သဘာဝတရားနှင့် နီးနီးကပ်ကပ် နေထိုင်ခြင်း၏ အကျိုးကျေးဇူးများ
လူသားတို့တွင် ကျန်းမာစိုပြည်သော သဘာဝတရားနှင့် ဆက်နွှယ်လိုသည့် အခြေခံလိုအပ်ချက် တူညီစွာ ရှိကြပေလိမ့်မည်။ လူသားတို့သည် အစောပိုင်း ဆင့်ကဲပြောင်းလဲမှု ပတ်ဝန်းကျင်များတွင် ရှင်သန်ကြီးထွားရန် အခြားလူသားများကို အမှီပြုခဲ့ကြရသကဲ့သို့ပင်၊ ကျွန်ုပ်တို့၏ ဘိုးဘွားများသည်လည်း မိမိတို့ကိုယ်ကို ကျန်းမာစိုပြည်ပြီး အရင်းအမြစ် ကြွယ်ဝသော ပတ်ဝန်းကျင်များတွင် အခြေချ နေထိုင်ခဲ့ကြရန် လိုအပ်ခဲ့သည်။
သစ်ပင်များ၊ ငှက်များ၊ ရေ၊ မြေဆီလွှာ၊ အင်းဆက်ပိုးမွှားများ၊ နို့တိုက်သတ္တဝါများနှင့် လူသားများသည် သဘာဝတရားဟု တင်စားခေါ်ဝေါ်နိုင်သည့် ကျယ်ပြန့်လှသော ကွန်ရက်ကြီး၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ လူသားများသည် သဘာဝတရား၏ ကြီးမားလှသော ပါဝင်ပတ်သက်မှုများတွင် ငြင်းပယ်၍မရသည့် အစိတ်အပိုင်း တရပ် ဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အခြားသဘာဝ အစိတ်အပိုင်းများနှင့် သာမန်အားဖြင့် ခွဲခြားထားတတ်ကြသည်။ ဤသို့ ခွဲခြားခြင်းတွင် လုံးဝယုတ္တိတန်သော နည်းလမ်းများ ရှိပါသည်၊ ငါးသလောက်သည် ရှဥ့်မဟုတ်သကဲ့သို့ပင် လူသားသည်လည်း ကြက်တူရွေး မဟုတ်ပေ။
သို့သော်လည်း လူအများစုသည် လူသားမဟုတ်သော သဘာဝတရား၏ အစိတ်အပိုင်းများကို မိမိတို့နှင့် ထူးခြားစွာ ကွဲပြားနေသည်ဟု မြင်ကြသည်။ ဤအမြင်အရ မှိုနှင့် မြွေပါတို့သည် လူသားနှင့် တူသည်ထက် (သဘာဝတရား အနေဖြင့်) ၎င်းတို့အချင်းချင်းက ပို၍ တူညီကြသည်။ အချို့သော ဘာသာရေး အဆုံးအမများတွင် လူသားသည် သဘာဝတရားကို ထိန်းချုပ်ရမည်ဟူသော အဆင့်ဆင့် သတ်မှတ်ချက်ကို ဖော်ပြခြင်းဖြင့် ဤကွဲပြားမှုကို ပိုမိုအလေးပေးကြသည်။
ကမ္ဘာ့အစိုးရများနှင့် စီးပွားရေး စနစ်အများစုသည်လည်း နေရာဒေသများနှင့် သဘာဝအရင်းအမြစ်များအတွက် ပိုင်ဆိုင်ခွင့်နှင့် ဈေးနှုန်းများကို သတ်မှတ်ပြဋ္ဌာန်းခြင်းဖြင့် ထိုနည်းတူစွာပင် လုပ်ဆောင်ကြသည်။ အခြားသော ဒေသခံ ဌာနေတိုင်းရင်းသားတို့၏ ရိုးရာဓလေ့များတွင်မူ သဘာဝအရင်းအမြစ်များကို လူသားတို့ ဘဝနှင့် သာယာဝပြောရေးအတွက် မဖြစ်မနေ စားသုံးအသုံးပြုနေရသည့်တိုင်အောင်၊ လူသားတို့ကို သဘာဝလောက၏ အစိတ်အပိုင်း တရပ်အဖြစ် ပိုမိုရှုမြင်ကြပြီး ကွဲပြားမှု နည်းပါးသည်ဟု ယူဆကြသည်။
ဤအယူအဆများသည် ဆန့်ကျင်ဘက် ကမ္ဘာ့အမြင်များကဲ့သို့ ထင်ရသော်လည်း၊ ခေတ်သစ်စက်မှုခေတ်လွန် လူ့အဖွဲ့အစည်းများရှိ လူသားတို့သည် အဆိုပါ အယူအဆ နှစ်ရပ်စလုံးကို တပြိုင်တည်း လက်ခံထားလေ့ ရှိကြသည်။ ဥပမာအားဖြင့်၊ အမေရိကန် ကျောင်းသားအများစု (၇၅ ရာခိုင်နှုန်းကျော်) က ၎င်းတို့သည် သဘာဝတရား၏ အစိတ်အပိုင်း တရပ်ဖြစ်သည်ကို သဘောတူညီကြသော်လည်း၊ ၎င်းတို့အနက် အများစုကပင် ‘သဘာဝပတ်ဝန်းကျင်’ ဆိုသည်မှာ လူသားများနှင့် လူသားတို့၏ သြဇာသက်ရောက်မှု ကင်းစင်သော နေရာများဟု အဓိပ္ပာယ်ဖွင့်ဆိုကြဆဲ ဖြစ်သည် (Vining et al., 2008)။
တနည်းအားဖြင့်ဆိုသော် လူအများစုသည် ကျွန်ုပ်တို့ကိုယ်တိုင် သဘာဝတရား၏ အစိတ်အပိုင်း ဖြစ်သည်ဟူသော အချက်နှင့်၊ သဘာဝတရားဆိုသည်မှာ ကျွန်ုပ်တို့ မရှိသည့်နေရာများကို ခေါ်ဆိုသည်ဟူသော အဓိပ္ပာယ် ရှေ့နောက်မညီသည့် အယူအဆ နှစ်ရပ်စလုံးကို ပိုင်ဆိုင်ထားကြပုံရပေသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment