တင်းထိန် ဆိုတာဘာလဲ

ဆီးပင်ပုံမြင်လို့ ရေးပါတယ်။ ပုံအတွက် ကျေးဇူး။ အညာမှာ အရင်ကတော့ ဆီးချဉ်သီးပေါတယ်။ ငယ်ငယ်က တောထဲကို လှည်းနဲ့ ဆီးသီးပုတ်တာ လိုက်သွားဘူးတယ်။ ၅ နှစ်သားမရှိသေးပါ။ တင်းထိန်စောင်တတည်ကို လှည်းနံရံတိုင်တွေမှာ ချည်နှောင်ထားရတယ်။ ဆီးပင်အောက်မှာ လှည်းချွတ်ပြီး ဆီးသီးတွေကို ဝါးလုံးရှည်နဲ့ ပုတ်ချရတယ်။ တနှစ်စာ သိမ်းထားလေ့ရှိကြတယ်။
ကျွန်တော့မွေးဇာတိ မင်းရွာဘက်မှာ ငယ်ငယ်က တင်းထိန်စောင် သုံးကြရပါတယ်။ အရွယ်အစားကြီးမားတဲ့ ချည်စောင်လို့သာ မှတ်ထားတယ်။ စောင်တွေမှာ အများအားဖြင့် ၂ နံစပ်။ ပိုကြီးရင် ၃ နံစပ်။ ၄ နံစပ်ဆိုရင် တင်းထိန်လို့ ခေါ်တယ်။ တင်းထိန်လို့ အသံထွက်တယ်။ ငယ်စဉ်ကတော့ ထိန်ကို တဝမ်းပူနဲ့ ရေးတယ်လို့ ထင်ခဲ့တယ်။ တချို့သော ငယ်ငယ်ကအသိတွေက မမှန်တာကို ကြီးမှ သိကြလေ့ရှိတယ်။ အသက်အိုချိန်က အသိ၊ သုတ၊ ပညာတွေထဲမှာလည်း မမှန်တာတွေ ရှိမယ်။ ကိုယ့်ဟာကိုယ်တော့ ဟုတ်တယ်လို့သာ ထင်လေ့ ရှိတတ်ကြတယ်။
တင်းထိန် ဆိုတာဘာလဲ
တင်းထိန် = ခြုံရန်ဖြစ်စေ၊ အကွယ်အကာအဖြစ် ကာရံရန်ဖြစ်စေ အနံတို ရွက်ထည်လေးစပ်ကို မတ်တတ်စပ်၍ တစပ်ကို ထိပ်က လည်သီးအဖြစ် ချုပ်ထားသော အထည်။ ရဟန်းအပေါင်း ခြံရံလျက် တင်းထိမ်တွင်းဖြင့် မင်းအိမ်သို့တိုင်အောင် -
ရေဦးမြို့နယ် တင်းတိမ်ရံ စံပြကျေးရွာ။ ရခိုင်ပြည်နယ် တင်းထိန်ရံကျေးရွာ။ တင်းတိမ်စောင် (ကဝိဓဇ)။ တင်းထိန်စောင် (မူကွဲ)။
စစ်ကိုင်းထောင်သင်း၊ စလင်း လက်ယာ၊ ပြည်မှာ နဝဒေး မြန်မာဆိုရိုးစကား ရှိတယ်။ စာဆိုတော် ပထမနဝဒေးသည် စလင်းတွင် အမှုတော်ထမ်းစဉ် မင်းလက်ယာဘွဲ့ကိုလည်းကောင်း၊ စစ်ကိုင်းတွင် အမှုတော်ထမ်းစဉ် ထောင်သင်းမှူးဘွဲ့ကိုလည်းကောင်း၊ ပြည်တွင် အမှုတော်ထမ်းစဉ် နဝဒေးဘွဲ့ကိုလည်းကောင်း ရသည်။
ထောင်သင်းမှူးကို ပညာစမ်းလိုသူက ကဗျာသမားအိမ်မှာ မသိစေအောင် ထဘီတထည်ကို အိမ်ရှေ့မှာ အလံလို ထူတားပြီး မြင်းစီးပြီး လမ်းပေါ်ကနေ အော်ပါသတဲ့ -
ထောင်သင်းအိမ် တင်းထိန်နဲ့လား။
အိမ်ထဲက စာဆိုက ရုတ်တရက်ဆိုသလို ပြန်ဆိုတယ်။
ယောင်ဖျင်းသိမ် မြင်းပိန်နဲ့လား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ