Acne Scars ဝက်ခြံအမာရွတ်

၁။ မျက်နှာမှာ ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေရော ဘယ်လိုအမြန်ဆုံးပျောက်အောင် ကုမလဲဆရာ။ ယိုးဒယား beauty clinic မှာ စျေးကြီးပေးပြီး scrub သဘောမျိုးပေါ့။ အရေပြားကွာသွားရင် အမာရွတ်ပါ ပါသွားမယ်ဆိုလို့ လုပ်လိုက်တာ ဝက်ခြံညှစ်တံတွေနဲ့ညှစ်တာ အရေပြားကွာပေမဲ့ အမာရွတ်တွေ ပိုကျန်ခဲ့ပါတယ်ဆရာ။

၂။ ဆရာ ဝက်ခြံပေါက်ပြီးရင် ချိုင့်တွေမကျန်အောင် ဘာလုပ်ရမလဲဆရာ။ ရှိပြီးသားချိုင့်တွေ ပျောက်အောင်ရော ဘာလုပ်ရမလဲ။

၃။ ကျွန်တော်က အသက်၂ဝ ရှိပါပြီ။ မျက်နှာမှာ အခုတလော အကွက်မည်းတွေထွက်နေပါတယ်။ နားလည်သလောက် အင်တာနက်မှာရှာကြည့်တော့ zits လို့ခေါ်မလား၊ acne scars လို့ခေါ်မလား မသိဘူးခင်ဗျ။ အသားတွေက တဖြည်းဖြည်း အစားခံရသလိုဖြစ်နေလို့ပါ။ တဖြည်းဖြည်းအသားထဲစိမ့်ဝင်လာသလို ဖြစ်နေတာပါ။ ဝက်ခြံလည်းမဟုတ်ပါဘူးခင်ဗျ။ ကြာလာရင် ကျွန်တော့်မျက်နှာကြီး အပေါက်တွေနဲ့ဖြစ်တော့မှာ စိုးလို့ပါ။ ဒါကိုဘယ်လိုများ ကုသရမလဲဆိုတာ သိချင်ပါတယ်။ 

ဆိမ့်ဝင် နဲ့ ဆိုးလို့ပါ ဆိုတဲ့ ကနေ့ခေတ်လူငယ်တွေ အများကြီးမှားနေကြတဲ့ သတ်ပုံကိုတော့ အမာရွတ်ထင်သလို မကျန်ရစ်စေခြင်တာကို အရင်ရေးပါရစေ။ စ လုံးနဲ့သာရေးရပါတယ်။ စိမ့်ဝင် နဲ့ စိုးလို့။

ဝက်ခြံပေါက်ပြီး နီညိုရောင်အမာရွတ်ကျန်ရစ်လေ့ရှိတယ်။ ကြာရင်တော့ ပျောက်သွားပါမယ်။ ဝက်ခြံအမာရွတ်ထဲမှာ ဗက်တီးရီးယားတွေနဲ့ (စီဘမ်) တွေအထဲမှာရှိတယ်။ ဒါတွေကိုတုန့်ပြန်တဲ့အနေနဲ့ ကိုယ်ကနေ သွေးဖြူဥတွေနဲ့ ရောင်ရမ်း ဖြစ်စဉ်ဆိုတဲ့ မော်လီကျူးတွေ စုလာတယ်။ အမာရွတ်တိုင်းက မတူကြပါ။ အတွင်းနက်နက် ဖြစ်တာတိုင်းက အမာရွတ် ဆိုးတယ်၊ ပျောက်ဘို့ကြာတယ်၊ တချို့က မပျောက်နိုင်တော့ပါ။ 

၁။ Icepick scars ရေခဲခွဲစူးနဲ့တူတဲ့အမာရွတ်က အများဆုံးဖြစ်တယ်။ ဆွင်းနက်နက်လေးတွေဖြစ်တယ်။ 

၂။ Boxcar scars ရထားတွဲလိုအမာရွတ်ဆိုတာ အနားသတ်က ဒေါင့်လေးတွေရှိတယ်။ ရေကျောက် ပေါက်ထားသလို မြင်ရမယ်။

၃။ Rolling scars လှိုင်းလေးတွေနဲ့တူတယ်။ ဘေးကိုပါးသွားတယ်။ 

၄။ Keloid scars (ကီးလွိုက်) အကြည့်ရဆိုးတယ်။ ဖေါင်းမောက်နေတယ်။ အသီးလိုဖြစ်တယ်။ (ရေးထားပါတယ်။) 

ဆေးကုနည်းတွေ အမျိုးမျိုးရှိတယ်။ 

၁။ Laser resurfacing လေဆာနည်း။ ၂-၃ ရက်ကြာမယ်။

၂။ Fractional laser therapy လေဆာနောက်တနည်း။ ၂-၃ ရက်ကြာမယ်။ 

၃။ Dermabrasion လည်နေတဲ့ ဝိုင်ယာ ဘရပ်ရှ် သုံးနည်း။ Microdermabrasion ဆိုတာ ယာယီ အပြင်သွားကာနီး သုံးတယ်။ အမာရွတ်ဘေးနားကအရေပြားနေရာက်ဖေါင်းလာစေလို့ အမာရွတ်ကို သိပ်မသိသာစေဘူး။ နဲနဲနာမယ်။ အသေးစားနည်းလဲရှိတယ်။ တိုက်ရိုက်နေရောင် ထိတာရှောင်ထားပါ။ 

၄။ Chemical peel ဆေးသုံးပြီးအခွံခွါနည်း။ အရေပြားရဲ့ အပေါ်ဆုံးအလွှားလေးကို ခွါပေးလို့ အောက်ကနေ အသစ် ဖြစ်လာစေမယ်။ အသစ်က အမာရွတ်မဖြစ်စေဘူး။ 

၅။ Surgery ခွဲစိတ်နည်း။ နောက်ဆုံးနည်းအနေနဲ့သာသုံးသင့်တယ်။ အမာရွတ် နည်းစေအောင်သာ တတ်နိုင်တယ်။  

(ကီးလွိုက်) အမာရွတ်အသီးဖြစ်တာကို Pulsed dye laser လေဆာနည်း သုံးနိုင်တယ်။ (ကီးလွိုက်) မဟုတ်တဲ့ အမျိုးအစားတွေအတွက် သုံးနိုင်တာတွေ ရှိတယ်။ Retinoic acid (ဗီတာမင် အေ) ပါတဲ့ဆေး။ ကိုယ်ဝန်ဆောင်မှာ မသုံးသင့်ပါ။ Glycolic acid ဆေးသုံးနိုင်တယ်။ Vitamin C (ဗီတာမင် စီ) ပါတာ သုံးနိုင်တယ်။ 

Glycolic Foaming Cleanser, Glycolic Acid Toner, Whitening Mask, Drying Cream, Healing & Soothing Mask, Suncare (SPF-30), Temporary Lifting Mask ဆေးတွေရောင်းပါတယ်။ သတိနဲ့သုံးသင့်ပါတယ်။ မျက်နှာလိမ်း Fancy lotions ကြော်ညာလိမ်းဆေးတိုင်းကို အားမကိုးသင့်ပါ။ 

ဝက်ခြံကို ခဏခဏညှစ်နေ၊ ဆိပ်ဆွနေတာ မကောင်းပါ။ အမာရွတ်ဆိုတာ အနာပျောက်ဖြစ်စဉ်ဖြစ်နေတာမို့ သူ့ကို ဆိတ်-ဆွ-ညှစ်တာတွေ လုပ်ရင် ဒီဒဏ်အတွက် နောက်ထပ် အမာရွတ်ပျောက်ဖြစ်စဉ် ထပ်တိုးပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

၃၀-၄-၂၀၁၅

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ