Review သမင်လည်ပြန်ကြည့်ခြင်း

(၂၀၂၀ ခုနှစ်က ဒီလိုနေ့မှာ ရေးထားတာဖြစ်ပါတယ်။)
တနှစ်ကုန်တိုင်း ပြီးခဲ့တဲ့နှစ်ကို ပြန်ပြီး သုံးသပ်ကြတယ်။ ကိုယ့်ကိုယ်ကို သုံးသပ်ကြတယ်။ တိုင်းပြည်ကို သုံးသပ်တယ်။
နှစ်ဆန်းရက်ဟာ လွတ်လပ်ရေး နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေတယ်။
လွန်လပ်ရေးက ကျွန်တော့်ထက် ၈ လသာကြီးတယ်။ ဖဆပလ ခေတ်ကို အစအဆုံးမီတယ်။ ငယ်သေးတော့ သိတာ နည်းတယ်။ မှတ်မိတာလည်း နည်းတယ်။ မေ့မရတာတွေ မမေ့ပါ။ ဇာတိမင်းရွာမှာ သူပုန်တွေ ဓါးပြတွေပေါတယ်။ ပြည်တော်သာကျောင်းလေးတကျောင်းရတယ်။ ရွာက အရင်ကထက်တော့ တိုးတက်လာပါတယ်။ အေးချမ်းပါတယ်။
အနီ နဲ့ အဝါ နောက်ဆုံးရွေးကောက်ပွဲမှာ ပြိုင်ကြတော့ မုံရွာမှာ။ ဖဆပလ နှစ်ခြမ်းကွဲတော့ ၅ တန်း။ တော်လှန်ရေးကောင်စီက အာဏာသိမ်းတော့ ၈ တန်း။ မဆလ ၂၆ နှစ် အစအဆုံးမိတယ်။ ၁၉၈၈ အရေးအခင်းကြီးနေ့ဟာ အစိုးရခန့်ဆရာဝန် လုပ်သက် ၁၅ နှစ်ရဲ့ နောက်ဆုံးနေ့။ နဝတ ကနေ နအဖ မဖြစ်ခင် ပြည်ပရောက်သွားရတယ်။
လွတ်လပ်ရေး ၇၁ နှစ်ပြည့်ချိန် သမင်အိုကြီး မြင်နိုင်လောက် ကြည့်တယ်။
ရွာကို ကားနဲ့သွားလို့ရပြီ။ တောသူတွေ ဆိုင်ကယ်စီးနေကြတယ်။ မင်းရွာမှာ အရင်မူလတန်းကျောင်းပဲ ဆက်ရှိနေတယ်။ မုံရွာအထက်တန်းကျောင်းကလည်း အဆောက်အဦဟောင်းပဲ ဆက်ရှိနေတယ်။ ရှေးဟောင်းအမွေအနှစ် ထိန်းထားတာ။
ဖဆပလ မရှိတော့။ အရပ်သားတွေက အစိုးရ လုပ်နိုင်လာတယ်။ နဝတ နဲ့ နအဖ အမည်တွေတော့ မရှိတော့။ အမည်ပြောင်းထားတယ်။
အရင်က ကျောင်းသားတွေ မုံ့ဖိုးက ၅ ပြား ၁၀ ပြားဆိုရတယ်။ အခု ကျောင်းသားတွေဘဝ အတော်ကို တိုးတက်နေပြီ။
အရင်က ရှားရှားပါးပါး ပညာတော်သင်တွေသာ သွားနိုင်တဲ့ နိုင်ငံခြားမှာ လူ ၃ သန်းကျော်ရောက်နေကြပြီ။ အတော်ကို တိုးတက်လာတယ်။
ရေနံဆီမီးခွက်လေးတွေလည်း ပျောက်ကုန်ကြပြီ။ သစ်တောတွေကတော့ ဘဝတပါး ပြောင်းကုန်ကြတယ်။
ရွာမှာ သူပုန်မရှိတော့ပါ။ တိုင်းပြည်တဝှမ်းမှာ သူပုန်လို့ မခေါ်ရတဲ့ လက်နက်ကိုင်အဖွဲ့တွေ အရေအတွက် ၁၅ ဆလောက် ဖြစ်လာတယ်။ တိုးတက်လာတယ်။
လွတ်လပ်ရေးကျောက်တိုင်ကြီး မယိုင်မလဲ တည်မြဲနေတယ်။ ဒါပေမဲ့ ကျောက်တိုင်ကစာတွေနဲ့ မတူတာတွေရေး မတူတာတွေ လုပ်နေကြတယ်။
ပြည်ပမှာနေရသူတွေက ကျွန်တော်ကတော့ မတိုးတက်ပါ။ ခုခေတ်ရေးနေတဲ့ မြန်မာစာသတ်ပုံတွေကို မဖတ်တတ်တော့ပါ။ ညံ့၏။
လူတိုင်းက ၂၀၂၄ ကို သမင်လည်ပြန်ကြည့်သင့်ကြပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ