Yard long beans ပဲတောင့်ရှည်
ပဲတောင့်ရှည်ကို အင်္ဂလိပ်လို Yardlong bean သို့မဟုတ် Long bean လို့ ခေါ်ပါတယ်။
ရုက္ခဗေဒအရ Vigna unguiculata မျိုးစိတ်ဝင် ဖြစ်သဖြင့် Legume (ပဲမျိုးရင်း) ထဲတွင် ပါဝင်ပါသည်။
ပဲတောင့်ရှည်မှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် အေ နှင့် ဖောလိတ် ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်။ အစာချေစနစ်ကို အထောက်အကူပြုခြင်း၊ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေရန် ကူညီပေးခြင်း၊ ကိုယ်ခံအားစနစ်ကို သန်မာစေခြင်းနှင့် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးခြင်းတို့ကို ပြုလုပ်ပေးသည်။
ပိုတက်ဆီယမ်နှင့် အမျှင်ဓာတ်တို့ ပေါင်းစပ်လုပ်ဆောင်ပြီး မကောင်းသော ကိုလက်စထရောများကို လျှော့ချပေးကာ သွေးဖိအားကို ပုံမှန်ဖြစ်စေရန် အထောက်အကူပြုသည်။
ဗီတာမင် စီ ကြွယ်ဝစွာပါဝင်သဖြင့် ဆဲလ်များကို ကာကွယ်ပေးပြီး ရောဂါကူးစက်မှုများကို တွန်းလှန်ပေးသည့် (antioxidant) အဖြစ် လုပ်ဆောင်ပေးသည်။
ဗီတာမင် အေ သင့်တင့်စွာ ပါဝင်သဖြင့် မျက်စိကျန်းမာစေရန် ကူညီပေးသည်။
မြန်မာလူမျိုးများသည် ပဲတောင့်ရှည်ကို အိမ်တိုင်းစေ့လိုလို ဟင်းလျာအမျိုးမျိုးတွင် စွယ်စုံ အသုံးပြု စားသုံးကြပါသည်။
၁။ အစိမ်းအတိုင်းနှင့် တို့စရာအဖြစ် စားသုံးခြင်း
ပဲတောင့်ရှည်ကို အစိမ်းလိုက်ဖြစ်စေ၊ ရေနွေးဖျက်/ပြုတ်၍ဖြစ်စေ ငပိရည်၊ ငါးပိထောက်၊ ငံပြာရည်ချက်၊ သရက်သီးသုပ် သို့မဟုတ် အိုးဘဲဥတို့နှင့် တို့စရာအဖြစ် မြိန်ရှက်စွာ စားသုံးကြပါသည်။
ရေနွေးဖျက်ထားသော ပဲတောင့်ရှည်ကို ပါးပါးလှီး၍ ပဲမှုန့်၊ ကြက်သွန်နီ၊ မြေပဲလှော်၊ ဆီချက်တို့နှင့် သုပ်စားကြသလို၊ သင်္ဘောသီးသုပ်နှင့် အခြားအသုပ်များတွင်လည်း အစိမ်းလိုက် ပါးပါးလှီး ထည့်ကြပါသည်။
၂။ ဟင်းချက်ပြုတ် စားသုံးခြင်း
ပဲတောင့်ရှည်ကို ဝက်သား၊ ကြက်သား၊ ပုစွန် သို့မဟုတ် ငါးခြောက်တို့နှင့် တွဲဖက်၍ အချိုကြော် သို့မဟုတ် စိမ့်နေအောင် ချက်စားကြပါသည်။
ကင်းပုံသီး၊ ဂေါ်ဖီ၊ မုန်လာဥနီတို့နှင့်ရော၍ ပဲတောင့်ရှည် အသီးအရွက်စုံကြော်အဖြစ်လည်း အသုံးများပါသည်။
ဟင်းခါး၊ ချဉ်ရည်ဟင်း (ဥပမာ - ဘဲဥချဉ်ရည်၊ ငါးချဉ်ရည်ဟင်း) တို့တွင် အသီးအနွံအဖြစ် ထည့်ချက်ကြပါသည်။
၃။ အစာပွဲများနှင့် မုန့်များတွင် ထည့်သွင်းခြင်း
တချို့ဒေသတွေမှာ မုန့်ဟင်းခါး၊ နန်းကြီးသုပ် စသည့် မုန့်ပွဲများတွင် ပဲတောင့်ရှည်ကို ပါးပါးလှီး၍ အပေါ်မှ ဖြူးစားကြပါသည်။
ပဲတောင့်ရှည်ကို မုန့်နှစ်စိမ်၍ ပဲတောင့်ရှည်ကြော်အဖြစ်လည်း သရေစာ စားသုံးကြပါသည်။
ပဲတောင့်ရှည်မှာ အစိမ်းနုရောင်၊ အစိမ်းရင့်ရောင်တွေသာမက ခရမ်းရောင်လည်း ရှိတယ်။ အတူတူသဘောဖြစ်ပါတယ်။
Purple Yardlong Bean ခရမ်းရောင် ပဲတောင့်ရှည်တွင် (Anthocyanin) ဟုခေါ်သည့် အောက်စီဒန့်ဆန့်ကျင်ပစ္စည်း အနည်းငယ် ပိုမိုပါဝင်သည်မှလွဲ၍ အာဟာရဓာတ်၊ အမျှင်ဓာတ်နှင့် အရသာပိုင်းတွင် အစိမ်းရောင်နှင့် အတူတူပင် ဖြစ်ပါသည်။
အညာမှာတော့ ပဲတောင့်ရှည်ကို အသား၊ ပုစွန်ခြောက်တမျိုးမျိုးနဲ့ ဆီလည်ရေလည် ချက်စားကြပါသေးတယ်။ ပဲမှုန့်၊ မြေပဲဆံထောင်း၊ ဆီချက်တို့နဲ့လည်း သုတ်စားကြတယ်။
တချို့က ပဲကုလားဟင်းထဲထည့်ကြပြီး၊ သီးစုံချဉ်ရေထဲမှာလည်း ထည့်လေ့ရှိကြပါတယ်။
စားကောင်းကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment