေ
၂၆-၁၂-၂၀၁၀

Comments
Post a Comment