Zhulian Instant Coffee Plus ဇူလီယန်ကော်ဖီ
ကနေ့မေးတာ ၂ ယောက်ရှိတယ်။ Zhulian ဇူလီယန်ကော်ဖီအကြောင်း။ Zhulian Instant Coffee Plus ဆိုတာထဲမှာ Ginseng extract ပါတယ်လို့ ရေးထားတယ်။ Zhulian ဇူလီယန်ကုမ္ပဏီက ထိုင်း၊ မြန်မာနိုင်ငံ၊ မလေးရှားနဲ့ ကမော္ဘဒီးယားမှာသာရှိတယ်။ တခြားတိုင်းပြည်တွေမှာ မရှိပါ။
Zhulian ကော်ဖီဆေးသုတေသန မတွေ့သေးပါ။ ဆရာဝန်အနေနဲ့တော့ အကောင်း-အဆိုး မပြောနိုင်ပါ။ မပြောသင့်ပါ။ အစားအသောက်နဲ့ ဆေးဝါးတွေကို ဓါတ်ခွဲခန်းသုတေသန၊ အကောင်တွေကိုစမ်းတဲ့သုတေသန၊ စမ်းသပ်ခံလူနာတွေကို လေ့လာမှုနဲ့ ရေရှည်သုံးလို့ ဘာဖြစ်သလည်းဆိုတာတွေကိုကြည့်နိုင်မှသာ ကျန်းမာရေးအတွက် ကောင်းတယ်၊ မကောင်းဘူး၊ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေသိလာနိုင်တယ်ဖြစ်ပါတယ်။
Coffee Mix သောက်ခြင်းရဲ့ ကောင်းကျိုး-ဆိုးပြစ်တွေ သိချင်ပါတယ်ဆရာ။
• Coffee Mix ‘ကော်ဖီမစ်’ ကို သုတေသနလုပ်ထားတာ မတွေ့သလောက်ဖြစ်တယ်။ တွေ့ရင်ရေးပါမယ်။ ကော်ဖီထဲမှာပါတဲ့ ‘ကေဖင်း’ အကြောင်းရေးထားတယ်။ အထားခံအောင်လုပ်တဲ့ဓါတ်၊ အနံ့-အရသာအတွက် ထည့်တာနဲ့ ထုပ်ပိုးစရာတွေကိုလဲ သတိထားရပါမယ်။ ‘ကယ်လိုရီ’ ကိုလဲ တွက်ချက်ရပါမယ်။ အဆီပါဝင်မှုကိုလဲ တွက်ရပါမယ်။
• Instant coffee mix ‘အင်းစတင့် ကော်ဖီမစ်’ နဲ့ Powdered creamer ‘ခရမ်မာ နို့မှုံ့’ နှစ်မျိုးလုံးထဲမှာ High fat levels အဆီပါဝင်မှု များတယ်။ Fatty pork အဆီများတဲ့ဝက်သားနဲ့ ဆတူရှိတယ်လို့ ၂၄-၅-၂၀၁၃ နေ့ထုတ် တောင်ကိုရီးယား ဆေးသုတေသနသတင်းမှာပါတယ်။
• သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ Hwang Geum-taek ‘ဟွန် ဂွမ်-တိ’ ကနေပြောတာက အဲဒီ နှစ်မျိုးလုံးထဲမှာ လူတွေကျန်းမာရေးနဲ့မသင့်တဲ့ Saturated fat ပြည့်ဝဆီတွေ ပါနေတယ်လို့ဆိုပါတယ်။ သွေးထဲမှာ Cholesterol ‘ကိုလက်စထော’ ကို တက်စေပါမယ်။
• လေ့လာမှုလုပ်သူတွေကနေ ‘အင်းစတင့် ကော်ဖီမစ်’ ၁၁ မျိုးနဲ့ ‘ခရမ်မာ နို့မှုံ့’ ၁၄ မျိုးကို စမ်းသပ်ခဲ့တာပါ။
• ‘ခရမ်မာ နို့မှုံ့’ တွေထဲမှာ ၁၅့၄% ကနေ ၂၈့၅% ပါတယ်။ ၂၅% ဆိုတာ ဝက်သားအဆီနဲ့ဆတူတယ်။ ‘ကော်ဖီမစ်’ တွေထဲမှာ တမျိုးကလွဲရင် ၁ဝ% ပါတယ်။
• ‘ခရမ်မာ နို့မှုံ့’ ၁၂ မျိုးထဲမှာ ပြည့်ဝဆီ ၉၀% ပါတယ်။ ‘ကော်ဖီမစ်’ အားလုံးထဲမှာ ပြည့်ဝဆီ ၉၉% ပါတယ်။ ကြက်သားထဲမှာ ၂၉% နဲ့ အမဲသားထဲမှာ ၄၀% ပါတာနဲ့ယှဉ်ကြည့်သင့်တယ်။
• ‘ကိုလက်စထော’ များသူတွေဟာ နှလုံး-သွေးကြောရောဂါဖြစ်ဘို့ သတိထားကြပါတယ်။
• ၁၉-၂-၂၀၁၄ နေ့ကလာတဲ့ ဘီဘီစီကျန်းမာရေးသတင်းမှာ အစားအသောက်တွေကို ထုပ်ပိုးတဲ့ပစ္စည်းတွေရဲ့ ကျန်းမာရေး အန္တရာယ်အကြောင်းကို သိပ္ပံပညာရှင်တွေသိထားတာ နည်းနည်းလေးသာ ရှိသေးတယ်လို့ ပါရှိခဲ့တယ်။ ကနေ့အထိ အစားအသောက်တွေကို ထုပ်ပိုးဘို့ ဓါတုပစ္စည်းအမယ်ပေါင်း ၄ဝဝဝ လောက် သုံးနေကြပါတယ်။ ဒါတွေနဲ့ လူကိုဝစေတာ၊ ဆီးချိုဖြစ်တာ၊ အာရုံကြောထိခိုက်တာတွေကို လေ့လာဘို့ အများကြီး လိုနေပါသေးတယ်။ Formaldehyde ‘ဖေါ်မယ်လဒီဟိုက်’ ပါနေရင် ကင်ဆာကိုဖြစ်စေနိုင်တယ်။ ရေအပါအဝင် သောက်စရာတွေထည့်တဲ့ ပလပ်စတစ်ထဲမှာ ပါတတ်တယ်။
ဒေါက်တာတင့်ဆွေ
.jpg)
Comments
Post a Comment