Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁)

ကန်တော့
၁။ မင်္ဂလာပါဆရာ။ သမီးကအသက် ၄၃ ပါ။ မီးယပ်က ဆုံးချင်းသသိုဖြစ်နေလို့ပါ။ သမီးအမတွေက ၄၈ လောက်မှ ဆုံးကြတာပါ။ သမီးမဆုုံးချင်သေးပါဘူး။ အခုဆိုနှစ်လလာပြီး နှစ်လပြောက်တာ တခါရှီပါပြီဆရာ။ အဲ့ဒါ သမီး ဘယ်လိုဆေးတွေ သောက်ရမလဲဆရာ။
မီးရပ်ကို မီးယပ်လို့ပြင်ပါတယ်။
၂။ ဆရာရှင့် သွေးက မနှစ်ကဆုံးပါပြီ။ အိန်ထောင်မရှိပါ။  ဆရာပြောမှဘဲ သတိထားမိပါပြီ။ ဆုံးပြီးနောက်ပိုင်း ဖြစ်လာတာဆရာ။ ဘာဆေးမှ မသုံးစွဲပါဆရာ။ ကိုက်ခဲဖျားနာတောင် မဖြစ်ပါဘူး။ အရေပြား ဆရာဝန်ပြတော့ Dermacare ပေးပါတယ် သောက်ဆေးမပေးပါ။ Hyperpigmantation တပ်ပါတယ်။ ၁ လတခါ လာပြခိုင်းပါတယ်။ ၃လ ရှိပါပြီ။ လိမ်းနေတာ။ လည်ပင်း မျက်နှာ အထူးသဖြင့် မျက်ကွင်းတဝှိုက် မည်းပါတယ်။ ကျမ ပညာရေးဝန်ထမ်းပါဆရာ။ ကျန်းမာရေးအသိလည်း ရှိပါတယ်။ ဖြစ်သလိုလည်း မနေပါ။ သုံးတဲ့ cosmetic တွေလည်း ကောင်းတာဘဲသုံးပါတယ်။  အကြံပေးပါအုံးဆရာရှင့်။ ဘာဆက်လုပ်ရပါမလဲ။
အိန်ထောင်ကို အိမ်ထောင်လို့ ပြင်ပါတယ်။ တစ်ခါကိုလည်း ပြင်လိုက်ပါတယ်။
မြန်မာလူမျိုးတွေက သွေးဆုံးသားဆုံးလို့ တွဲသုံးတယ်။ သူများတွေကတော့ သွေးဆုံးချိန်နဲ့ သွေးဆုံးခါနီးလို့ တွဲရေးတယ်။ သွေးဆုံးတာဆိုတာ အမျိုးသမီးတယောက်မှာ ရာသက်ပန် ရာသီမလာတော့တာဖြစ်တယ်။ ဘဝမှာ တကယ့် အချိုးအကွေ့တခု ဖြစ်တယ်။ ရောဂါရလာတာ မဟုတ်ပါ။ ရာသီသွေးဆင်းတာလဲ မမှန်တော့သလို လစဉ် မျိုးဥထွက်တာလဲ ပုံမှန်မဟုတ်တော့ပါ။ ကြားရက်မှာ သွေးဆင်းမယ်။ မျိုးဥကလည်း တချို့လမှာထွက်မယ်။ တခါတလေမထွက်လာတော့ပါ။
ဒါပေမဲ့ နေကောင်းထိုင်သာရှိမှုမှာတော့ သက်ရောက်မှုကြီး ဖြစ်စေတယ်။ မိန်းမဘဝမှာ ဆုလာဘ်ရသလိုဖြစ်လာတယ်လို့ ယူတတ်ရင် ယူဆနိုင်တယ်။ နှလုံးရောဂါ၊ အရိုးရောဂါတို့လို ဖြစ်လာနိုင်စရာတွေကိုလဲ ကျန်းမာရေးအသိရှိရှိနဲ့ ကာကွယ်နိုင်ပါတယ်။ မျက်နှာနီမြန်းတာ၊ ညချွေးထွက်တာ စတဲ့အသစ်ဖြစ်လာတွေ ခံစားရမှာဖြစ်ပေမဲ့ လစဉ်ဆိုတာ ပူစရာမလိုတော့ဘူး။ ရင့်ကျက်-ပြည့်စုံလာပြီ။ နှလုံးရောဂါ၊ အရိုးရောဂါတို့လို ဖြစ်လာနိုင်စရာတွေကိုလဲ ကျန်းမာရေး အသိရှိရှိနဲ့ ကာကွယ်နိုင်ပါတယ်။
သွေးဆုံးချိန်ဟာ မြန်မာတွေက ၄၅ နှစ်လို့ နုတ်ကျိုးနေတယ်။ ပျမ်းမျှ ၅၁ နှစ်ဖြစ်တယ်။ ၄ဝ ကတည်းကဆုံးသူနဲ့ ၆ဝ ကျမှ ဆုံးသူတွေလဲ ရှိပါတယ်။ ဆရာဝန်တွေ ဘယ်လောက်တော်နေနေ အမျိုးသမီးလူနာ ဘယ်တော့ သွေးဆုံးမယ်၊ ဘာတွေ ဖြစ်လာမယ်ဆိုတာ မှန်းလို့ မရပါ။ ၁၂ လတာဆက်တိုက် ရာသီ မလာတာကိုမှ သွေးဆုံးအမျိုးသမီးစာရင်းထဲ ထည့်ပါမယ်။ သွေးဆုံးဆိုတာ တဖြေးဖြေးဖြစ်လာတယ်။ အဲလို မူမမှန် ဖြစ်လာနေချိန်ကို သွေးမဆုံးခင်ဖြစ်တာတွေလို့ ခေါ်တယ်။ ဒီအတောအတွင်းလဲ ကလေး ရနိုင်သေးတယ်။ 
ဖြစ်တာတွေက တယောက်နဲ့တယောက်မတူပါ။ တချို့မှာ ပြောင်းသွား၊ ရပ်သွားမှန်းမသိ ဖြစ်တယ်။ တချို့ကြ ခံလိုက်ရတာလို့ ပြောတယ်။ ရာသီရက် တိုလာတာ၊ တလနဲ့တလ ပိုခြာလာတာ၊ ဆင်းတာက နည်းလာတာ၊ တချို့ ပိုများတာတွေ ဖြစ်နိုင်တယ်။ ဒါတွေဖြစ်တိုင်း ဆေးကုဘို့မလိုပါ။ ဆရာဝန်ပြရင်တော့ ပိုကောင်းပါတယ်။ သဘာဝနည်းနဲ့ မဟုတ်ဘဲ မျိုးဥအိမ်ကို ဆေးပေး၊ ခွဲစိတ်၊ ဓါတ်ကင်နည်းနဲ့လုပ်လို့ သွေးဆုံးတာမျိုးက ရုတ်တရက်ကြီးခံရတယ်။
ဘာလို့ဖြစ်လာသလဲ။ အသက်ကြောင့်ပါ။ ကလေးမရနိုင်တော့ဘူး။ မျိုးဥအိမ်ကနေ အပျိုဖြစ်ကတည်းက လုပ်ပေးနေခဲ့၊ ထုတ်ပေးနေခဲ့တာမှန်သမျှ လျှော့ချလိုက်ပြီ။ အသက်ကြောင့် မဟုတ်ဘဲ မျိုးဥအိမ် နှစ်ဖက်လုံး ထုတ်ရတာ၊ ကင်ဆာဆေး ပေးတာ၊ တင်ပါးဆုံနေရာကို ဓါတ်ကင်တာတွေ ကနေလဲ စောပြီး သွေးဆုံးနိုင်ပါတယ်။ သားအိမ်ထုတ်ရပေမဲ့ မျိုးဥအိမ် ချန်ထားရင် ဟော်မုန်းတန်ခိုးတွေ ဆက်ရှိနေပါအုံးမယ်။ ရာသီသွေးမလာတော့ဘူး။ ကလေးလဲမရနိုင်တော့ဘူး။
မျက်နှာနီမြန်းတာကို အဖြစ်ကြရဆုံးဘဲ။ ပူနွေးတာ ခံစားရမယ်။ မျက်နှာ၊ လည်ပင်း၊ လက်မောင်း၊ ကျော၊ ရင်ပတ်တွေမှာ နီရဲရဲဖြစ်မယ်။ ချွေးပိုထွက်မယ်၊ အိပ်ရေးပျက်နိုင်တယ်။ ချမ်းနိုင်တယ်။ မီးယပ်ချမ်းလို့ ပြောကြတာထဲ ဒါလဲ ပါမလားဘဲ။ ၁ဝ-၃ဝ စက္ကန့်ကြာနိုင်တယ်။ အေးတဲ့နေရာ၊ ပန်ကာ၊ သာမန်လေ့ကျင့်ခန်းလုပ်တာ၊ အပူအစပ်လျှော့စားတာ၊ စိတ်ဖိအား လျှော့တာတွေ လုပ်သင့်တယ်။
လင်မယားအတူနေတာမှာလဲ အပြောင်းအလဲတွေ ရှိလာမယ်။ (အီစထိုဂျင်) ဟော်မုန်း နည်းလာလို့ (ဗဂျိုင်းနား) က ခြောက်လာတာမို့ အရင်ပုံစံနဲ့ ဆက်ဆံရင် နာမယ်။ ချောဆီဆေးကို သုံးနိုင်ပါတယ်။ လိင်စိတ်လဲ ပြောင်းတယ်။ စိတ်နည်းလာကြသူက အရေအတွက်များတယ်။ မနည်းသူ၊ ပိုအဆင်ပြေသူလဲ ရှိသေးတယ်။ စိတ်ဖိအား၊ ရုပ်ကျန်းမာရေး၊ အိမ်ထောင်ရေးစတာတွေအပေါ် မူတည်လို့ မတူကြတာဖြစ်တယ်။ အရင်ကလိုနေသူတွေကို သတိပေးစရာရှိတာက လိင်ကတဆင့် ကူးစက်ရောဂါတွေက သွေးဆုံးတာကို မသိကြပါ။ 
ဘယ်လိုအပြောင်းကနေ ပြဿနာရှိရှိ ဆရာဝန်နဲ့ညှိပါ။ ဟော်မုန်းဆေး ပေးမလား၊ မပေးဘူးလား ချိန်ဆမယ်။ ဟော်မုန်း အစားထိုးကုသနည်း ခေါ်တယ်။ နောက်တနည်းက ဟော်မုန်းနဲနဲသာပါတဲ့ ကိုယ်ဝန် တားဆေးပေးနိုင်တယ်။ စိတ်ကျဆေး၊ သွေးကျဆေး၊ မွေးလမ်းထဲထည့်ရတဲ့ (အီစထိုဂျင်) ဟော်မုန်းဆေးတွေလဲ ပေးနိုင်တယ်။ (ဘိုင်အိုအိုင်ဒန်တီကယ်) ဟော်မုန်းပေးနည်းလဲ ရှိတယ်။
သွေးဆုံးသူတွေအတွက် စိုးရိမ်စရာတွေက နှလုံးရောဂါ နဲ့ အရိုး မသန်မာမှုတွေ ဖြစ်တယ်။ ကျန်းမာနေဘို့ရာ ဆေးစစ်ပါ။ သွေးဖိအား၊ (ကိုလက်စထော)၊ ဆီးချိုတွေ စစ်ပါ။ ရင်သားကင်ဆာအတွက် (မင်မိုဂရမ်) ရိုက်ပါ။ သားအိမ်ကင်ဆာအတွက် (ပက်ပ် တက်စ်) လုပ်ပါ။ အစာအာဟာရ၊ ကိုယ်လက်လှုတ်ရှားမှု နဲ့ စိတ်ဖြေလျှော့နည်းတွေ ဖြည့်ပေးပါ။
သွေးဆုံးတာနဲ့ (ဘေဆိုမိုတာ) လက္ခဏာတွေဖြစ်တဲ့ ညချွေးထွက်မယ်၊ ခြေဖဝါး-လက်ဖဝါး-ကိုယ်ခန္ဓာ ချွေးထွက်မယ်၊ အိပ်လို့မကောင်း ဖြစ်မယ်။ ဒီလိုဖြစ်တာတွေကို (ဘေဆို-မိုတာ) လက္ခဏာတွေလို့ ခေါ်တယ်။ အမျိုးသမီး ၈၅% မှာ ဖြစ်ကြတယ်။ စိတ်ပိုင်းသက်ရောက်မှုတွေကလည်း အတော်သိသိသာသာ ဆိုးဆိုးဝါးဝါးဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျမယ်၊ စိုးရိမ်စိတ်များမယ်၊ စိတ်တိုမယ်၊ အားယုတ်မယ်၊ အာရုံစိုက်ရတာ ခက်ခဲမယ်။
သွေးဆုံးတော့မှာကို တားလို့မရပါ။ အမှန်က မရဆိုတာထက် မသင့်ပါ။ ဟော်မုန်းဆေးနဲ့ ပြင်ယူလို့ရပါတယ်။ ဟော်မုန်းဆေးမှာ ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ သတိထားရတယ်။ လူတယောက်ချင်းကြည့်ရတယ်။ စားဆေး၊ ခရင်မ်တွေသုံးနိုင်တယ်။ ပိုအရေးကြီးတာက သွေးဆုံးလို့ အရင်ကလိုမဟုတ်တော့တာတွေကို အဆင်ပြေအောင် ဘယ်လိုပြုပြင်မလဲ။ ဥပမာ အိမ်ထောင်ရေး။ စိတ်မူပြောင်းခြင်း စတာတွေ။ စာထဲမှာပါတယ်။
ဘယ်လို အဆင်ပြေအောင်လုပ်မလဲ - 
(၁) ယေဘုယျ
• အဝတ်အစား အေးတာရွေးဝတ်ပါ။
• ပန်ကာ၊ (ဝါတာ-ကူလာ)၊ လေအေးစက် သုံးပါ။
• အေးတဲ့ရေ၊ ဖျော်ရည်၊ အစားအသောက်ရွေးစားပါ။ (ကေဖင်း) ပါတာ လျှော့စားပါ။ အရက် လျှော့သောက်ပါ။ အပူးအစပ် လျှော့စားပါ။ အဆီ လျှော့စားပါ။ ဆေးလိပ်ဖြတ်ပါ။
• လေ့ကျင့်ခန်းလုပ်လို့ သက်သာတာရော၊ မထူးတာပါရှိတယ်။ 
• ယောဂလုပ်ပါ။ အနှိပ်ခံပါ။ တရားထိုင်ပါ။ အထူးရေချိုးနည်းလုပ်ပါ။ ကိုယ်အလေးချိန်ချပါ။
• ဗီတာမင် ဘီ ၆ သောက်ပေးတာ တချို့မှာ သက်သာတယ်။
• ဗီတာမင် (အီး) ကတော့ နည်းနည်း အကျိုးရှိတယ်။
(၂) ဆေးသုံးနည်း
• Estrogen Replacement Therapy (အီစထိုဂျင်) အစားထိုးပေးနည်း ၈ဝ-၉ဝ% သက်သာစေတယ်။ 
• Progesterone transdermal cream (20 grams/day) (ပရိုဂျက်စတင်) လိမ်းဆေး
• (SSRIs) အကျိုးရှိတာတွေ့ရတယ်။ ဥပမာ Venlafaxine (Effexor) 12.5 mg ကို တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 75 mg ကို ညအိပ်ရာဝင်သောက်ပါ။ Paroxetine (Paxil CR) 12.5 to 25 mg ကို တနေ့ ၄ ကြိမ်သောက်ပါ။ Gabapentin (Neurontin) 300 mg ကို တနေ့ ၃ ကြိမ်။ Aldomet 250 mg ကို တနေ့ ၂ ကြိမ်။
(၃) (ဟာဘယ်လ်) ဆေးတွေ 
• Black Cohosh နဲ့ Soy ပဲပုတ် အကျိုးရှိတာတွေ့ရတယ်။ ဒါပေမဲ့ Dong Quai, Evening Primrose Oil နဲ့ Red Clover တွေက မထူးတာတွေ့ရတယ်။
Menopause သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ https://dr-tint-swe.blogspot.com/2021/06/menopause.html
Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂) https://dr-tint-swe.blogspot.com/2023/01/menopause-2.html
Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ