Uterus သားအိမ်
အသက်က ၃၃နှစ်ပါရှင့် ၂၉-၁၀-၂၀၂၂ က ကိုယ်ဝန် ၂၆ပတ်နဲ့ပျက်ထားတာပါ နောက်ထပ် ကလေးယူရင်အခုလိုထပ်ဖြစ်မှာစိုးလို့ပါဆရာရှင့် သားအိမ်က ပုံမှန်မဟုတ်တော့ ကလေးမရမှာစိုးလို့ပါ သားသမီးလဲတစ်ယောက်မှ မရှိသေးပါဘူးရှင့် ရာသီက 2.12.22က ပြန်လာပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ဆရာရှင့်
သားအိမ်ဟာ အမျိုးသမီးမျိုးပွါးစနစ်မှာ အဓိကကျတဲ့အင်္ဂါတခုဖြစ်တယ်။ တင်ပါးဆုံကွင်းထဲမှာ ရှိတယ်။ သူ့ရှေ့မှာ ဆီးအိမ်၊ သူ့နောက်မှာ အစာဟောင်းအိမ်ရှိတယ်။ သူ့အောက်မှာ ဆက်နေတာက မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရှိတယ်။ Fundus ထိပ်ပိုင်း၊ Corpus ကိုယ်ပိုင်း၊ Cervix လည်ပင်း (အားအိမ်ဝ၊ သားအိမ်ခေါင်း) ရှိပြီး Cervix မှာ Internal os အတွင်းပေါက်နဲ့ External os အပြင်ပေါက်ဆိုပြီး သတ်မှတ်ထားတယ်။
သားအိမ် RV အကြောင်းမေးကြတယ်။ သားအိမ်ကို အာလ်ထွာဆောင်းရိုက်ရင် အဖြေမှာ AV နဲ့ RV လို့ပါလေ့ရှိတယ်။ သားအိမ်ဝင်ရိုးမျဉ်းက တည့်တည့်မနေဘူး။ ရှေ့ကိုဖြစ်ဖြစ်နောက်ကိုဖြစ်ဖြစ်ကွေးနေတယ်။ Anteverted (AV) ရှေ့ဆီးအိမ်ပေါ် ကွေးနေသူကများတယ်။ Retroverted (RV) နောက်လန်တာလည်းရှိတယ်။ ဒါပေမယ့် ရောဂါမဟုတ်ပါ။ ၆ ယောက်မှာ ၁ ယောက် RV ရှိတယ်။ မွေးရာမှာ မထူးခြားပါ။ ကိုယ်ဝန်မရလည်း မဖြစ်စေပါ။
သားအိမ်ရဲ့ အရွယ်အစား အရေးကြီးတယ်။ အသက်အလိုက်ပြောင်းလာတယ်။ ဟော်မုန်းအရလည်း ပြောင်းမယ်။ အရွယ်မရောက်ခင်မှာ 35 mm ရှည်မယ်။ ရှေ့-နောက်က 10 mm ရှိမယ်။ အရွယ်ရောက်ပြီးရင် 8 cm x 6 cm x 4 cm (7.6 cm x 4.5 cm x 3.0 cm) ရှိလာမယ်။ ထုထည်ဆိုရင် 75 cc ကနေ 200 cc အထိရှိမယ်။အလေးချိန် 100 ကနေ 200 grams ရှိမယ်။ ခန့်မှန်းချေ သူရဲ့လက်သီးဆုပ်လောက်ရှိမယ်။ သစ်တော်သီးပုံရှိတယ်။ အထက်ကား-အောက်ရှူး ဖြစ်တယ်။
သားအိမ်မှာ အလွှာ (၃) ခုရှိတယ်။ Endometrium အင်ဒိုမီးထရီးယမ်း အတွင်းဆုံးလွှာဆိုတာ အပျိုဖြစ်ကတည်းကနေ သွေးဆုံးတဲ့အထိ နေ့စဉ်နေ့တိုင်း ပြောင်းလဲနေတယ်။ ပါးရာကနေထူလာမယ်။ ရာသီလကုန်မှာ ဒီအလွှာပျက်စီးရာကနေ သွေးထွက်တာကို ရာသီဆင်းတယ်လို့ ခေါ်တယ်။ ကိုယ်ဝန်ရှိတယ်ဆိုရင် သားအိမ်ထဲမှာသာ သန္ဓေသားက အဲဒီမှာ လာကပ်ရတယ်။ Myometrium မိုင်ယိုမီထရီယမ် အလယ်လွှာဆိုတာ ကြွက်သား ဖြစ်တယ်။ ဒီအလွှာညှစ်လို့ ရာသီလာရင်နဲ့ ကလေးမွေးကာနီးရင်နာမယ်။ Perimetrium ပယ်ရီမီထရိယမ် အပေါ်ဖုံးလွှာ ခပ်ပါးပါးလေရှိတယ်။
သားအိမ်ကို အောက်ကနေ pelvic diaphragm ပဲလ်ဗစ်ဒိုင်ယာဖရန်၊ perineal body ပိုင်ရီနီရယ်ဘော်ဒီနဲ့ urogenital diaphragm ယူရိုဂျယ်နီတယ်လ် ဒိုင်ယာဖရမ်တွေကနေ ပင့်တင်ပေးထားတယ်။ ဘေးမှာလဲ ligaments အရွတ်တွေနဲ့ peritoneum (broad ligament of uterus) ဘရော့လစ်ဂမင့်တွေရှိသေးတယ်။အဲတာတွေအားနည်းရင် ဆီးအိမ်ကျွံတာ၊ အစာဟောင်းအိမ်ကျွံတာနဲ့ သားအိမ်ကျတာတွေဖြစ်တတ်တယ်။ Kegel ကီဂယ်လ်လေ့ကျင့်ခန်းလုပ်ရင် အများကြီး သက်သာစေတယ်။
သားအိမ်ရောဂါတွေကတော့
1. Uterine Fibroids သားအိမ်အကျိတ်၊
2. Uterine Prolapse သားအိမ်ကျ၊
3. Carcinoma of the cervix သားအိမ်ဝ(ခေါင်း) ကင်ဆာ၊
4. Endometriosis (Adenomyosis) အင်ဒိုမီထရီယိုးဆစ်ရောဂါ၊
5. Endometritis သားအိမ်ရောင်တာ၊
6. Endometrial hyperplasia သားအိမ်ရောဂါတမျိုးနဲ့
7. Pelvic inflammatory disease တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ခြင်းတွေဖြစ်ကြတယ်။
မွေးရာပါသားအိမ်ရောဂါတွေကတော့
• Agenesis မွေးရာပါ သားအိမ်ဖြစ်ထွန်းမှု မကောင်းတာ ရှားတယ်။ ၄ဝဝဝ ကနေ ၁ဝဝဝဝ မှာ ၁ ယောက် လောက်ရှိတယ်။ သားအိမ်မပါတာ (ရာသီမလာနိုင်) နဲ့ သေးငယ်တာဖြစ်နိုင်တယ်။ တချို့မှာ အိမ်ထောင်နဲ့ အတူနေရာမှာ အခက်အခဲရှိနိုင်တယ်။ ခွဲစိတ်ပြုပြင်ပေးနိုင်တယ်။ ကိုယ်ဝန်အတွက်ကတော့ Surrogacy ဗိုက်အငှားနဲ့သာရတော့မယ်။
• Uterus didelphys ဆိုတာ သားအိမ်ကနှစ်ခန်းဖြစ်နေတာ။ ဗဂျိုင်းနားလဲ ၂ ခု၊ သားအိမ်ဝလဲ ၂ ခုစီရှိနိုင်တယ်။
• Unicornuate uterus ဆိုတာ သားအိမ်အရွယ်အစား တဝက်လောက်သာရှိပြီး သားအိမ်ပြွန်လဲ တခုထဲရှိတယ်။
• Bicornuate uterus ဆိုတာ နှစ်မွှာဖြစ်နေတာ။ ကိုယ်ဝန်ရနိုင်ပေမဲ့ ပျက်တာများမယ်။
• Septate uterus ဆိုတာ သားအိမ်အတွင်းမှာ နှစ်ခန်းလိုအကန့်ပါနေတာ။ ကိုယ်ဝန်ရဘို့လဲခက်မယ်။ ရရင်လဲပျက်မယ်။
• Arcuate uterus ဆိုတာ ပုံမှန်လိုရှိပေမဲ့ ထိပ်မှာခွက်ဝင်နေတယ်။ ကိုယ်ဝန်ရနိုင်တယ်။
• 3D ultrasound scan ရိုက်ရင်သိမယ်။ MRI scan လဲသုံးနိုင်တယ်။ Hysterosalpingography အထူးဓါတ်မှန် ရိုက်နိုင်တယ်။ Laparoscopy ကိရိယာနဲ့ကြည့်တာလဲလုပ်နိုင်တယ်။ တချို့ချို့ယွင်းချက်တွေကို ခွဲစိတ်ပြုပြင်ပေးနိုင်တယ်။ အားလုံးကိုတော့ ကိုယ်ဝန်ဆောင်နိုင်အောင်လုပ်မရနိုင်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment