ပဲအမျိုးမျိုး၏ ကျန်းမာရေးကောင်းကျိုးများ
ပဲအမျိုးမျိုးသည် ကာဗိုဟိုက်ဒရိတ်ဓာတ် (Complex carbohydrates) နှင့် အမျှင်ဓာတ် (Soluble and insoluble dietary fiber နှစ်မျိုးစလုံး) ကြွယ်ဝစွာ ပါဝင်သည့်အပြင်၊ အပင်မှရရှိသော ပရိုတင်းဓာတ် (Plant-based protein) လည်း ကောင်းမွန်စွာ ပါဝင်သဖြင့် အသားအစားထိုး အစားအစာတမျိုး ဖြစ်စေပါသည်။
ပဲသုတေသနအဖွဲ့ (Bean Institute) ၏ ဖော်ပြချက်အရ ပဲများတွင် အလေးချိန်အားဖြင့် ၂၁% မှ ၂၅% ခန့်အထိ ပရိုတင်းဓာတ် ပါဝင်ပြီး၊ ၎င်းပမာဏသည် ဟင်းသီးဟင်းရွက်များနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ ပိုမိုမြင့်မားနေခြင်း ဖြစ်သည်။ ထို့အပြင် ပဲများတွင် မရှိမဖြစ်လိုအပ်သော ဗီတာမင်များနှင့် သတ္တုဓာတ်များ ဖြစ်ကြသည့် ဗီတာမင် စီ (Vitamin C) နှင့် ဗီတာမင် ဘီ (Vitamin B)၊ ပိုတက်စီယမ်၊ ကြေးနီ၊ ဖော့စဖရပ်စ်၊ မဂ္ဂနိစ်၊ မဂ္ဂနီစီယမ်၊ ဖောလိတ် (Folate) နှင့် အန္တရာယ်ရှိသော ဓာတ်တိုးပစ္စည်းများကို တားဆီးပေးသည့် အင်တီအောက်ဆီးဒင့် (Polyphenols) တို့လည်း အပြည့်အဝ ပါဝင်လျက် ရှိသည်။ ဤကဲ့သို့ ကောင်းမွန်လှသော အာဟာရဂုဏ်သတ္တိများအားလုံး စုဝေးနေခြင်းကြောင့် ပဲများသည် ကင်ဆာရောဂါကို တွန်းလှန်နိုင်ပြီး ခန္ဓာကိုယ်တခုလုံး၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါသည်။
ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးခြင်းနှင့် အခြားသော ကျန်းမာရေးအကျိုးကျေးဇူးများ
ပဲများတွင် အင်တီအောက်ဆီးဒင့် (Antioxidants) နှင့် အပင်မှရရှိသော ဓာတုဒြပ်ပေါင်းများ (Phytochemicals) ကြွယ်ဝစွာ ပါဝင်သဖြင့် ခန္ဓာကိုယ်ဆဲလ်များကို ဖရီးရယ်ဒီကယ် (Free radicals) များကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်။ (ဤအချက်သည် NFCR မှ ကူညီပံ့ပိုးပေးထားသော သိပ္ပံပညာရှင်များ၏ အရေးကြီးဆုံးသော ရှာဖွေတွေ့ရှိချက်တခု ဖြစ်ပြီး NFCR ၏ နှစ် ၅၀ ပြည့် မဂ္ဂဇင်းတွင်လည်း ထည့်သွင်းဖော်ပြထားပါသည်)။ ယင်းကဲ့သို့ ကာကွယ်ပေးခြင်းသည် ကင်ဆာရောဂါ ဖြစ်ပွားမှုကို အားပေးသည့် အောက်ဆီဂျင်ဓာတ်တိုးဖိအား (Oxidative stress) နှင့် ရောင်ရမ်းမှုများကို လျှော့ချပေးသည်။ ပုံမှန် ပဲစားသုံးပေးခြင်းဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပြုချက်များက ဖော်ပြနေပါသည်။
အူလမ်းကြောင်းကျန်းမာရေးနှင့် အူမကြီးကင်ဆာ
BE GONE အမည်ရှိ စမ်းသပ်လေ့လာမှု စစ်တမ်းအရ ပဲဖြူလေးများ (Small navy beans) သည် အူမကြီးအတွင်းရှိ အကျိုးပြုဗက်တီးရီးယားများကို တိုးပွားစေခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်းနှင့် ရောင်ရမ်းမှုများကို ထိန်းညှိပေးခြင်းတို့ဖြင့် အူမကြီးကင်ဆာ ဝေဒနာရှင်များကို အကျိုးပြုနိုင်ကြောင်း ပြသနေပါသည်။ ၎င်းအပြင် နေ့စဉ် စားသောက်မှုစနစ်တွင် ပဲဖြူ (Navy beans) တခွက် ခန့် ထည့်သွင်းစားသုံးသူများသည် အူလမ်းကြောင်းအတွင်းရှိ အဏုဇီဝပတ်ဝန်းကျင် (Gut microbiome) ကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပေးနိုင်သဖြင့် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ပြီး ဆေးကုသမှု ရလဒ်များကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေကြောင်း ဤသုတေသနက ဖော်ပြထားပါသည်။
နှလုံးကျန်းမာရေး
နေ့စဉ် စားသောက်မှုအစီအစဉ်တွင် ပဲများကို ထည့်သွင်းစားသုံးခြင်းဖြင့် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ (CVD) ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ အမေရိကန်အမျိုးသားကျန်းမာရေးသိပ္ပံ (NIH) ၏ ထုတ်ပြန်ချက်အရ ပဲစားသုံးခြင်းဖြင့် ကိုလက်စထရောပမာဏကို လျော့ကျစေပြီး သွေးတိုးခြင်းကို ထိန်းညှိပေးနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ သုတေသနပြုချက်များက သက်သေပြခဲ့ပြီး ဖြစ်ရာ၊ ယင်းကိုလက်စထရောတက်ခြင်းနှင့် သွေးတိုးခြင်း နှစ်မျိုးစလုံးသည် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေသည့် အဓိကအချက်များ ဖြစ်ကြသည်။
ဆီးချိုရောဂါ ကာကွယ်ခြင်းနှင့် ကိုယ်အလေးချိန် ထိန်းညှိခြင်း
ပဲများသည် သွေးတွင်းသကြားဓာတ်တက်နှုန်း (Glycemic index) ကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်သဖြင့် ဆီးချိုရောဂါနှင့် အဝလွန်ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ ပဲတွင် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်မှုကြောင့် အစားအသောက် အလွန်အကျွံစားချင်စိတ်ကို ထိန်းချုပ်ပေးကာ တနေ့တာ ကယ်လိုရီဝင်ရောက်မှုကို လျှော့ချပေးနိုင်ပြီး ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ရန် ကူညီပေးပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment