Polyhydramnios ရေမြွာရည် များနေခြင်း

(ကန်တော့)

၁။ ဆရာခင်ဗျာ မေးခွန်းတခုလောက် မေးပါရစေခင်ဗျ ကျွန်တော့်ဇနီးက အခုဆို ကိုယ်ဝန် ၈လထဲ ရောက်ပါပြီ ဒီနေ့ အိုဂျီဆရာမနဲ့ ရက်ချိန့်စေ့လို့ ပြတဲ့အခါ ဗိုက်က လိုတာထက်ပိုပူနေတယ်လို့ ထင်လို့ အာထွာစောင်းရိုက်ခိုင်းတဲ့အခါ ဗိုက်ထဲမှာ ရေမွှာရေက ရှိသင့်တဲ့ပမာဏထက် ၃ဆလောက် များနေတယ်လို့ ပြောပါတယ် ဆရာ အဲ့ဒါ ကလေး လမစေ့ဘဲ မွေးနိုင်ပါသလားခင်ဗျာ မတော်တဆ ရေမြွှာပေါက်သွားခဲ့ရင် ကလေးရောလူကြီးပါ အန္တရာယ်ရှိနိုင်ပါသလားခင်ဗျာ။ ဘယ်လိုကုသမှုခံယူပြီး ဘာဆေးတွေသောက်ဖို့ လိုအပ်ပါသလဲလို့ သိပါရစေခင်ဗျာ လေးစားစွာဖြင့် ကျေးဇူးတင်လျှက်(လျက်)ပါ ဆရာ ဇနီးက အသက်က ၃၉ ပြည့်ပါတော့မယ် ဆရာ။

၂။ ဆရာရှင့် ကျွန်မအသက် ၃၁ ပါ။ ပထမကိုယ်ဝန်ခွဲမေးထားတာပါ။ ဒုတိယကိုယ်ဝန် အခု ၂၉ ပတ်ကျော်ပါပြီ။ ရေမွှာများပြီး စောမွေးနိုင်တယ်ပြောပါတယ်။ ကလေးအရမ်းတိုးပါတယ်။ ရေမွှာဘာကြောင့်များလဲ ဘယ်လိုဆင်ခြင်နေထိုင်ရမယ် သင်ကြားပေးပါရှင့် အမှားပါရင်ခွင့်လွှတ်ပေးပါရှင့်။

၃။ ဆရာရှင့် ကျမမှာ ကိုယ်ဝန် ၃၂ ပတ်ထဲမှာပါရှင့်။ OG သွားပြတာ ရေမွှာရေ များနေတယ်လို့ပြောပါတယ်ရှင့်။ မနက်ဖြန်ကျမှ အာထရာဆောင်းရိုက်ရမှာပါရှင့်။ ရေမြွှာရေ များနေရင်ဘာဖြစ်တတ်ပါလည်း သိချင်လို့ပါဆရာ။ ကလေးအတွက် အန္တရာယ်ရှိပါသလားဆရာရှင့်။ ကျေးဇူးပြု၍ဖြေကြားပေးပါဆရာရှင့်။ လေးစားစွာဖြင့် မ ( - ) MDY

ကိုယ်ဝန်မှာ အထဲကကလေးဟာ ရေမြွာအိတ်ထဲမှာ လုံလုံခြုံခြုံ ရှိနေတယ်။ အိတ်ထဲမှာ ရေမြွာရည် လုံလောက်အာင် ရှိရတယ်။ နည်းတာရော များတာပါ မကောင်းပါ။ Polyhydramnios ရေမြွရည် များနေတာမျိုးက ကိုယ်ဝန်ဆောင် ၁% မှာရှိတတ်တယ်။ ကိုယ်ဝန် ဒုတိယ သုံးလထဲမှာ အဲလိုများလာတယ်။ ကိုယ်ဝန် ၃၄ ပတ်မှာ အများဆုံးရှိတယ်။ များသောအားဖြင့် အသင့်အတင့်သာများတယ်။ ဆေးကုသဘို့မလိုပါ။ သိပ်များနေတာကိုတော့ ဆေးကုရမယ်။

ရေမြွာရည်ဆိုတာ ကြည်လင်နေတယ်၊ ရေလိုဘဲ။ နဲနဲတော့ ဝါနိုင်တယ်။ ကလေးက ရေကူးသလိုနေမယ်။ အပူချိန် ထိန်းပေးတယ်။ ကလေးကို ကောင်းကောင်း အကာအကွယ်ပေးထားတယ်။ အရည်ကို မျိုချမယ်၊ (အဆုပ်မသုံးဘဲ) အသက်ရှူမှု လုပ်မယ်၊ ဆီးအနေနဲ့ စွန့်ထုတ်မယ်။

ဘာလို့ များသလဲ

(၁) ကလေးက ရေမြွာရည်ကို မျိုချတာ မလုပ်ရင် အရည်တွေ များနေမယ်။ ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေရှိနေရင် အဲလိုမျိုမချတာ ဖြစ်နိုင်တယ်။ အစာခြေလမ်းရောဂါတွေဖြစ်တဲ့ Duodenal atresia, Esophageal atresia, Gastroschisis နဲ့ Diaphragmatic hernia တွေရှိနေရင်လဲ ဖြစ်နိုင်တယ်။ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေဖြစ်တဲ့ Anencephaly and Myotonic dystrophy တွေ၊ Achondroplasia ခြေ-လက် တိုနေတဲ့ မွေးရာပါရောဂါ၊ Beckwith-Wiedemann syndrome တွေ ဖြစ်နိုင်တယ်။

(၂) ရေမြွာရည်ထုတ်နေတာက များတာလဲဖြစ်နိုင်တယ်။ ကလေးအဆုပ်ရောဂါ၊ ကလေးအမွှာ၊ Hydrops fetalis ကလေးကိုယ်ရောင်ရောဂါ၊

(၃) ကလေးနဲ့ မိခင် သွေးအုပ်စု မတူတာဖြစ်နေသလား။

(၄) အကြောင်းခံရှာမတွေ့ဘဲ ဖြစ်တယ်။

ခံစားရတတ်တဲ့ လက္ခဏာတွေဟာ ရေမြွာရည်ကနေ ဖိအားသက်ရောက်လို့ ဖြစ်တယ်။ သိပ်များနေရင် မိခင်လောင်း အနေရခက်ခဲမယ်။ အသက်ရှူရတာ ခက်မယ်။ ကိုယ်ရောင်မယ်။ ဆီးနည်းမယ်။

ရေမြွာရည်များနေတာနဲ့ ဒီလိုဖြစ်မှာတွေ ဆက်တွဲလာတတ်တယ်။

- Premature birth ကလေး စောမွေးတတ်တယ်၊

- Pregnancy-induced high blood pressure ကိုယ်ဝန်ဆောင်ချိန်သာဖြစ်တဲ့ သွေးတိုး၊

- Urinary tract infections during pregnancy ကိုယ်ဝန်ဆောင်ချိန် ဆီးလမ်းပိုးဝင်ခြင်း၊

- Premature rupture of membranes ရေမြွာစောပေါက်ခြင်း၊

- Excess fetal growth ကလေးထွားလွန်းခြင်း၊

- Placental abruption အချင်း အထဲမှာကွာခြင်း၊

- Umbilical cord prolapse ချက်ကြိုးထွက်လာခြင်း

- C-section delivery ဗိုက်ခွဲမွေးရခြင်း၊

- Stillbirth ကလေး အသေမွေးခြင်း၊

- Heavy bleeding after delivery မွေးပြီးသွေးဆင်းများခြင်း၊

ကိုယ်ဝန်စောစောမှာ ရေမြွာရည်များရင် ပိုသတိထားရမယ်။

- Ultrasound (အာလ်ထွာဆောင်း) ရိုက်ရမယ်။ တခါမက ရိုက်ရတယ်။ တပတ်တခါအထိ ရိုက်တာလဲလုပ်နိုင်တယ်။

- ရေမြွာရည် တွက်ချက်တာလုပ်မယ်။ Amniotic fluid index ခေါ်တယ်။ AFI 25 cm (9.8 inches) နဲ့ များတာကို Polyhydramnios လို့ သတ်မှတ်တယ်။

- Amniocentesis ရေမြွာဖေါက်ယူ စစ်ဆေးနည်း၊

- Glucose challenge test ဆီးချို စစ်နည်း၊

- Karyotype (ကာယိုတိုက်ပ်) နည်း၊ ကလေးရဲ့ Chromosomes (ခရိုမိုဇုမ်း) ပုံမှန်မဟုတ်တာစစ်နည်းဖြစ်တယ်။ Amniotic fluid ရေမြွာရည်ဖြစ်ဖြစ် Placenta အချင်းဖြစ်ဖြစ် စစ်တယ်။ Chorionic villus sampling စစ်နည်းလဲ လုပ်နိုင်တယ်။

ကလေးအခြေအနေ ပိုသိအောင် စစ်နည်းတွေလဲ ရှိတယ်။

- Nonstress test ကလေးနှလုံးခုန်နှုန်းကို ကလေးလှုတ်ရှားရင် ဘယ်လောက်အထိ ရှိလာသလဲသိအောင် လုပ်နည်း၊

- Biophysical profile ကလေး Nonstress test ကလေးနှလုံးခုန်နှုန်း + အသက်ရှူမှုနဲ့ လှုတ်ရှားမှုစစ်နည်း + ရေမြွာရည် ထုထည်တွေကို စစ်နည်း၊

- Doppler ultrasound ကလေး သွေးလှည့်ပတ်မှု စစ်နည်း၊

- Contraction stress test သားအိမ်ညှစ်တဲ့အချိန် ကလေးနှလုံးခုန်တာပြောင်းလဲမှုကို စစ်နည်း၊

ဘယ်လိုကုသမလဲ

- အတော်အတန် များနေတာ ဆေးကုသဘို့ မလိုပါ။

- ဆီးချို ရှိနေရင် ကုသပါ။

- ကလေး စောမွေးမယ်ထင်ရင်၊ အသက်ရှူ ခက်ခဲလာရင်၊ ဗိုက်နာလာရင် ဆေးရုံတက်ပါ။

- များနေတဲ့ ရေမြွာရည်ကို ဖေါက်ထုတ်နည်း၊ Amniocentesis လုပ်နိုင်တယ်။ တခါတည်းမရရင် ထပ်လုပ်ရမယ်။ ခဏခဏ လုပ်ရတာကို Amnioreduction ခေါ်တယ်။ အထူသတိထားလုပ်ရတယ်။ စောမွေးတာ၊ အထဲမှာ အချင်းကွာတာ နဲ့ ရေမြွာအိတ်စောပေါက်တာတွေ ဖြစ်တတ်တယ်။

- ဆေးပေးနည်း၊ Indomethacin ဆေးသုံးတယ်။ ကိုယ်ဝန် ၃၁ ပတ်ကျော်ရင်တော့ မပေးပါ။ ကလေးနှလုံးကို သတိထားစရာလိုလို့ ဖြစ်တယ်။

ဆေးစာတွေရေးတိုင်း သတိပေးပါတယ်။ ကိုယ်ဝန်ဆောင်တွေကို ကိုယ့မှာမဖြစ်တဲ့ မူမမှန်ကိုယ်ဝန်အကြောင်းတွေကို မဖတ်စေလိုပါ။ အစိုးရိမ်နည်းသူ-များသူ မတူကြဘူး။ ဆေးစာဆိုတော့ ကုန်အောင်-စုံအောင် ရေးရတယ်။ အားလုံး ကိုယ့်မှာလာဖြစ်မလား စိုးရိမ်တာမမှန်ပါ။ ဆရာဝန်က ချန်ရေးတာလဲမသင့်ဘူး။ ကိုယ်ဝန်ဆောင်နေရသူတွေဟာ အပေါင်းအသင်းလဲ အပြုသဘောအားပေးတတ်သူတွေနဲ့သာ ပေါင်းသင့်တယ်။ စာကိုလဲ သားရွှေအိုးထမ်းလာတာမျိုးသာ ဖတ်သင့်ကြတယ်။ သားကောင်းရတနာတွေ ထွန်းကားကြပါစေ။

Polyhydramnios ရေမြွာရည် များနေခြင်း http://doctortintswe.blogspot.com/2014/11/polyhydramnios.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ