Cereal မနက်စာ

ကျွန်တော်က ဆီရီရယ်လို့ရေးတယ်။ သူများက စီရီရယ်တဲ့။ စ နဲ့ ဆ မှားကြတာ၊ စူ နဲ့ ဆူ လွဲကြတာ အတော်များတယ်။ ကင်စာ မှားတယ်။ ကင်ဆာ။ အာထွာစောင်း မှားတယ်။ အာထွာဆောင်း။ စူပါ မှားတယ်။ ဆူပါ။

မြန်မာပြည်က မနက်စာနဲ့ တခြားတိုင်းပြည်တွေမှာ မတူပါ။ မြန်မာပြည်မှာ မုံ့ဟင်ခါး၊ လက်ဖက်ရည်နဲ့ အီကြာကွေး၊ ပူရီ၊ နံပြား စသဖြင့်စားကြတယ်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ ထမင်းကြမ်းကြော်။

တရုပ်စာတော့ ခေါက်ဆွဲ။ အိန္ဒိယမှာ ဂျုံနဲ့လုပ်တာစားကြတယ်။ အိုးကင်းပူမှာကင်တာကို ရိုတီးလို့ ခေါ်တယ်။ ဆီနဲ့ကြော်တာကို ပူရီခေါ်တယ်။ အဲဒီ ဂျုံနဲ့လုပ်ထားတာကို ပဲ ဒါမှမဟုတ် အားလူးနဲ့စားကြတယ်။ အမေရိကန် ဘရိတ်ဖတ်စ်မှာ ပေါင်မုန့်နဲ့ ကြက်ဥကြော်။ ဝက်အူတောင့် ဒါမှမဟုတ် ဝက်ပေါင်ခြောက် ခေါ် ဘေကွန်ပါတယ်။ ပေါင်မုန့်ကို ထောပတ်သုတ်မယ်။ အဲတာက ကိုလက်စထောများလို့ နှလုံးရောဂါရှိသူတွေနဲ့ သွေးကြောကျဉ်းသူတွေနဲ့ မသင့်ပါ။

ရေးခဲ့တဲ့ မနက်စာတွေကို ပြုပြင်ရတာ လက်ဝင်တယ်။ ခုခေတ်က အလွယ်လမ်းလိုက်လာကြရတယ်။ အချိန်နည်းကြလို့ပါ။ လွယ်လည်းလွယ်ပြီး ကျန်းမာရေးနဲ့ပါ ညီညွတ်တာကိုသာ ညွှန်ပါမယ်။ တခုကတော့ ဆီရီရယ် မနက်စာဖြစ်ပါတယ်။

အတော်များများ တိုင်းပြည်တွေမှာ ဘရိတ်ဖတ်စ်အဖြစ် ဆီရီရယ်ကို စားသုံးကြတယ်။ ဟော်တယ်တွေမှာလည်း ဆီရီရယ်။ စာသင်ကျောင်းတွေမှာလည်း ဆီရီရယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို ဝေလည်းဝေတယ်၊ ဆီရီရယ်။ 

ဆီရီရယ်ဆိုတာ လူတွေစားသုံးနိုင်တဲ့ ကောက်နှံတွေကိုခေါ်တယ်။ ရုက္ခဗေဒလို အင်ဒိုစပမ်၊ ဂျမ်နဲ့ ဘရန်တွေပါတဲ့ အစေ့အဆံတွေ ဖြစ်ပါတယ်။ ဆန်၊ ဂျုံ၊ ပြောင်းဖူး၊ အနှံစားပြောင်း၊ လူး၊ ဘာလီ၊ ဆပ်တွေကို စားကြတယ်။ ဆီရီရယ်မှာ အဲတာတမျိုးမျိုးကနေ လုပ်ထားတယ်။ အဖတ်လေးတွေမျိုးစုံ။ အနှံတခုလုံးနဲ့လုပ်ထားမှသာ ဆီရီရယ်ခေါ်တယ်။ တခုလုံးဆိုတာ ဖြူဖွေးနေအောင် ချွတ်မထားတာ။

ဆီရီရယ်ထဲမှာ ဗီတာမင်တွေ + ဓါတ်ဆားတွေ + ကာဗွန်ဟိုက်ဒရိတ် ခေါ် ကစီဓါတ် + အဆီနဲ့ဆီ + ပရိုတင်းဓါတ်တွေ အစုံပါတယ်။ ကောင်းတယ်။ ကျွန်တော်တို့ အစဉ်အလာစားသုံးတာတွေက ဖြူဖွေးနေအောင်ချွတ်ထားလို့ အင်ဒိုစပမ်သာ ကျန်ပြီး၊ အပြင်က ဂျမ်နဲ့ ဘရန် ခေါ် ဖွဲနုမကျန်တော့လို့ အာဟာရအစုံမရတော့ပါ။ အဲတော့ သွားနိုင်၊ လာနိုင်၊ ပြေးနိုင်လွှားနိုင်ရုံသာ ရမယ်။ ဗီတာမင်တွေ မစုံတော့။ ခုခံအားနဲ့ အနာကျက်ဖို့ အားနည်းမယ်။

ဘရိတ်ဖတ်စ် ဆီရီရယ်ထဲမှာ အာဟာရတန်ဖိုးတွေကစုံပါတယ်။ ဆီရီရယ် (၈၁) ဂရမ်တခွက်ကနေ ကလိုရီ ၃ဝ၇ ရမယ်။ ပြည့်ဝဆီ၊ ပေါ်လီမပြည့်ဝဆီ၊ မိုနိုမပြည့်ဝဆီ၊ ဆိုဒီယမ်ဆား၊ ပိုတက်ဆီယမ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ဖိုက်ဘာ၊ သကြား နဲ့ ပရိုတင်းဓါတ်တွေရမယ်။ ကယ်လ်စီယမ်၊ သံဓါတ်၊ ဗီတာမင် ဘီ-၆ နဲ့ မက်ဂနီဆီယမ်တွေလည်းရမယ်။ ကိုလက်စထော ခေါ် အဆီဓါတ်မရတာ ကျန်းမာရေးအတွက်ကောင်းတယ်။

မြန်မာနိုင်ငံမှာ စီးတီးမတ်နဲ့ တခြား ဆူပါမားကက်တွေမှာ ဆီရီရယ်ကိုတွေ့ရတယ်။ ဆီရီရယ်မနက်စာကို ပြုပြင်စီမံရတာ လက်မဝင်ပါ။ ကျွန်တော်တို့လူမျိုးတွေ အလွန်ကြောက်တဲ့ ညှော်လည်းမနံပါ။ ဆီရီရယ်နဲ့ နွားနို့ ရောလိုက်ရင်ပြီးရော။

လူတိုင်းမှာ အရသာအကြိုက်ကိုယ်စီရှိကြတယ်။ စားနေကျကိုသာ ခုံမင်ကြတယ်။ ကျန်းမာရေးအတွက်သင့်မှန်တာကို ကြိုက်ယူရတယ်။ ဆီရီရယ်ကို ကြိုက်ယူနိုင်ရင် အဟာဟာရလည်းရမယ်။ အစမှာ ခံတွင်းမတွေ့သေးဖြစ်တတ်တယ်။ အချိန်လည်းရမယ်။ ခေတ်မီတယ်လို့ပါ အပြောခံရမယ်။ Smile!

How to Pronounce Cereal https://www.youtube.com/watch?v=IAwU0SJpVRA

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ