The hidden meanings of dreams အိပ်မက်များ၏ ကွယ်ဝှက်ထားသော အဓိပ္ပာယ်များ

(၁)

အိပ်မက်ဆိုသည်မှာ မသိစိတ်၏ သင်္ကေတပြ ရောင်ပြန်ဟပ်မှုများဖြစ်ပြီး၊ နေ့စဉ် ခံစားချက်များ၊ မပြည့်ဝသေးသော အလိုဆန္ဒများနှင့် ကွယ်ဝှက်ထားသော စိုးရိမ်ပူပန်မှုများကို စိစစ်ပြုပြင်ပေးသည့် တံခါးပေါက်တခုအဖြစ် ဆောင်ရွက်ပေးပါသည်။ အနာဂတ်ကို ဟောကိန်းထုတ်ခြင်းထက် စိတ်၏ အခြေခံအခြေအနေကို ဖော်ထုတ်ပြသပေးပြီး တန်ဖိုးရှိသော စိတ်ပညာဆိုင်ရာ အသိအမြင်များကို ပေးစွမ်းပါသည်။

သိပ္ပံနည်းကျ သုတေသနပြုချက်များက အိပ်မက်သည် မှတ်ဉာဏ်များကို စနစ်တကျ စုစည်းရန်နှင့် ခံစားချက်များကို ထိန်းညှိရန် အဓိကဖြစ်သည်ဟု ယူဆသော်လည်း၊ အယူအဆ မတူညီကြသည့် စိတ်ပညာဂိုဏ်းဂဏများက အိပ်မက်များ၏ အဓိပ္ပာယ်ကို သီးခြားနည်းလမ်းများဖြင့် အနက်အဓိပ္ပာယ် ဖွင့်ဆိုကြသည် -

- ဖရွိုက်၏ အယူအဆ (The Freudian View): ဆစ်ဂမွန် ဖရွိုက် (Sigmund Freud) စတင်ခဲ့သော ဤအယူအဆက အိပ်မက်များကို "မသိစိတ်ဆီသို့ ဦးတည်သော ရာဇလမ်းမကြီး" ဟု သတ်မှတ်သည်။ အိပ်မက်တွင် တိုက်ရိုက်မြင်တွေ့ရသည့် ဖြစ်ရပ်များ (Manifest content) ၏ နောက်ကွယ်၌ ဖိနှိပ်ထားသော၊ တားမြစ်ထားသော သို့မဟုတ် မပြည့်ဝသေးသော အလိုဆန္ဒများ (Latent content) ကွယ်ဝှက်နေသည်ဟု ဖရွိုက်က ယုံကြည်ခဲ့သည်။

- ယားင်း၏ အယူအဆ (The Jungian View): စိတ်ပညာရှင် ကားလ်ယားင်း (Carl Jung) က အိပ်မက်များသည် စိတ်ပိုင်းဆိုင်ရာ မျှခြေကို ရရှိစေရန် ကူညီပေးသည်ဟု ယုံကြည်ခဲ့သည်။ ကာမဆန္ဒများကို ကွယ်ဝှက်ထားရုံမျှ မဟုတ်ဘဲ နိုးကြားနေသော နိစ္စဓူဝဘဝတွင် လျစ်လျူရှုခံထားရသည့် စရိုက်လက္ခဏာ အစိတ်အပိုင်းများကို အိပ်မက်က ဖြည့်ဆည်းပေးသည်ဟု အယူအဆ ထုတ်ခဲ့သည်။

အတွေ့ရများသော အိပ်မက်ပုံစံများကို အနက်ဖော်ခြင်း

ထပ်ခါတလဲလဲ မြင်တွေ့ရသော သင်္ကေတများကို နားလည်ခြင်းဖြင့် သင့်စိတ်က သင့်အား မည်သို့ပြောပြချင်နေသည်ကို အနက်အဓိပ္ပာယ် ဖော်ထုတ်နိုင်ပါလိမ့်မည် -

- အမြင့်မှ ပြုတ်ကျခြင်း: ဤအိပ်မက်သည် ထိန်းချုပ်မှု လွတ်ကင်းသွားခြင်း၊ လုံခြုံမှုမရှိခြင်း သို့မဟုတ် ကျရှုံးမည်ကို ကြောက်ရွံ့ခြင်းတို့၏ သင်္ကေတဖြစ်သည်။ အလုပ်ခွင် သို့မဟုတ် ကိုယ်ရေးကိုယ်တာ ဘဝတွင် ခက်ခဲသော အခြေအနေများကြောင့် ဖိစီးမှုများနေချိန်၌ ဤသို့ မကြာခဏ အိပ်မက်မက်လေ့ရှိသည်။

- လိုက်လံဖမ်းဆီးခံရခြင်း: ရှောင်လွှဲလိုခြင်း သို့မဟုတ် စိတ်ဒဏ်ရာများကို မဖြေရှင်းနိုင်သေးခြင်းကို ညွှန်းဆိုလေ့ရှိသည်။ လိုက်လံဖမ်းဆီးသူ မည်သူဖြစ်သည်ဆိုသည်မှာ အဓိကကျပါသည် - သားရဲတိရစ္ဆာန်၏ လိုက်လံဖမ်းဆီးခြင်း ခံရပါက မိမိ၏ ဒေါသမှ ထွက်ပြေးနေခြင်းကို ဆိုလိုနိုင်ပြီး၊ မသိကျွမ်းသော လူတဦး၏ လိုက်လံဖမ်းဆီးခြင်း ခံရပါက မဖြေရှင်းရသေးသော အတိတ်အတွေ့အကြုံများနှင့် သက်ဆိုင်နေနိုင်သည်။

- သွားကျိုးခြင်း / သွားကျွတ်ခြင်း: အတွေ့ရများသော ဤအိပ်မက်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၊ ရုပ်ရည်သွင်ပြင်အပေါ် စိုးရိမ်စိတ်ရှိခြင်း သို့မဟုတ် ပြောဆိုဆက်ဆံရေး ကျွမ်းကျင်မှုအပေါ် စိုးရိမ်ပူပန်ခြင်းတို့နှင့် ဆက်စပ်နေတတ်သည်။

- လူအများရှေ့တွင် အဝတ်ဗလာဖြစ်နေခြင်း: မိမိ၏ အားနည်းချက်များ ပေါ်လွင်သွားမည်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် လုံခြုံမှုမရှိဘဲ ထိခိုက်လွယ်နေသည့် ခံစားချက်ကို ပြသနေသည်။

(၂)

ဖြည့်စွက်ချက်

ကျွန်တော် အခုအသက်အရွယ်ရောက်လာတော့ အိပ်တိုင်း အိပ်မက်တွေ အမျိုးမျိုးမြင်မက်ပါတယ်။ ငယ်စဉ် ရွယ်စဉ်ကအိပ်မက်တွေနဲ့ မတူပါ။

ကိုယ်တိုင် ဝေဖန်စဉ်းစားကြည့်တယ်။

အထက်က ပညာရှင်တွေတွေးဆတာတွေနဲ့ မတူပါ။

အိပ်မက်တိုင်းဟာ အိပ်ရေးမနိုးခင် စက္ကန့်ပိုင်းလေးမှာ မက်ပါတယ်။ အိပ်မက်တခုအဆုံးမှာ နိုးလာတယ်။ ပြီးရင် ဆက်အိပ်ပါဦးမယ်။ တညမှာ အိပ်မက် တခုမက မက်နိုင်တယ်။

အိမ်ကထဲက အဆိုးအကောင်းတွေဟာ အိပ်နေစဉ် ခန္ဓာကိုယ်အနေအထားအပေါ်မှာ မူတည်တယ်။ အထူးသဖြင့် ခြေထောက်၊ တခါတခါ လက်၊ စသည်။

ဖိမိထားလို့ နာကျင်မှု၊ အနေအထားပြောင်းရန်လိုအပ်ချက်အရ အိပ်မက်မြင်မက်ပြီး အိပ်ပျော်ရောကနေ နိုးလာတယ်။

အမှန်က အိပ်မက်ကနေ သတိပေးတာ။

ကျွန်တော်ကတော့ အိပ်မက်ထဲက အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေကို ပြန်စဉ်းစားမနေဘဲ ခန္ဓာကိုယ်အနေအထားကို မှန်အောင်ပြင်ပါတယ်။ 

လိုအပ်သေးရင် ညောင်းကိုက်၊ နာကျင်နေတဲ့အစိတ်အပိုင်းကို လေ့ကျင့်ခန်းသဘောနဲ့ အကွေးအဆန့် ခဏတာလုပ်ပေးရတတ်တယ်။

ကျန်တဖက်ကို စောင်းအိပ်ရတယ်။

ပြန်ပြီး အိပ်ပျော်သွားရော။

ဆောင်းတွင်းလို အေးတဲ့ကာလမျိုးမှာ အိပ်မက်တွေ ဆန်းတတ်တာကလည်း ဒီသဘောသာ ဖြစ်ပါတယ်။ အေးတော့ ကွေးနေအောင်အိပ်ကြတယ်။ အနေအထား ပြင်ခဲကြတယ်။

(၃)

အိပ်မက်တွေဟာ စိတ်ကူးယဉ်စာတွေကို ဖတ်ရသလိုဘဲ။

တစ္ဆေသရဲဝတ္ထုတွေ ဖတ်ရသလို။ ဟီရိုးဇာတ်လမ်းတွေ ဖတ်ရသလို။ စုန်း၊ ကဝေဇာတ်ကားတွေ ကြည့်ရသလို။ 

တခါတခါ Cinderella ဆင်ဒရဲလား။ 

တခါတခါ Dracula ဒရက်ကူလာ။

တခါတခါ Avatar အဗာတာ။

နောက်ထပ် မတူတဲ့ ကိုယ်ပိုင်သုံးသပ်ချက်တွေလည်း ရှိသေးတယ်။ ဒီစာမှာ ထည့်မရေးသေးပါ။

မနက်ထချိန်မှာလည်း အိပ်မက်အကြောင်း ပြန်စဉ်းစားမနေနဲ့။

ကောင်းကောင်း ဆိုးဆိုး သူများကိုလည်း ပြောပြမနေနဲ့။

အိပ်မက်ကောင်းများ မက်ကြစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ