အသက်ကြီးသူများအတွက် အကောင်းဆုံး ထိုင်နည်းစနစ်


မန္တလေးဆေးကျောင်းဆင်း ဆရာဝန်တွေ အတူတူထိုင်နေကြတဲ့ပုံတခု တွေ့ပါတယ်။ ဖျာခင်းပြီး စားပွဲဝိုင်းမှာ။

တင်ပလ္လင်ခွေ ကြာကြာထိုင်နိုင်သေးသူများ ငယ်ရွယ်ကြကုန်၏။

The best sitting position for seniors

ခြေဖဝါးနှစ်ဖက်လုံးကို ကြမ်းပြင်ပေါ်သို့ ပြားပြားပြန့်ပြန့် ချထားနိုင်ရမည်ဖြစ်ပြီး၊ ဒူးကို ထောင့်မှန်အတိုင်း ကွေးထားနိုင်ရမည် ဖြစ်သည်။ လက်မှီပါသော ကုလားထိုင်များကို ရှောင်ကြဉ်ပါ၊ အဘယ်ကြောင့်ဆိုသော် ထိုလက်မှီများက လူကြီးမင်းတို့၏ လှုပ်ရှားမှုကို ကန့်သတ်ပိတ်ပင်နိုင်သောကြောင့် ဖြစ်သည်။ ပွပွချောင်ချောင်နှင့် သက်သောင့်သက်သာရှိသော အဝတ်အစားများကို ဝတ်ဆင်ပါ၊ သောက်ရေတခွက်ကိုလည်း အနီးအနားတွင် အဆင်သင့် ဆောင်ထားပါ။

မှန်ကန်သော ထိုင်ပုံထိုင်နည်း အနေအထား

အချိန်အကြာကြီး ထိုင်ခြင်းသည် ခါးနာခြင်းနှင့် လည်ပင်းနာခြင်းတို့ကို မကြာခဏ ဖြစ်ပွားစေတတ်သော အကြောင်းရင်းတခု ဖြစ်သည်။ အချိန်အကြာကြီး ထိုင်ရမည့် အခြေအနေမျိုးကို ရှောင်ကြဉ်နိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း၊ လူအများစုအတွက်မူ ထိုသို့ထိုင်ရခြင်းသည် မလွှဲမရှောင်သာသော ဘဝအမှန်တရားတခု ဖြစ်နေတတ်သည်။

ထိုင်သည့်အခါ ခါးကို မတ်မတ်ထားရန်၊ ဒူးကို ကွေးထားရန်နှင့် ဦးခေါင်းကို ပခုံးနှစ်ဖက်၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေစေရန် အရေးကြီးသည်။ ရှေ့သို့ ကိုင်းညွတ် (ကုန်း) ၍ ထိုင်ခြင်းသည် သက်သောင့်သက်သာရှိပြီး ခါးရိုးကြွက်သားများကို အကြောလျှော့ပေးနိုင်သည်ဟု ထင်ရသော်လည်း၊ ရေရှည်တွင် ခါးရိုးပတ်တီးအကြောငယ် (Ligaments) များကို အလွန်အမင်း ဆွဲဆန့်သကဲ့သို့ ဖြစ်သွားစေကာ ခါးနာခြင်း၊ လည်ပင်းနာခြင်းနှင့် အခြားသော ဝေဒနာများကို ဖြစ်ပွားစေသည်။ ကျွန်ုပ်တို့အနေဖြင့် လူနာများကို မည်သည့်အချိန်တွင်မဆို ခါးရိုးဆစ် တည့်မတ်မျှတသော အနေအထား ("Neutral Spine" Position) တွင် အမြဲရှိနေစေရန် တိုက်တွန်းအားပေးလေ့ ရှိပါသည်။

ကုလားထိုင် နောက်မှီ (Seat Backrest) - မှန်ကန်သော ကုလားထိုင်တွင် နောက်သို့ အနည်းငယ် စောင်းရွှေ့နိုင်သော နောက်မှီ ပါရှိရမည်။ ဤအချက်သည် ခါးရိုးကြွက်သားများကို ပြေလျော့စေပြီး ခါးရိုးဆစ်ကြားရှိ ဖိအား (Discal Pressure) များကို လျော့နည်းစေသော အကျိုးသက်ရောက်မှု ရှိသည်။

လက်မှီ (Armrests) - လက်မှီများသည် လက်မောင်းနှစ်ဖက်အတွက် အထောက်အပံ့ ဖြစ်စေသဖြင့် လည်ပင်းနှင့် ပခုံးကြွက်သားများ (Trapezius and Shoulder Muscles) ၏ အလုပ်လုပ်ရမှုနှင့် ဒဏ်ပိမှုကို လျော့ကျစေသည်။ လက်မှီ၏ အမြင့်သည် လက်ဖျံကို သက်သောင့်သက်သာ မှီထားနိုင်ရမည်ဖြစ်ပြီး၊ လုပ်ငန်းခွင်ရှိ စားပွဲများအောက်သို့ ဝင်ဆံ့နိုင်လောက်အောင် နိမ့်ရမည်။

ခါးအောက်ပိုင်း အခုအခံ (Lumbar Support) - ကုလားထိုင်တွင် တပါတည်းပါရှိသော ခါးအခုအခံ သို့မဟုတ် အလွယ်တကူ ရွှေ့ပြောင်းနိုင်သော ခါးအခုအခံတခုခုကို ထည့်သွင်းအသုံးပြုခြင်းက ခါးအောက်ပိုင်း၏ သဘာဝအကွေးအဆန့်ကို ထိန်းသိမ်းပေးနိုင်သည်။ ဤကဲ့သို့သော အခုအခံအသေးလေးများသည် အလွန်အသုံးဝင်ပြီး၊ ထိရောက်မှုရှိကာ ဈေးနှုန်းလည်း အတော်အတန် သက်သာပါသည်။

ထိုင်ခုံအောက်ခံ၏ စောင်းထောင့် (Seat Bottom Angle) - ထိုင်ခုံမျက်နှာပြင်နှင့် ကြမ်းပြင်တို့၏ စောင်းထောင့် အနေအထားသည် တိကျသော သိပ္ပံနည်းကျ သတ်မှတ်ချက်ထက် မိမိ၏ စိတ်ကြိုက်ရွေးချယ်မှုအပေါ်တွင် ပို၍ မူတည်သည်။ သို့သော် ခါးရိုးကို သက်သောင့်သက်သာဖြင့် တည့်မတ်စွာ ထိန်းထားနိုင်ရန်တော့ လိုအပ်သည်။ ယေဘုယျအားဖြင့် ထိုင်ခုံအောက်ခံသည် ရှေ့သို့ ပို၍စောင်းလေ၊ ခါးရိုးကို တည့်မတ်စွာ ထိန်းထားနိုင်ရန်အတွက် ခါးအောက်ပိုင်း ပို၍ ဆန့်ထုတ်ပေးရလေ ဖြစ်သည်။

ထိုင်ခုံအမြင့် (Seat Height) - ထိုင်ခုံ၏ အမြင့်သည် ထိုင်ခုံနောက်မှီအဆုံးအထိ အပြည့်အဝ မှီထိုင်နိုင်ရမည်ဖြစ်ပြီး၊ ထိုသို့ထိုင်နေစဉ်တွင်လည်း ခြေဖဝါးနှစ်ဖက်လုံးက ကြမ်းပြင်သို့ ရောက်ရှိနေရမည်။ အကယ်၍ မမှီဘဲ ထိုကုလားထိုင်ကိုသာ အောင့်အည်းသုံးစွဲနေရပါက ခြေနင်းခုံ (Footrest) တခုခုကို အသုံးပြု၍ ကုစားပါ။

အထက်ဖော်ပြပါ အကြံပြုချက်များအပြင် အောက်ပါအချက်များကိုလည်း ပြုလုပ်ရန် အရေးကြီးသည် -

တနေ့တာလုံး မိမိ၏ ကိုယ်နေဟန်ထားကို သတိပြုပါ၊ ခါးရိုးတည့်မတ်စွာ ရှိနေပါစေ - ကုန်းမထိုင်ပါနှင့်။

အချိန်အကြာကြီး တနေရာတည်းတွင် ရှိနေပါက ပုံမှန်အတိုင်း ခေတ္တခဏ နားချိန်ယူပေးပါ၊ အကြောလျှော့ရန်လည်း သတိရပါ။

အချိန်အကြာကြီး တနေရာတည်းတွင် အလုပ်လုပ်ရပါက မှန်ကန်သော ကိရိယာများနှင့် ပစ္စည်းကိရိယာများကို သုံးပါ၊ ခန္ဓာကိုယ်နှင့် ကိုက်ညီအောင် ဒီဇိုင်းထုတ်ထားသော (Ergonomic) ပရိဘောဂများကို သုံးပါ၊ ကားမောင်းသည့်အခါ ခါးနာတတ်သည့် အရေးပေါ်အခြေအနေများအတွက် မိမိ၏ ကားထဲတွင်လည်း ခါးအခုအခံတခု ဆောင်ထားပါ။

မှန်ကန်သော မတ်တတ် ရပ်ပုံ အနေအထား

မတ်တတ်ရပ်ခြင်းသည် ကျွန်ုပ်တို့ နေ့စဉ်ပြုလုပ်နေကျ အရာတခု ဖြစ်သော်လည်း၊ ကျွန်ုပ်တို့ထဲမှ အများစုမှာ "မှန်ကန်စွာ မတ်တတ် ရပ်ခြင်း အနုပညာ" ကို ဒုတိယအကြိမ် ပြန်လည်မစဉ်းစားမိကြချေ။ အမှန်စင်စစ်တွင် လူအများစုသည် မိမိတို့၏ မတ်တတ်ရပ်တတ်သော အလေ့အထများက ခါးနှင့် လည်ပင်း ဝေဒနာများကို ဖြစ်ပွားစေနိုင်ကြောင်း မသိရှိကြပါ။

အကယ်၍ လူကြီးမင်းသည်လည်း ထိုသို့ မသိရှိခဲ့သော လူများထဲက တယောက်ဖြစ်ပါက အောက်ပါ "ယေဘုယျ မတ်တတ်ရပ်ခြင်း လမ်းညွှန်ချက်များ" က ကူညီပေးနိုင်ပါလိမ့်မည်။

မတ်တတ်ရပ်ခြင်းအတွက် ယေဘုယျ စည်းကမ်းချက်များ -

ဘေးတဖက်တချက်သို့ စောင်း၍ မတ်တတ် ရပ်ခြင်းထက် ခါးရိုးကို မတ်မတ်ထား၍ ရပ်ပါ။

ရှေ့သို့ ကိုင်းညွတ်ခြင်း (သို့မဟုတ်) ခါးကို နောက်သို့ အလွန်အမင်း ကော့ခြင်းတို့ကို ရှောင်ကြဉ်ပါ။

မေးစေ့ကို မြှင့်ထားပြီး ဦးခေါင်းကို ပခုံးနှစ်ဖက်၏ အလယ်ဗဟိုတည့်တည့်တွင် ထားပါ။

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်ထက် အနည်းငယ် ကျဉ်းသော အနေအထားဖြင့် ခွာထားပါ။

ဒူးကို အနည်းငယ် ကွေးထားပါ။

သက်သောင့်သက်သာရှိသော ဖိနပ်များကို ဝတ်ဆင်ပါ၊ ဒေါက်မြင့်ဖိနပ်များကိုမူ အိမ်မှာဘဲ ထားခဲ့ပါ။

အချိန်အကြာကြီး ငြိမ်သက်စွာ မတ်တတ် ရပ်နေခြင်းကို ရှောင်ကြဉ်ပါ၊ ထိုသို့ပြုလုပ်မည့်အစား ထိုင်ချလိုက်ပါ (သို့မဟုတ်) ဟိုဟိုဒီဒီ လှုပ်ရှားသွားလာပေးပါ။

မှန်ကန်သော လှဲလျောင်းပုံ (အိပ်စက်ပုံ) အနေအထား

ဘဝသက်တမ်း၏ ၃ ပုံ ၁ ပုံခန့်ကို ကုတင်ပေါ်၊ ဆိုဖာပေါ်နှင့် ကြမ်းပြင်ပေါ်တို့တွင် လှဲလျောင်းရင်း ကုန်ဆုံးကြရသည်။ အခြားသော ကိုယ်နေဟန်ထားများကဲ့သို့ပင် လှဲလျောင်းခြင်း၌လည်း မှန်ကန်သောနည်းလမ်းနှင့် မှားယွင်းသောနည်းလမ်းဟူ၍ ရှိသည်။ ဝေဒနာ ခံစားနေရသူများအတွက်မူ "နာကျင်မှုမရှိသော" အနေအထား (သို့မဟုတ်) ဝေဒနာကို ပိုမိုဆိုးရွားမသွားစေသော အနေအထားကို ရရှိရန်အတွက် အိပ်စက်သည့် ပုံစံကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။

မှောက်လျက် အိပ်ခြင်း (Lying On Your Stomach) - "မှောက်လျက် အိပ်ခြင်း" ကို အချိန်အကြာကြီး မပြုလုပ်သင့်ဘဲ ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် ခါးအောက်ပိုင်း အရိုးဆစ်များအပေါ်တွင် ဖိအားများ အလွန်အမင်း ကျရောက်စေပြီး လည်ပင်းကိုလည်း အလွန်အမင်း လှည့်ထားရသောကြောင့် ဖြစ်သည်။ ဤအနေအထားဖြင့် အချိန်အကြာကြီး နေပါက လည်ပင်းနာခြင်း၊ ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် လက်မောင်းများ ထုံကျင်ကိုက်ခဲခြင်း (Paresthesias) တို့ကို မကြာခဏ ခံစားရတတ်သည်။ အကယ်၍ နာကျင်မှုကို သက်သာစေရန် သို့မဟုတ် အခြားအကြောင်းရင်း တခုခုကြောင့် ဤအနေအထားဖြင့် မဖြစ်မနေ လှဲရမည်ဆိုပါက ခြေထောက်တဖက်ကို ကွေးထားပြီး၊ ထိုဘက်ရှိ လက်မောင်းကို ပခုံးနှင့် တံတောင်ဆစ် ထောင့်မှန် (၉၀ ဒီဂရီ) ခန့် မြှင့်တင်ထားပါ။

ပက်လက် အိပ်ခြင်း (Lying On Your Back) - လူအများစုသည် ပက်လက်အိပ်ခြင်းကို အတော်အတန် သက်သောင့်သက်သာရှိသော အနေအထားဟု ယူဆကြသည်။ ခါးဝေဒနာ ခံစားနေရသူများအတွက်မူ ဒူးအောက်တွင် ခေါင်းအုံးတလုံးကို ခေါက်၍ အောက်ကခံထားပေးခြင်းက ခါးအောက်ပိုင်း တင်းအားကို လျော့ကျစေပြီး ဤအနေအထားဖြင့် ပိုမို ခံသာစေပါလိမ့်မည်။ အချို့သောသူများအတွက်မူ ခါးအောက်ပိုင်း၌ ခေါင်းအုံးအသေးလေးတလုံး (သို့မဟုတ်) မျက်နှာသုတ်ပုဝါတခုခုကို လိပ်၍ ခံထားခြင်းက အထောက်အကူပြုသည်ကို တွေ့ရသည်။ ဤအချက်က ခါးရိုးဆစ်၏ သဘာဝအကွေးအဆန့်ကို ထိန်းသိမ်းပေးရန် ကူညီပေးပါလိမ့်မည်။

ဘေးစောင်း အိပ်ခြင်း (Lying On Your Side) - ဘေးစောင်းအိပ်ခြင်းသည် လူအများစု ကြိုက်နှစ်သက်သော အနေအထား ဖြစ်သည်။ ခါးဝေဒနာရှိသူများအတွက်လည်း သက်သာမှုရစေသော သက်သောင့်သက်သာရှိသည့် အနေအထားတခု ဖြစ်နိုင်သည်။ ဤအနေအထားဖြင့် အိပ်သည့်အခါ ဦးခေါင်းနှင့် လည်ပင်းအတွက် လုံလောက်သော အထောက်အပံ့ရှိရန် အရေးကြီးသည်။ ဦးခေါင်း/လည်ပင်းနှင့် ကုတင်အကြားရှိ လစ်ဟင်းနေသော နေရာလွတ်ကို ပြည့်စေမည့် ခေါင်းအုံးတလုံးကို အသုံးပြုရမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဦးခေါင်းနှင့် လည်ပင်းကို ကျောရိုးဆစ်များနှင့် တန်းတည်း ရှိနေစေရမည်။ ထို့ပြင် ဒူးနှစ်ဖက်ကြားတွင် ခေါင်းအုံးတလုံး ညှပ်ထားခြင်းက ခါးရိုးနှင့် တင်ပဆုံရိုးလိမ်ခြင်း (Lumbar and Pelvic Torsion) ကို လျော့နည်းစေပါလိမ့်မည်။ တင်ပါးဆုံကြီးပြီး ခါးသေးသော အမျိုးသမီးများအနေဖြင့် ခါးအောက်တွင် ခေါင်းအုံးအသေးလေးတလုံး ခံထားခြင်းက ဘေးစောင်းအိပ်နေစဉ် ကျောရိုးဆစ်များ ဘေးသို့ကွေးသွားခြင်းကို ကာကွယ်ပေးနိုင်သည်ကို တွေ့ရပါလိမ့်မည်။

ခေါင်းအုံးကို ရွေးချယ်ခြင်း

လည်ပင်းရိုးဆစ် (Cervical Spine) ကို အထောက်အပံ့ပေးနိုင်မည့် ခေါင်းအုံးကို ရွေးချယ်ရန် အလွန်အမင်း အရေးကြီးသည်၊ အထူးသဖြင့် လည်ပင်း သို့မဟုတ် ကျောအထက်ပိုင်း ဝေဒနာရှိသူများနှင့် ခေါင်းကိုက်တတ်သော ရောဂါရာဇဝင်ရှိသူများအတွက် ပို၍အရေးကြီးသည်။ ဈေးကွက်ထဲတွင် လည်ပင်းအုံး (Cervical Pillows) အမျိုးမျိုး ရှိသော်လည်း၊ ဈေးပေါသော ခေါင်းအုံးအများစု (ဒေါ်လာ ၂၀ အောက်) သည် မာကျောသော အမြှုပ် (Rigid Foam) များဖြင့် စနစ်မကျဘဲ ဒီဇိုင်းထုတ်ထားခြင်းကြောင့် ဦးခေါင်းနှင့် လည်ပင်း၏ သဘာဝအကွေးအဆန့်နှင့် အံဝင်ခွင်ကျ မဖြစ်တတ်ချေ။ မိမိ၏ ဦးခေါင်းနှင့် လည်ပင်း ပုံသဏ္ဌာန်၊ အရွယ်အစားတို့နှင့် အံဝင်ခွင်ကျဖြစ်ပြီး အထောက်အပံ့ကောင်းကောင်း ပေးနိုင်မည့် လည်ပင်းအုံးမျိုးကို ရှာဖွေရွေးချယ်ပါ။ အရည်အသွေးမြင့် ခေါင်းအုံးတလုံးအတွက် ငွေအနည်းငယ် ပိုမိုသုံးစွဲရခြင်းကို မနှမြောပါနှင့် - ၎င်းသည် သုံးစွဲရကျိုး အလွန်နပ်ပါသည်၊ ထို့ပြင် ၎င်းသည် နေ့စဉ်နှင့်အမျှ သုံးစွဲရမည့် အရာလည်း ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ