Low birth weight baby care လမစေ့ကလေးပြုစုနည်း

၁။ ဆရာ တူလေးက ၃၄ ပတ်နဲ့ ၆ ရက်နဲ့မွေးတာပါ။ အခုအထူးကြတ်မတ်ဆောင်မှာ မအေနဲ့ခွဲထားပါတယ်။ မွေးပြီး နောက်ရက်မှာ မအေနဲ့ ၃ နာရီလောက်ပေးတွေ့ပေမယ့် နောက်နှစ်ရက်ဆက်တိုက် မအေနဲ့ပေးမတွေ့ပေးပါဘူး။ GTPD နဲ့ တခြားသွေးဆီးစစ်တာတော့ကောင်းတယ်ပြောတယ်ဆရာ စိုးရမ်ရလားဆရာ။ လမစေ့မွေးတဲ့ကလေးတွေရဲ့ TREATMENT တွေနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေသိပါရစေဆရာ။

ကလေးအခြေအနေကို မသိပါ။ ၃၇ ပတ်ထက်စောရင် ဖွံ့ဖြိုးမှု မစုံသေးပါ။ အထူးသဖြင့် အဆုပ်အားမကောင်းသေးပါ။ G6PD လို့ ရေးရတယ်။

၂။ ဆရာ ကျမ မိတ်ဆွေ အသက် ၂၈ ရှိပါပြီ။ ယခု အပတ်ထဲမှာ ကလေးမွေးဖွားပါတယ်။ မွေးလာတဲ့ကလေးက ပေါင်မပြည့်ဘဲ (၂) ပေါင်တည်း မွေးလာတယ်ဆရာ။ နောက်ပြီး တင်ပါးဆုံကဖွားတယ်။ OG နဲ့လည်းသေချာပြခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်က တ ခါလဲကျဖူးပါတယ်။ ဘာကြောင့်ပေါင်မပြည့်ရတာပါလဲ။ ကလေးအသက်ရှင်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိပါသလဲ။ ဘာကြောင့်တင်ပါးဆုံကမွေးတာလဲ။ ကျေးဇူးပြု၍ ဆရာဖြေပေးစေချင်ပါတယ်။

၃။ မင်္ဂလာပါဆရာရှင် ဆရာတင်ထားတဲ့ ကလေးပြာပြီး CPR နဲ့ အသက်ကယ်နိုင်ခြင်းကို ဖတ်လိုက်ရပါတယ်ဆရာ။ အဲ့ဒီပိုစ့်က ကျမတူမလေးဖြစ်နေပုံနဲ့တိုက်ဆိုင်နေလို့ comment ဝင်မေးထားပါတယ်ဆရာ။ ပြန်လည်ဖြေကြားပေးဖို့ ဆရာ့အတွက် အခက်ခဲရှိတယ်ဆိုတာ နောက်မှသတိထားမိပါတယ်ဆရာ။ ဆရာ့ရဲ့စည်းကမ်းကို ချိုးပေါက်တယ်လို့ မထင်ပါနဲ့ရှင့်။ တောင်းပန်ပါတယ်ဆရာ။ ကျမက Apr 18, 2015 မှာ ကျမမောင်လေးရဲ့မိန်းမ ရေမွှာပေါက်ပြီး လမစေ့ပဲ အရေးပေါ် ကလေးခွဲမွေးရမမယ့် အကြောင်းများကို ဆရာ့ထံအကူညီတောင်းခံ မေးမြန်းခဲ့ဖူးပါတယ်ရှင်။ ဆရာ့ရဲ့အချိန်မီ ပြန်စာများ ကျေးဇူးကြောင့် ကလေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ပါတယ်ဆရာ။ အခုကလေးမွေးပြီး ၃၄ ရက်ကျော် ညပိုင်းမှာ ကလေးက နို့ဘူးသောက်ရင်း အိပ်ပျော်သွားပြီးမကြာခင်မှာ ငယ်သံလိုလို အော်ငိုတဲ့အသံတချက်ထွက်လာပြီး တကိုယ်လုံးပြာအသက်မရူတော့ပါဘူး။ အိမ်သားအားလုံးလန့်သွားပါတယ်။ မွေးလာပြီးကတည်းက တခါမှမဖြစ်ခဲ့ဖူးပါရှင်။ ဖခင်ဖြစ်သူက ကလေးပါးစပ်မှလေကိုစုတ်လိုက် မှူတ်လိုက် တမိနစ်ကျော်ကြာလုပ်ပေးမှ ကလေးငိုသံပြန်ထွက်လာပါတယ်။ ပြီးတော့အမြန်ဆေးရုံခေါ်သွားခဲ့ပါတယ်။ အောက်စီဂျင် တညပေးထားရပါတယ်။ ဆရာဝန်များကတော့ နို့သီးလို့ ဖြစ်တာလို့ ပြောပါတယ်ဆရာ။ ဒါပေမယ့် ဆေးရုံတက်နေရင်း ကလေးက ငိုနေရာမှ အသံမထွက်တော့ပဲ အသက်ရူရပ်သလို ဖြစ်ပြီး ပြာလာပါတယ်။ အဲ့လိုဖြစ်တော့ ဆရာဝန်က ကလေးကိုပွေ့ချီပြီး တင်ပါးကိုရိုက်လိုက်တော့မှ ကလေးငိုသံ ပြန်ထွက်လာပါတယ်ဆရာ။ နောက်ရက်တွေမှာတော့ ဖန်ပေါင်းအိုးထဲမှာ ၂ ရက် အပူပေးထားရပါတယ်ဆရာ။ ပိုးသတ်ဆေးထိုးပေးပါတယ်။ ဆေးရုံ ၇ ရက် တက်ရပါတယ်ရှင် ကလေးကိုနို့တိုက်ပြီးရင် ခေါင်းထောင်ပေးရမယ်လို့ မှာကြားပါတယ်။ အားလုံးလိုက်နာဆောင်ရွက်ခဲ့ပါတယ်။ အခုကလေး ၂ လ ၈ ရက်ရှိပါပြီဆရာ။ ဒါပေမယ့် တခါတရံ ငိုနေရာမှအသံမထွက်တော့ပဲ ကလေးပြာလာပြီး အသက်ရှူရပ်သလို ဖြစ်သွားပါတယ်ဆရာ။ ကလေးမိခင်က ကလေးပါးစပ်ကိုစုပ်ပေးလိုက်တော့မှ ငိုသံပြန်ထွက်လာပါတယ်။ ဒီကနေ့လည်း တခါထပ်ဖြစ်ပါတယ်။ ဆေးရုံမှဆင်းလာပြီး ယနေ့အထိဆိုရင် ၆ ကြိမ်ထက်မနည်း ထပ်ဖြစ်ပါတယ်ဆရာ။ အဲ့ဒါဘယ်လိုလုပ်သင့်ပါသလဲရှင့်။ ကလေးအရွယ်ရောက်တဲ့အထိ အဲ့လိုဖြစ်နေတတ်ပါသလားရှင့်။ ကလေးမိခင်က နို့ရည်နဲနဲလေးမှမထွက်လို့ ကလေးကို မွေးကတည်းမှ အခုထိနို့ဘူးတိုက်နေရပါတယ်ရှင်။ နို့ရည်ထွက်ဆေးသောက်၊ ဟင်းရည်မျိုးစုံလုပ်သောက်ကြည့်လည်း မထွက်ပါဘူးရှင်။ တူမလေးက အိပ်နေချိန်မှာ ဟောက်သံလိုလို ချွဲသံလိုလိုနဲ့ အမြဲထွက်နေတတ်ပါတယ်ဆရာ။ ဆေးရုံပြကြည့်တော့ အဆုပ်အားလုံး ကောင်းနေပါတယ်တဲ့၊ ချွဲကျဆေးပေးလာပါတယ်။ ကလေးကို အခုညခင်းမှာ တိုက်ကြည့်တော့ ဆေးများကို အန်ထုတ်ပါတယ်ဆရာ။ အချိန်အတော်ကြာအောင်ကလေးက အန်ထုပ်နေပါတယ်။ ကလေးကအရမ်းငယ်တော့ မအန်နိုင်ဖြစ်နေလို့ ပါးစပ်မှစုပ်ထုတ်ပေးရပါတယ်ရှင်။ ကလေးလေးခမျာ တော်တော်လေး ပင်ပန်းသွားပါတယ်ရှင်။ ဘယ်လိုဆက်ပြီး ပြုစုသင့်တယ်ဆိုတာ ကျေးဇူးပြု၍ဖြေကြားပေးပါဆရာ။ ဆရာ့ကို အားကိုးပါတယ်ဆရာ။ ကလေးအတွက် ဘယ်လိုဆိုးကြိုးဖြစ်နိုင်မှာလဲဆရာ။ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင်။

နေ့စေ့လစေ့ကိုယ်ဝန်ဆိုတာ ၃၉ ပတ်ကနေ ၄၂ ပတ်အတွင်းမွေးတာကိုခေါ်တယ်။ ၃၇ ပတ်ထက်စောမွေးတာကို လမစေ့ကလေးခေါ်တယ်။ မွေးမွေးချင်း ကိုယ်အလေးချိန် ၅ ပေါင်ခွဲ၊ ဒါမှမဟုတ် ၂ ကေဂျီခွဲ ထက်နည်းတဲ့ကလေးကို အလေးချိန် မပြည့်တဲ့ကလေးခေါ်တယ်။ ကလေးစောမွေးခြင်းကို ကာကွယ်ဘို့ ကိုယ်ဝန်ကတည်းက (ပရိုဂျက်တီရုန်း) ဟော်မုန်းတမျိုးကို ၃၂ ပါတ်နောက်မှာ ပေးရတတ်တယ်။ ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ခေါ်တယ်။ (ပရိုဂျင်စတီရုန်း) ကနေ သန္ခေသား ဖွံ့ထွားစေဘို့ကူညီတယ်။ သန္ခေသားက သားအိမ်အတွင်းလွှာမှာ လာကပ်ပြီးတာနဲ့ ဆက်ပြီးတည်မြဲနေစေဘို့ လိုအပ်တယ်။ ကိုယ်ဝန် ၈-၁ဝ ပါတ် နောက်မှာ အချင်းဖြစ်လာပြီး (ပရိုဂျင်စတီရုန်း) ထုတ်ပေးဘို့ တာဝန်ယူလာတယ်။

လမစေ့ကလေးဆိုရင် သတိထားစရာတွေရှိတယ်။ နို့စို့တာ၊ အစာကြွေးရတာခက်မယ်။ ကူးစက်ရောဂါတွေကို ခံနိုင်ရည် နည်းမယ်။ အဆီလဲနည်းလို့ ကိုယ်အပူချိန်ကိုနွေးနေအောင် သိပ်မလုပ်နိုင်ဘူး။ သွေးထဲမှာ အောက်စီဂျင် နည်းနေမယ်။ အသက်ရှူတာအားနည်းနေမယ်။ ဦးနှောက်ထဲသွေးယိုတာ သတိထားရမယ်။ အစာလမ်းရောင်မယ်။ (SIDS) ရုတ်တရက် သေဆုံးတာမျိုးဖြစ်တတ်တယ်။

အဲလိုကလေးတွေမှာ နောက်ဆက်တွဲဖြစ်လာနိုင်တာတွေရှိတယ်။

- နှလုံးမှာ (PDA) မွေးရာပါအပေါက်ပါတာ၊

- ဗဟိုဦးနှောက်ပိုင်းမှာအားနည်းနေလို့ နို့စုပ်ယူမှုနဲ့ မြိုချမှုအားနည်းတာ၊

- Apneic episodes အသက်ရှုရုတ်တရက်ရပ်တာ၊ (ဦးနှောက်ထဲက အသက်ရှူထိန်းချုပ်ရာအားနည်းလို့)၊

- ဦးနှောက်ထဲသွေးယိုတာ၊

- ဖွံ့ဖြိုးမှု (ရုပ် + အသိ) အားနည်းတာ၊

- ဖွံ့ဖြိုးမှုအားနည်းခြင်းထဲမှာ အဆုပ်၊

- ROP မျက်စိမြင်လွှာအားနည်းခြင်း၊ မြင်အားနည်းခြင်း၊

- အစာခြေလမ်းအားနည်းလို့ နို့စို့တာနဲ့ မျိုချတာအားနည်းခြင်း၊ အစာများများကျွေးမရခြင်း၊ သကြားဓါတ်နည်းခြင်း၊ အသားဝါခြင်း၊

- ရောဂါပိုးဝင်ခြင်း၊

- ကျောက်ကပ် (မက်တာဘောလစ် အက်စီဒိုးဆစ်) ဖြစ်ခြင်း၊

- ကိုယ်အပူချိန် ကောင်းကောင်းမထိန်းနိုင်ခြင်း၊ အပူချိန်နည်းနေခြင်း၊

ကလေးစောမွေးတာကို Pre-term labor လို့လဲခေါ်တယ်။ ခန့်မှန်းချေမွေးမဲ့ရက်ထက် ၃ ပါတ်စောရင်၊ ကိုယ်ဝန် ၃၇ ပါတ်ထက်စောမွေးရင် ခေါ်တယ်။ စောမမွေးစေအောင် အိပ်ယာမှာ ဆေးရုံတက်သလို နားနေတာ၊ အားဆေးသွင်းပေးတာနဲ့ ဆေးပေးတာတွေနဲ့ အတော်များများကို ကာကွယ်နိုင်တယ်။ ဘာလို့စောမွေးသလဲ တခါတလေ (၅ဝ%) အကြောင်းရှာမရဘူး။ အာဟာရဓါတ်နည်းတာကို စဉ်းစားရတယ်။ တခါအဲလိုမွေးဘူးသူတွေမှာ သူများထက် ၁၅-၅ဝ%) ပိုဖြစ်နိုင်တယ်။ ရာနှုန်းပြည့်မဟုတ်ပါ။ ဖင်လန်မှာဆန်းစစ်မှုတခုလုပ်တော့ လက်ထပ်ပေါင်းသင်းခြင်းမရှိဘဲ ကလေးမွေးသူတွေမှာ ၂ဝ% ပိုများတာ တွေ့ရတယ်။ အမွှာကိုယ်ဝန်မှာ ပိုဖြစ်တယ်။ ရောဂါပိုးဝင်တာကိုလဲ ထည့်တွက်ရတယ်။ ဥပမာ မွေးလမ်းကြောင်း ပိုးဝင်တာ။ စမ်းသပ်ကြည့်ရင် မွေးလမ်း-သားအိမ်ဝအရည်ထဲမှာ Fetal fibronectin များနေရင် ဖြစ်တယ်။ အာလ်ထွာဆောင်းနဲ့လဲစစ်ရမယ်။ သားအိမ်ဝ (နှုပ်ခမ်း အလျား) တိုရင် မကောင်းပါ။ ကိုယ်ဝန် ၂၄ ပါတ်မှာ ၂၅ မီလီမီတာထက်ရှည်သင့်တယ်။ တချို့ ကိုယ်ဝန်ဆောင်မှာ အလုပ်လုပ်မျိုးတွေမှာ ဥပမာ မတ်တပ်အကြာကြီးရပ်ရသူတွေမှာ အဖြစ်ပိုများတာ တွေ့ရယ်။ ဖေါလစ်အက်စစ်နည်းရင်လဲ မကောင်းပါ။ ဆီးစစ်လို့ ပိုးတွေ့ရင် ဆေးကုရမယ်။ Progesterone (ပရိုဂျက်တီရုန်း) ဟော်မုန်း ပေးသင့်ရင်ပေးရတယ်။ ၃၂ ပတ်နောက်မှာ ပေးတယ်။ Cervical cerclage သားအိမ်ဝမလုံသူတွေကို ကိုယ်ဝန်ဆောင်နေတုံးမှာ သားအိမ်ဝကို ချုပ်ပေးထားရတယ်။ ကာကွယ်ဘို့ရာ စတီရွိုက်ဆေးပေးနည်းကို နေရာအတော်များများမှာသုံးတယ်။ တခြားစမ်းသပ်သုံးတဲ့ဆေးနည်းတွေလည်း ရှိပါတယ်။ NSAIDs, Magnesium sulfate, Calcium channel blockers, Beta mimetics, Atosiban တွေပါဝင်တယ်။ Tocolysis ဆေးလဲပါတယ်။ Calcium-channel blockers နဲ့ Oxytocin antagonist ဆေးတွေက ၄၈ နာရီ နောက်ကျစေပေမဲ့ ဘေးထွက်ဆိုးကျိုးတွေလဲရတယ်။ ကာကွယ်တဲ့သဘောနဲ့ ပိုးသေဆေးပေးနည်းကလဲ အကျိုးရှိတယ်။ Amoxicillin နဲ့ Erythromycin ဆေးတွေပေးတယ်။ ဒါပေမဲ့ Amoxicillin + Clavulanic acid ဆေးတွဲကို မသုံးသင့်ပါ။

တကမာ္ဘလုံးမှာ တနှစ်အောက်ကလေးသေးဆုံးမှုထဲမှာ လမစေ့ဘဲမွေးတဲ့ကလေး ၁ဝ% ပါတယ်။ အရေအတွက်ဆိုရင် တနှစ်မှာ အဲလိုကလေးပေါင်း ၅ သိန်းလောက်ရှိတယ်။

မွေးမွေးချင်း အထူးခန်းမှာ ကုသပေးရတယ်။ အလေးချိန်တိုးလာရင် သက်သာလာမယ်။ အထူးခန်းမှာ မထားနိုင်ရင် ကလေးကို အပူငွေ့လုံလောက်အောင်ပေးပါ။ နို့လုံလောက်ရင် ပြွန် (ပိုက်) နဲ့တိုက်ပါ။ ရောဂါပိုး မဝင်အောင် လူထူထပ်ရာကို ခေါ်မသွားပါနဲ့။ ချောင်းဆိုးအအေးမိနေသူတွေ အနားမလာစေပါနဲ့။ ကူးစက်ရောဂါရှိသူတွေမလာပါစေနဲ့။ ကာကွယ်ဆေးတွေ အတိအကျထိုးပေးထားပါ။

ကလေးကို မွေးပြီးပြီးချင် သူ့မိခင်နဲ့ ထိတွေ့ပေးသင့်တယ်။ ချိုစတိုက်စေရတယ်။ အခုလိုကလေးကို အထူးခန်းမှကုသရလို့ မိခင်နဲ့ အတူမရှိနိုင်။ အဲတော့ မိခင်နို့ထွက်တာမှာ အားနည်းစေတယ်။ နို့ဗူးတိုက်ဘို့လိုနိုင်တယ်။ ဆောရီး။

Apnea အသက်ရှူရုတ်တရက်ရပ်တာ၊ နှလုံးခုန်နှေးသွာတာနဲ့ အောက်စီဂျင်နည်းတာကို အထူး သတိထားနေရမယ်။ အသက်ရှူအခက်အခဲဖြစ်လာရင် လေမှုတ်သွင်းတာရပါတယ်။ အရှိန်အား အသင့်အတင့်သာ သုံးပါ။ ခေါင်းကို ဇောက်ထိုးလုပ်၊ ကျောပုတ်ပေးတာလည်း လိုလာရင်လုပ်နိုင်ပါတယ်။ ကလေးကို အထူးခန်းမှာထားနေစဉ် မိခင်နဲ့ အသားချင်းထိုကိုင်မှုလုပ်သင့်တယ်။ အားပေးချင်တာက ကိုယ်အလေးချိန်တိုးလာလော သက်သာလာလေဖြစ်ပါမယ်။ ပြုစုသူတွေက စိတ်ကိုတည်ငြိမ်ပါစေ။ ကိုယ့်ကိုယ်ကို ဆရာဝန်ဆရာမတွေလိုပြုမူပါ။ ဆိုလိုတာက အရေးကြုံလာချိန်မျိုးမှာ သနားစိတ်နဲ့ စာနာစိတ်ကို လိုတာထက်မပိုစေပါနဲ့။ ပညာနဲ့ ဝီရိယ မပေါ့နဲ့။ ကံတရားဆိုတာ ဆန်းကြယ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ