ရေယုံဆိုတာ Virus Infections ဗိုင်းရပ်စ် ကနေဖြစ်တယ်။ ပြန်ပြန်ဖြစ်တတ်တယ်။ နေရာ အတော်များများမှာဖြစ်တယ်။ ပါးစပ်၊ နုပ်ခမ်း၊ အရေပြား၊ မျက်စိ၊ လိင်လမ်းကြောင်းတွေမှာ ဖြစ်တယ်။ Cold sores လို့လဲ ခေါ်တယ်။
အနာနဲ့ဖြစ်ဖြစ် အနာမဟုတ်တဲ့နေရာဖြစ်ဖြစ်နဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်တယ်။ အနာက မီးလောင်ဖုလေးတွေလို နေမယ်။ ကိုယ်ပူတာ၊ နေထိုင်မကောင်းတာတွေပါ ခံစားရတတ်တယ်။ ဗိုင်းရပ်စ်ကနေဖြစ်တာမို့ နိုင်တဲ့ဆေးဆိုတာ မရှိပါ။ သက်သာစေမဲ့ ဆေးတွေသာ ရှိတယ်။
Herpes simplex virus (HSV) အမျိုးအစား ၂ မျိုးရှိတယ်။ HSV-1 နဲ့ HSV-2 ဖြစ်ကြတယ်။
(၁) HSV-1 ဗိုင်းရပ်စ်ကနေ Herpes labialis ပါးစပ်၊ နုပ်ခမ်း၊ Herpes simplex အရေပြားနဲ့ Herpes keratitis မျက်ကြည်လွှာတွေမှာ ဖြစ်စေတယ်။
(၂) HSV-2 အမျိုးအစားဟာ genital herpes လိင်လမ်းကြောင်းမှာ ဖြစ်စေတယ်။ ဒါပေမဲ့ အဲလို အတိအကျတော့ ကံသေကမ္မ ပြောမရဘူး။ Blisters အနာပျောက်ပေမဲ့ ဗိုင်းရပ်စ်က Nerve cells (Ganglia) အာရုံကြောထဲမှာ ကျန်နေသေးမယ်။ ဒါ့ကြောင့် ပြန်ပြန်ဖြစ်စေတယ်။ အရေပြားနဲ့ အရေပြားနုလွှာထဲမှာလဲ ပိုးကကျန်နေနိုင်တယ်။ အကြောင်းတခုခုကြောင့် ကိုယ်ပူချိန်၊ ရာသီလာချိန်၊ စိတ်ဖိအားများချိန်၊ ကိုယ်ခံအား ကျနေချိန်တွေမှာ ရောဂါပြန်ပေါ်တတ်တယ်။
– Oral Infection ပါးစပ်မှာဖြစ်တာကို ဆေးစာနဲ့ Herpetic gingivostomatitis ခေါ်တယ်။
– Genital Infection လိင်လမ်းမှာဖြစ်တာ ပိုဆိုးနိုင်တယ်။ တချို့မှာ သိပ်မခံစားရဘူး။
– ဗက်တီးရီးယားပါ ထပ်ဆင့်ဝင်နိုင်တယ် အနံ့ဆိုးတဲ့အရည် ထွက်မယ်။
– ကိုယ်ခံအား နည်းနေသူတွေမှာ ဖြစ်ရင် အနာက ပိုပိုကြီးလာမယ်။ ပျောက်ဘို့ ကြာတယ်။ ကိုယ်ထဲအထိ ရောဂါရောက်နိုင်တယ်။ အစာမြိုပြွန် နဲ့ အဆုပ်၊ အူမကြီးအထိရောက်နိုင်တယ်။
– HSV-1 ပိုးကနေ Cornea မျက်ကြည်လွှာမှာဖြစ်ရင် မျက်စိနာမယ်။ Herpes simplex keratitis ခေါ်တယ်။ အမြင်ထိခိုက်စေမယ်။ အလင်းရောင်ကိုမကြည့်နိုင်ဘူး။ ဆေးမကုဘဲထားရင် အပြင်တိမ်ဖြစ်ပြီး Corneal transplantation မျက်ကြည်လွှာလဲတာ လုပ်ရမယ်။
– HSV ပိုးကြောင့် ဦးနှောက်မှာဖြစ်ရင် Herpes encephalitis ခေါ်တယ်။ ကိုယ်ပူမယ်၊ စိတ်မကြည်မလင်ဖြစ်မယ်၊ တက်မယ်၊ သေနိုင်တယ်။
– ကိုယ်ဝန်ဆောင် မိခင်လောင်းကနေ သူ့ကလေးကို ကူးစေနိုင်တယ်။ Neonatal herpes ဖြစ်စေတယ်။ မွေးလမ်းကြောင်းအနားမှာ ရေယုံဖြစ်နေရင် မွေးဖွါးနေတုံးမှာ ကူးစေတာဖြစ်တယ်။ မမွေးခင်ကလေးဆီကူးတယ်ဆိုတာ အလွန်ရှားတယ်။
ဗိုင်းရပ်စ်ကို မသေစေနိုင်ပေမဲ့ ရောဂါကို ဘယ်လိုသက်သာအောင်လုပ်မလဲ
– Antiviral Drugs ဆေးဆိုတာမရှိသေးပါ။ ပြန်ဖြစ်နေသူတွေကိုတော့ Acyclovir, Valacyclovir, Famciclovir စားဆေးတွေက သက်သာရာ ရစေနိုင်တယ်။ စောစောဆေးပေးတာ ပိုသက်သာစေတယ်။
– Penciclovir cream လိမ်းဆေးကို နေ့ခင်းမှာ ၂ နာရီတခါ လိမ်းသင့်တယ်။
– Docosanol ဆေးပါတဲ့ Creams လိမ်းဆေးကို တနေ့ ၅ ခါလိမ်းတာလဲ သက်သာစေမယ်။
ဆိုးဝါးတဲ့ Herpes encephalitis ဦးနှောက် နဲ့ မွေးစကလေးတွေအတွက် Acyclovir ဆေးကို IV သွေးပြန်ကြောထဲ ထိုးပေးရမယ်။
– Herpes simplex keratitis မျက်စိဖြစ်တာဆိုရင် Trifluridine eye drops မျက်စဉ်းခပ်ရမယ်။ ဆေးတွေအပြင် အနာနေရာကို သန့်ရှင်းစေတာ လုပ်ရမယ်။ နာတာအတွက် ရေခဲတင်နိုင်တယ်။
– Topical anesthetics (Tetracaine cream or Benzocaine ointment) နာတာသက်သာစေတဲ ထုံဆေးလဲ သုံးနိုင်တယ်။ ပါးစပ်မှာ ဖြစ်တဲ့အနာ နာရင် Lidocaine သုံးနိုင်တယ်။ မျိုမချရဘူး။
– Pain relievers နာတာသက်သာစေတဲ့ စားဆေးတွေလဲ သုံးနိုင်တယ်။
နောက်ထပ် မဖြစ်အောင် ရေယုံဖြစ်စေတယ်လို့ ထင်တဲ့ အလေ့အထ နဲ့ အစားအသောက် ရှောင်သင့်တယ်။ နှုပ်ခမ်း အနာရှိသူနဲ့ ပါးစပ်သုံး နမ်းတာ မလုပ်ရ၊ လိင်လမ်းဖြစ်သူနဲ့ လိင်ဆက်ဆံတာ ရှောင်ပါ။ လက်ပွန်းတတည်း မနေပါနဲ့။
Acyclovir
• Acyclovir ဆေးကနေ ဗိုင်းရပ်စ်ကိုမသေစေပါ။ ဒါပေမဲ့တိုးပွါးလာမှာကိုတားပေးပါမယ်။ ရောဂါလက္ခဏာကိုလဲ သက်သာစေမယ်။ Genital herpes လိင်လမ်းရေယုံ၊ Cold sores နှုပ်ခမ်းရေယုံ၊ Shingles ရှင်ဂဲလ် နဲ့ Chicken pox ရေကျောက်ရောဂါတွေကို ပေးတယ်။
• ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ Common cold အအေးမိတာနဲ့ Flu တုပ်ကွေးကိုတော့ မပေးပါ။
• ရောဂါလက္ခဏာတွေဖြစ်တဲ့ နာတာ၊ ပူလောင်တာ၊ ကျင်တာနဲ့ အပူဖူးပေါက်တာတွေ စဖြစ်ကတည်းက ဆေးစသောက်ရမယ်။ ဆေးသောက်နေချိန်မှာလဲ သူများကိုကူးစက်နိုင်တာသတိထားပါ။ အနာနေရာကို မထိစေပါနဲ့။ မျက်စိနဲ့မထိပါစေနဲ့။ လက်ကိုမကြာခဏဆေးကြောပါ။
• ဒီဆေးကို ကိုယ်ဝန်အတွက် FDA pregnancy category B လို့သတ်မှတ်ထားလို့ အကျိုးကပိုတာဆိုရင် ပေးနိုင်တယ်။
• ဆေးကို အစာနဲ့နီးရင်ပိုသင့်တယ်။ အစာမရှိလဲ သောက်နိုင်ပါတယ်။
• အနာနေရာကို ခြောက်သွေ့နေစေပါ။ အဝတ်အစား တင်းကျပ်မနေစေပါနဲ့။
• Genital herpes လိင်လမ်းရေယုံဖြစ်နေချိန်မှာ အတူမနေပါနဲ့။ (ကွန်ဒွမ်) သုံးလို့တော့ရပါတယ်။
• ဆီးနည်းလာရင် သတိထားပါ။ ရေသောက်မနည်းစေပါနဲ့။
• ဆေးသောက်နေချိန်မှာ သွေးထွက်လွယ်တတ်တယ်။ အားယုတ်တာခံစားရနိုင်တယ်။ တချို့မှာ ပျို့-အန်တတ်တယ်။ ဝမ်းလျောနိုင်တယ်။ အစားပျက်၊ ဗိုက်အောင့်တတ်တယ်။ ခေါင်းကိုက်၊ ခြေလက်ရောင်နိုင်တယ်။
ဆေးဘယ်လိုပေးမလဲ
• Herpes Simplex ရိုးရိုးရေယုံ = Acyclovir 200 mg တနေ့ ၅ ကြိမ်၊ ၅-၁ဝ ရက်။ ပြန်ဖြစ်ရင် 400mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်။ ပိုးကိုနှိမ်ထားဘို့အတွက် Acyclovir 200 mg တနေ့ ၁-၂ ကြိမ်၊ ရက်အကြာကြီးသောက်ပါ။
• Shingles (Herpes Zoster) အပူလောင်သလိုအဖူးတွေအများကြီး ကိုယ်ခန္ဓာမှာဖြစ်တာ = Acyclovir 800mg တနေ့ ၅ ကြိမ်၊ ၇-၁ဝ ရက်။
• Chickenpox (Varicella Zoster) ရေကျောက် = Acyclovir 800 mg တနေ့ ၄ ကြိမ်၊ ၅ ရက်။
Herpes Simplex ရိုးရိုး ရေယုံ
ဆရာရှင့် ကျမအဲ့လိုပေါက်နေတာ ဘာလို့ခေါ်လဲရှင့် နာတယ် စပ်တယ် ရေနွေးပူလောင်သလိုစပ်နေပါတယ်ရှင့် အဲ့ဒါလိမ်းတယ် အဆင်မပြေသလိုပဲ ဘာလိမ်းရမလဲရှင့် ဆေးထိုးကြောက်လို့ပါ ပွားလဲပွားပါတယ်
ပုံအရတော့ ရေယုံနဲ့တူတယ်။
ရေယုံက ၄-၅ မျိုးရှိတယ်။
အများဆုံးဖြစ်လေ့ရှိတဲ့ ရိုးရိုးရေယုံက မီးလောင်ဖုသေးသေးလေးတွေလို တကိုယ်လုံးမှာ ဖြစ်နိုင်တယ်။ နာတယ်။ ပူလောင်တယ်။ ပွားတယ်။ ကိုယ်ပူနိုင်တယ်။ ဆိုင်ရာနေရာက တက်စေ့ ခေါ် လင့်ဖ်နုတ်တွေ ရောင်မယ်။ သူ့ရာသီနဲ့သူ အဖြစ်များလေ့ရှိတယ်။
မေးတဲ့သူ အသက် မသိ။ ရှင်းဂဲလ် ဆိုတာက အသက်ကြီးသူတွေမှာ ပိုဆိုးတယ်။ အလွန်နာမယ်။
ရေယုံအတွက် ထိုးဆေးမလို။ အလိုလိုပျောက်တယ်။ စားဆေးနဲ့ လိမ်းဆေးရှိတယ်။ ရှင်းဂဲလ် ကာကွယ်ဆေးသာရှိတယ်။Herpes Simplex ရိုးရိုး ရေယုံ https://dr-tint-swe.blogspot.com/2021/01/herpes-simplex.html
Herpes labialis နှုတ်ခမ်းရေယုံ https://dr-tint-swe.blogspot.com/2020/12/herpes-labialis.html
Genital Herpes လိင်လမ်း ရေယုံ https://dr-tint-swe.blogspot.com/2021/01/genital-herpes_30.html
Shingles ရှင်းဂဲလ် ခေါ် ဆင်ဖြူတော်ရေယုံ https://dr-tint-swe.blogspot.com/2021/05/shingles.html
Eye herpes မျက်စိ ရေယုံ https://dr-tint-swe.blogspot.com/2021/01/eye-herpes.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment