"ပြောရဦးမယ် မမြရီရေ"

အခါး စားလွန်းရင်လည်း သွေးတိုးတယ်ဆိုတာ ဟုတ်ပါသလား ဆရာ။

အခါး စားလွန်းခြင်းကြောင့် သွေးတိုးခြင်း မဖြစ်နိုင်ပါ။ 

ကမ္ဘာ့ကျန်းမာရေးသုတေသနများအရ ကန်စွန်းဥ၊ ကော်ဖီခါး၊ လက်ဖက်ရည်ကြမ်း နှင့် ကိုကိုးကဲ့သို့သော သဘာဝအသီးအနှံများမှရသည့် အခါးဓာတ်များသည် သွေးတိုးကျစေရန်နှင့် နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးရန် ပိုမိုအထောက်အကူပြုသည်ကို တွေ့ရပါသည်။ 

သို့သော်လည်း အခါးစားပြီး သွေးတိုးလာသကဲ့သို့ ခံစားရစေသည့် အောက်ပါ သွယ်ဝိုက်သောအကြောင်းရင်းများ ရှိနိုင်ပါသည် -

အခါးစားသော်လည်း သွေးတိုးရသည့် အကြောင်းရင်းများ

ဆားဓာတ် (Sodium) ပါဝင်မှုများခြင်း: မြန်မာ့ရိုးရာအစားအစာများတွင် ခါးသောအရသာရှိသည့် ကင်းပုံသီး၊ ကြက်ဟင်းခါးသီး၊ သို့မဟုတ် တမာရွက်တို့ကို ချက်ပြုတ်သည့်အခါ အရသာဆွဲဆောင်မှုရှိစေရန် ဆား၊ ငံပြာရည် သို့မဟုတ် ပုစွန်ခြောက်/ငါးခြောက်များ အလွန်အကျွံထည့်၍ သုပ်ခြင်း၊ ချက်ခြင်းများ ပြုလုပ်လေ့ရှိကြသည်။ ထိုဟင်းလျာများတွင်ပါဝင်သော ဆား (ဆိုဒီယမ်) များပြားခြင်းကသာ သွေးတိုးခြင်းကို တိုက်ရိုက်ဖြစ်စေပါသည်။

အချို့သော တိုင်းရင်းဆေးများနှင့် ဖြည့်စွက်စာများ: သဘာဝအတိုင်း အသီးအနှံစားခြင်းက သွေးမတိုးစေသော်လည်း အခါးရည်အပြင်းစားများ၊ သွေးသန့်ဆေးဟုဆိုကာ ဖော်စပ်ထားသော တိုင်းရင်းဆေးအချို့ သို့မဟုတ် အချို့သော အပင်မြစ် ဖြည့်စွက်ဆေးဝါးများ (ဥပမာ - Bitter Orange သို့မဟုတ် Licorice ရွှေနွယ်မြစ်) သည် သွေးဖိအားကို မြင့်တက်စေနိုင်ပါသည်။

ကဖင်းဓာတ် (Caffeine) လွန်ကဲခြင်း: အချို့က အခါးဓာတ်ရရန် ကော်ဖီခါးခါး သို့မဟုတ် လက်ဖက်ရည်ကြမ်း အပြင်းစားများကို တနေ့လျှင် ခွက်အရေအတွက် အမြောက်အမြား သောက်သုံးကြသည်။ ယင်းတွင်ပါဝင်သော ကဖင်းဓာတ်က နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးဖိအားကို ခေတ္တမြင့်တက်စေနိုင်ပါသည်။ 

သွေးတိုးရောဂါရှိသူများအတွက် သိမှတ်ဖွယ်ရာ

အကယ်၍ သွေးတိုးကျဆေး သောက်နေရသူဖြစ်ပါက အချို့သော သွေးတိုးဆေးများ (ဥပမာ - ACE inhibitors) ၏ ဘေးထွက်ဆိုးကျိုးကြောင့် ခံတွင်းပျက်ကာ အမြဲတမ်း ခါးသက်သက် အရသာရနေခြင်း မျိုးလည်း ဖြစ်တတ်ပါသည်။ ၎င်းမှာ အခါးစားခြင်းကြောင့် သွေးတိုးခြင်းမဟုတ်ဘဲ ဆေးကြောင့် အရသာခံစားမှု ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ 

သော်တာဆွေ ရေးသလို "ပြောရဦးမယ် မမြရီရေ"

မြန်မာပြည်မှာက ကိုယ်ရောင်းချင်တာဆို ကင်ဆာစုံပျောက်သတဲ့။ ရောင်းချသူနဲ့ မတည့်ရင် အဲဒီစားစရာ ကင်ဆာဖြစ်မယ်တဲ့။

အခါးစားရင် သွေးတိုးမယ်လို့ပြောတဲ့သူတွေဟာ ကြက်ဟင်းခါးပင်စိုက်သူ၊ ကြောင်လျှာသီးရောင်းသူနဲ့ အဆင်ပြေပုံမရ။

သတိထားစရာနောက်တချက် -

အခါးအရသာရှိတဲ့ အသီးအတွက်တွေနဲ့အတူ 

ရောချက်တဲ့ ငပိ၊ ငန်ပြာရည်၊ ပုစွန်ခြောက်တွေက ငန်နေရင် သွေးတိုးတက်နိုင်တယ်။ 

တို့စာတဲ့ ငပိရည်၊ ငပိချက်ကနေလည်း သွေးတိုးတက်နိုင်တယ်။ 

တွဲစားတဲ့ ငါးခြောက်နဲ့ လက်လုပ်ချဉ်တွေကြောင့်လည်း  သွေးတိုးတက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ