အုန်းနို့ခေါက်ဆွဲ Noodles with coconut Milk
၁။ အုန်းနို့ခေါက်ဆွဲက သွေးတိုးတတ်(တက်)ပါလား ဆရာ။
၂။ ကြိုက်တယ်ဆရာ။ ဒါပေမယ့် သွေးတိုးမှာကြောက်တယ်။
ဘယ်အစားအသောက်မှာမဆို အကောင်းနဲ့ သတိထားစရာတွေ ဒွန်တွဲနေပါတယ်။
အုန်းနို့ခေါက်ဆွဲထဲမှာ ဗီတာမင် စီ၊ အီး၊ ဘီ-၁၊ ဘီ-၅၊ ဘီ-၆ တွေနဲ့ ဆယ်လယ်နီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ မက်ဂနီဆီယမ်နဲ့ ဖေါ့စ်ဖါးရပ်စ် ဓါတ်ဆားတွေလည်းပါတယ်။ ကောင်းတယ်။ Lauric acid ကို ကိုယ်ကနေ Monolaurin အဖြစ်ပြောင်းပေးတယ်။ ဗက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ခုခံတိုက်ရာမှာ အသုံးကျတယ်။
နို့အမျိုးမျိုး (မိခင်နို့ + နွားနို့) ထဲမှာပါတဲ့ လက်တို့စ်ဓါတ်နဲ့ မတည့်သူတွေအတွက် အုန်းသီးက ထုတ်တာကတည့်တယ်။
ကလိုရီများတာတော့ သတိထားရပါမယ်။ ကျန်းမာရေးအတွက် မကောင်းပါ။ လူကိုပိုဝစေတယ်။
အုန်းနို့ခေါက်ဆွဲ တခွက်ကနေ ကယ်လိုရီ ၅၅ဝ ရမယ်။ လူတွေ တနေကုန် ၂ဝဝဝ-၂၅ဝဝ သာပျမ်းမျှလိုအပ်တယ်။ အဆီပါတာ များတယ်။ ပြည့်ဝဆီပါတယ်။ အဆီ 40 grams ရမယ်။ အဆီဓါတ်က အသားကရတဲ့အဆီထက်တော့ကောင်းတယ်။ HDL ကိုလက်စထော အကောင်းကို တိုးစေတယ်။ LDL ဆိုးတဲ့ကိုလက်စထောပါ များစေမယ်။
Coconut milk 100ml ကနေရမဲ့ အာဟာရဓါတ်များ
ကယ်လိုရီ = 154 calories
ပရိုတင်း = 1.4g protein
အဆီ = 15g fat (13.2g saturates)
ကာဗွန်ဟိုက်ဒရတ် = 3.4g carbohydrate
အုန်းနို့ခေါက်ဆွဲမှာ အုန်းနို့အပြင် အများကြီးပါသေးတယ်။ အုန်းနို့ကို ဗူးနဲ့ ကိုယ်တိုင်ညှစ်တာ တမျိုးမျိုးသုံးတယ်။ နွားနို့၊ နို့စိမ်းထည့်တဲ့သူက ထည့်တယ်။ ခေါက်ဆွဲအစို အလုံး၊ အပြားသုံးတယ်။ ကုလားပဲ၊ ဆီ၊ ငံပြာရည်၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ မှို၊ အသားတု၊ ကြက်အရိုး၊ ကြက်အသား၊ ကြက်အသဲအမြစ်၊ ကြက်ဥပြုတ်၊ ပဲကြော်၊ အီကြာကွေး၊ ငါးဖယ်ဆုတ်၊ မုံ့ကြွတ်ကြော်၊ သံပုရာသီး၊ နံနံပင်။
အုန်းနို့ခေါက်ဆွဲမှာ ပါနေတဲ့ အမယ်တခုချင်းကို မရေးတော့ပါ။ လူ ၄-၅၀၀ ကို ဖိတ်စာတမျိုးတည်း ဝေပါတယ်။ လူကြီးမင်းရဲ့ကျန်းမာရေးကို မမေးပါ။ အယုတ်အလတ်အမြတ်မရွေးဆိုတာ လူမှုရေးသာဖြစ်တယ်။ ကျန်းမာရေးမဟုတ်ပါ။ အခြေခံလမ်းညွှန်ကတော့ အသင့်အတင့်ဟာ ကျန်းမာရေးအတွက် သင့်တယ်။
ကိုယ့်ကျန်းမာရေး (သွေးတိုး + ဆီးချို + ကိုလက်စထော + ကိုယ်အလေးချိန်) သိပါ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment