Instant noodles ခေါက်ဆွဲခြောက်ထုပ်
၁။ ဆရာရှင့် ယခုပုံပါ နန်းပြားခေါက်ဆွဲကို နေ့တိုင်းလိုလို အဆာပြေပြုတ်စားဖြစ်ပါတယ်ရှင့်။ ရေရှည်စားရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါသလားရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
၂။ ဆရာ ခေါက်ဆွဲတွေ ဥပမာ Mama yam yam တို့လိုအသင့်စားတွေစားခြင်းဟာ (နို့တိုက်မိခင်) စားခြင်းဟာ ကလေးကို ဆိုးကျိုး ဖြစ်စေနိုင်ပါသလားဆရာ။
၃။ သမီး အခုတလော လုံးဝထမင်းစားချင်စိတ်မရှိဘူးဖြစ်နေတယ်။ ထမင်းဟင်းဆို ကြည့်ချင်စိတ်တောင် မရှိဘူး။ အဲဒါကြောင့် ယမ်ယမ် ကြာဇံပြုတ်ပဲ ပြုတ်စားဖြစ်တယ်။ ကြိုက်လည်းကြိုက်လို့ပါ။ သိချင်တာက နေ့တိုင်းစားရင် ဘေးဥပါဒ် ဖြစ်မဖြစ်ကိုပါ။ အာဟာရဓာတ်တွေကော ပါပါ့မလားလို့ပါ။ နေ့တိုင်းပုံမှန်စားသင့်တဲ့ အစားအစာထက် ကိုယ်စားချင်တာပဲ ရွေးစားမယ်ဆိုရင်ကော ကောင်းပါ့မလား။ ခေါက်ဆွဲပြုတ်အထုတ်တွေကတော့ နေ့တိုင်းစားရင် ၆ လ ဆို လူတောင် သေနိုင်တယ်လို့ ဖတ်ဖူးပါတယ်။
၄။ အသက်ကတော့ ၃၄ နှစ်ပါ။ သမီးသိချင်တာက အသင့်စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက်ထုပ် အကြောင်းပါ။ ဗဟုသုတ အနေဖြင့် သိချင်ပါတယ်။ သမီးတို့မိသားစုက ပြင်ပမှာနေကြတာပါ။ အမြဲလိုလို ခေါက်ဆွဲခြောက်ထုပ်စားဖြစ်နေလို့ သိချင်ပါတယ်။
Instant noodles အသင့်စားသုံးလို့ရတဲ့ခေါက်ဆွဲထုပ်တွေဟာ Dried noodles ခြောက်အောင်လုပ်ထားတာဖြစ်ဖြစ် Precooked noodles ကြိုတင်ပြုတ်ထားတာဖြစ်ဖြစ်ရှိတယ်။ ဂျပန်နိုင်ငံက Momofuku Andō of Nissin Foods ကနေ ၁၉၅၈ ခုနှစ်ကတည်းက စတင်တီထွင်ထုတ်လုပ်ရောင်းချခဲ့တာပါ။ ၁၉၇၁ ခုမှာ Nissin နစ်ဆန်ကနေ Cup Noodles ဆိုတာ စထုတ်တယ်။ ရေစိုခံခွက် Polystyrene cup ခွက်နဲ့လာတယ်။ ၂ဝ၁ဝ စာရင်းအရ တကမာ္ဘလုံးမှာ နှစ်စဉ် ခေါက်ဆွဲခြောက်ထုပ်ပေါင်း ၉၅ ဘီလျန်စားသုံးနေကြတယ်။ တရုတ်နိုင်ငံမှာ ၄၂ ဘီလျန်စားသုံးတာမို့ ၄၄% ရှိတယ်။
ကျန်းမာရေးရှုဒေါင့်ကနေ ဝေဖန်သူတွေက ခေါက်ဆွဲခြောက်ထုပ်ကို Junk food စာရင်းထဲထည့်ပြီး၊ ကျန်းမာရေးနဲ့ မညီဘူးလို့ ထောက်ပြကြတယ်။ (ကာဗွန်ဟိုက်ဒရတ်) နဲ့ အဆီများတယ်။ (ဖိုက်ဘာ)၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ နည်းတယ်တဲ့။ ဒါပေမဲ့ PFC balance (Protein/Fat/Carbohydrate) ကို စစ်ဆေးရင် Protein က 12-13% ရှိသင့်တာမှာ 9% ပါတယ်။ Fat က 20-30% ရှိသင့်တာမှာ 36% ပါတယ်။ Carbohydrate က 57-58% ရှိသင့်တာမှာ 55% ပါတယ်။ တဖက်စောင်းနင်းမဖြစ်ဘူး။ ပိုကောင်းစေချင်ရင် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်၊ အသား-ငါးကိုပါ ရောစားနိုင်ပါတယ်။
ဆား (ဆိုဒီယမ်) များတယ်လို့ ထောက်ပြတာလဲရှိတယ်။ အမေရိကန်စံနှုန်းအရ အသက် ၄ နှစ်ကျော်ကလေးကနေ လူကြီးတိုင်း 1,500 mg/day ဖြစ်ပါတယ်။ ဒါကြောင့် ပိုပြောနေကြာတာလို့ ပြန်ငြင်းဆိုတယ်။ လူတွေ ကောင်းတယ် ပြောပြောနေကြတဲ့ Soup (ဆုပ်) ထက် ဆားနည်းပါတယ်။
စစ်စစ်ပေါက်ပေါက်ပြောရရင် ထုပ်ပိုးပစ္စည်းကနေ ဘာတွေပါနေနိုင်သလဲ။ ဟော်မုန်းလိုဟာ ပါသလား။ စစ်ဆေးသူတွေက မတွေ့ဘူးလို့ ထုတ်ပြန်ပါတယ်။ လူအများ စိတ်ချလက်ချ စားသုံးနိုင်အောင်ဆိုပြီး World Instant Noodles Association နဲ့ ဂျပန် Convenience Food Industry Association စတာတွေကနေ အရည်အသွေးအတွက် ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။
၁။ အထဲမှာ အဓိက (ကာဗွန်ဟိုက်ဒရိတ်) တွေပါတယ်။ လူတိုင်းအထွက် နေ့တိုင်းလိုတာမျိုးပါ။ သတိထားရမှာက တနေ့မှာ လိုတာထက် ပိုစားလိုက်ရင် အပိုကို သကြားဓါတ်အနေနဲ့ ကိုယ်ထဲမှာ သိုလှောင်ထားတယ်။ ဒါကို ထုတ်မသုံးနိုင်ရင် အဆီအဖြစ် သိုလှောင်မယ်။ ဒါကြောင့် လိုတာထက်ပိုမစားရင် ကျန်းမာရေးအတွက် မထိခိုက်နိုင်ဘူး။ ဆီးချိုရှိသူတွေက မများရပါ။
၂။ ဘယ်လိုဟာတွေပါနေသလဲသိသင့်တယ်။ နာမည်ရနေတဲ့ Maggi Noodles ကို Atta Noodles လို့ ကြော်ငြာထားတယ်။ ဂျုံညိုနဲ့လုပ်တာက ဂျုံဖြူထက်ကောင်းတယ်။ များရင်တော့ မကောင်းလှပါ။
၃။ ခေါက်ဆွဲထုပ်နဲ့တွဲစားမဲ့အစာတွေ သတိပြုပါ။ (ပရိုတင်း) ရအောင် ကြက်သား၊ ကြက်ဥရောမယ်ဆိုရင် ဒါတွေကိုပါ သတိထားပါ။ အလားတူ ဟင်းသီးဟင်းရွက်၊ အနံ့မွှေးတွေ ပါနေတာလဲ သတိထားပါ။
၄။ ဘယ်ဆီသုံးသလဲ။ ထောပတ်ပါလား။ ဆီ (အဆီ) ၁၈% ပါတယ်။
၅။ ခေါက်ဆွဲအရောင် ဝါလာအောင်၊ ဝါးလို့ကောင်းအောင် (ပိုတက်စီယမ်-ကာဗွန်နိတ်) ကိုထည့်တယ်။ အာဟာရတန်ဘိုး မရှိပါ။
ဂျပန်မှာ အနုမြူဓါတ်ပေါင်းဖို မတော်တဆဖြစ်ပြီးနောက် ဂျပန်ကလာတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို အတော် သတိထားကြရတယ်။ ၂၈-၃-၂၀၁၂ နေ့ တိုင်ဝမ်ကသတင်းတပုဒ်မှာ ဂျပန်ခေါက်ဆွဲခြောက်ထုပ်တွေထဲမှာ ဓါတ်ရောင်ခြည် သင့်ထားတယ်လို့ ဖတ်ရတယ်။ Iodine 131, cesium 134 and cesium 137 တွေ ပါနေသတဲ့။
နိုင်ငံရေးလုပ်ခဲ့စဉ်က
ပြည်ပရောက်တွေ ဖိုက်စတားသွားပြီး ဒိုင်းနင်း-ဝိုင်းနင်းလုပ်ကြတယ်လို့တော့ အပြောခံရတာဘဲ၊ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင် နိုင်ငံရေးလုပ်ရင်း ဟိုနိုင်ငံသည်နိုင်ငံတွေ ခရီးထွက်ရတော့ စီစဉ်သူတွေက ခရီးစရိတ်နဲ့ တည်းခိုတာဘဲ စီစဉ်ပေးတဲ့အခါဆိုရင် ဟော်တယ်မှာတည်းပြီး၊ ပါလာတဲ့ခေါက်ဆွဲခြောက်ထုပ်ပဲ အားပေးခဲ့ကြရပါတယ်။
အခြောက်တိုက်ဝေဖန်ကြသူတွေ ကျန်းမာကြပါစေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment