The Invisible Wall မမြင်ရတဲ့ နံရံကြီး
ဆေးကျောင်းတကျောင်းတည်းထွက်တဲ့ စီနီယာတန်းက သူငယ်ချင်းတယောက်က နယူးဒေလီမှာဘဲ WHO ဒေသဆိုင်ရာဒါရိုက်တာ လုပ်တယ်။ သူ့ရုံးက ဒေလီမြို့တောင်ပိုင်းမှာ။ ကျွန်တော် နိုင်ငံရေးအလုပ်နဲ့ ဒေလီတောင်ပိုင်းကို ခဏခဏသွားပါတယ်။ သူ့ရုံးနားလည်း မကြာခဏဖြတ်သွားရတယ်။ သူ့ဆီကို မဝင်ခဲ့ပါ။
သူနဲ့ ကျွန်တော့ကြားမှာ မမြင်ရတဲ့ တံတိုင်းကြီးတခု ခြားထားတယ်။
ကျွန်တော်က နိုင်ငံအလုပ်တဖက်နဲ့ မြန်မာဒုက္ခသည်တွေကို ချို့ချို့တဲ့တဲ့နဲ့ အခမဲ့ကုသပေးရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO ရဲ့ ဒါရိုက်တာ သူငယ်ချင်းဆီက အကူအညီမတောင်းခဲ့ပါ။ မြန်မာဒုက္ခသည်တွေကို ကူညီတာ စစ်အစိုးရသိရင် သူငယ်ချင်းရဲ့ ပတ်စပို့ကို ပယ်ဖျက်မှာ။
လူတိုင်းလိုလို ကြုံခဲ့ကြရပါလိမ့်မယ်။ အဲလို မမြင်ရတဲ့တံတိုင်းတွေ နေရာတကာမှာရှိတယ်။
၂၀၁၂ ခုနှစ်သြဂုတ်လကျမှသာ ကျွန်တော့ကို အမည်မည်းစာရင်းကနေ ဖျက်ပေးပါတယ်။ စစ်ယူနီဖောင်းချွတ် အစိုးရကိုလည်း မယုံလို့ မသွားသေးပါ။ ၂၀၁၈ ခုနှစ်ကျမှသာ မြန်မာပြည်ကို ပဌမဦးဆုံးတခေါက် အလည်ရောက်တယ်။
စစ်အစိုးရတွေဆိုတာ အဲလို။ အခု ပိုဆိုးတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment