Flu shot တုပ်ကွေးကာကွယ်ဆေး

၁။ မင်္ဂလာပါ ဆရာရှင့် ကျမ သားလေးက အသက် ၂ နှစ် ၁၀ လပါရှင့် တုတ်ကွေး(တုပ်ကွေး)ကာကွယ်ဆေး ထိုးချင်ပါတယ်ရှင့် ကာကွယ်ဆေးအကြောင်းအရာ‌နှင့် ဘေးထွက်ဆိုးကျိုးလေး သိချင်ပါတယ်ရှင် ရိုသေလေးစားလျှက်(လျက်)ပါရှင့်
၂။ ဆရာရှင့် သားသားကို မူကြိုကျောင်းထားတော့မှာမို့ တုတ်ကွေး(တုပ်ကွေး) ကာကွယ်ဆေး ထိုးထားပေးသင့်လားရှင့်။

တုပ်ကွေးလို့ ရေးရတယ်။ မှားရေးနေသူတွေ မနည်းပါ။ ခုတလော နေ့တိုင်းတွေ့တယ်။ ယူကေမှာ Flu jab တဲ့။ ယူအက်စ်မှာ Flu shot တဲ့။ မြန်မာပြည်မှာ ခေါ်ချင်သလို ခေါ်နိုင်တယ်။ တုပ်ကွေးကာကွယ်ဆေးကို WHO သတ်မှတ်ချက်ကတော့ အသက်ကြီး-နာမကျန်းသူတွေ၊ နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ၆ လကနေ ၂ နှစ်အထိ ကလေးတွေကို ထိုးစေပါတယ်။ အမေရိကားမှာ အသက် ၆ လအထက်ကိုသာထိုးတယ်။ 

ထိရောက်မှုအတွက် မတူတဲ့ကိန်းဂဏန်းတွေရှိတယ်။ အသက် ၂ နှစ်အောက်ကလေးတွေကို live attenuated vaccine ဆေးမထိုးဘို့ ကန့်သတ်ထားပါတယ်။ inactivated vaccines အမျိုးအစားဆိုရင် တိတိကျကျ ပြောမရသေးပါ။ HIV ရှိနေသူတွေကို ထိုးစေတယ်။ ကာကွယ်ဆေးထိုးပြီး ၂-၄ ပါတ်နေရင် ခုခံနိုင်စွမ်း အမြင့်ဆုံးဖြစ်တယ်။ ၆ လ နောက်မှာကျလာတယ်။ ၂-၃ နှစ် လောက်အထိ တန်းနေတယ်။

Flu vaccines ဆေးတွေကတော့ -
1. TIV, QIV (injection of trivalent or quadrivalent, killed vaccine) အသားဆေးထိုးဆေးနဲ့
2. LAIV, Q/LAIV (nasal spray of live attenuated influenza vaccine) နှာခေါင်းထဲထည့်ဆေးဖြစ်တယ်။

ဆေးထိုးလိုက်ရင် နှာရည်ယိုတယ်၊ လည်ချောင်းနာတာ၊ ကြက်ဥနဲ့မတည့်တာတွေဖြစ်နိုင်တယ်။ ဆေးစျေးနဲ့ ထိရောက်မှု အကောင်း-အဆိုး ငြင်းနေကြတုံးဘဲ။ ကျွန်တော်တော့ ထိရောက်တယ်ထင်တယ်။ ဘေးထွက်သက်ရောက်မှုလည်း မခံရပါ။ 

အမေရိကားမှာ Nasal spray (Live attenuated virus) နှာခေါင်းပန်းရတဲ့ တုပ်ကွေးကာကွယ်ဆေးကို ဒီလိုလူတွေကို မသုံးဘို့ အကြံပေးထားတယ်။
• ၂ နှစ်အောက်ကလေးတွေ၊
• အသက် ၅ဝ ကျော်သူတွေ၊
• အလာဂျီရတတ်သူတွေ၊
• ပန်းနာရှိသူတွေ၊
• ကလေးတွေမှာ Aspirin ဆေးပေးနေရသူတွေ၊
• နှလုံး၊ အဆုပ်၊ ကျောက်ကပ်၊ အသဲ၊ ဦးနှောက်နဲ့အာရုံကြော၊ သွေးရောဂါရှိနေသူတွေ၊
• AIDS ရှိသူတွေနဲ့
• ကိုယ်ဝန်ဆောင်တွေ။
• ကြက်ဥနဲ့မတည့်သူတွေကို တုပ်ကွေးကာကွယ်ဆေးပေးလို့မရပါ။ Flublok Seasonal Influenza (Flu) Vaccine ကို အသက် (၁၈) နှစ်ကျော်ရင် ထိုးနိုင်တယ်။

ကွန်မင့်တခုက ရန်ကုန်မှာ တုပ်ကွေးကာကွယ်ဆေး မထိရောက်ပါလို့ ရေးတယ်။ သူရေးတာ ဖြစ်နိုင်တယ်။ တုပ်ကွေးကာကွယ်ဆေးက နှစ်တိုင်း အသစ်ထုတ်ရတယ်။ ကျွန်တော်တို့ အများကြီး ကြိုးစားကြရမယ်။ 

Flu shot တုပ်ကွေးကာကွယ်ဆေး https://dr-tint-swe.blogspot.com/2020/12/flu-shot.html
Vaccines ကာကွယ်ဆေးတွေ တရက်တည်းမှာထိုးလို့ရသလား https://dr-tint-swe.blogspot.com/2021/06/vaccines.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ