အယ်လ်ဇိုင်းမားရောဂါ (Alzheimer's disease)
အယ်လ်ဇိုင်းမားရောဂါ ပြုစုစောင့်ရှောက်မှု ရည်မှန်းချက်များ
ချို့ယွင်းချက်အနည်းဆုံးဖြစ်စေပြီး ကျန်ရှိနေသေးသော စွမ်းဆောင်ရည်များကို အများဆုံးအသုံးပြုနိုင်သည့် ပတ်ဝန်းကျင်တခုကို ဖန်တီးပေးပါ။
- နေ့စဉ်လုပ်ငန်းဆောင်တာများတွင် လုပ်ဆောင်နိုင်စွမ်းကို အမြင့်ဆုံးမြှင့်တင်ပါ။
- နေရာပြောင်းရွှေ့မှုများကို လျှော့ချပါ - အိမ်မှ ဆေးရုံ၊ ဆေးရုံမှ ပြန်လည်သန်စွမ်းရေး/ကျွမ်းကျင်သူများ၏ သူနာပြုစောင့်ရှောက်ရေးဌာန၊ ထိုမှတဆင့် အိမ်သို့ ပြန်လည်ပြောင်းရွှေ့ရခြင်းများကို တတ်နိုင်သမျှ ကန့်သတ်ပါ။
- ဘဝအရည်အသွေးကို ထိန်းသိမ်းပါ။
ကုသမှုအစီအစဉ် မဟာဗျူဟာများ ချမှတ်ခြင်း
- သိမြင်နိုင်စွမ်း (cognition)၊ စိတ်ခံစားချက် (mood) နှင့် အပြုအမူ (behavior) တို့ကို တိုးတက်ကောင်းမွန်စေပါ။
- လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။
- သင့်လျော်သလို လူမှုရေးရာများတွင် ပါဝင်ဆောင်ရွက်မှုကို အားပေးပါ။
ဆေးဝါးများကို ရိုးရှင်းလွယ်ကူအောင် ပြုလုပ်ခြင်း
- ဆေးဝါးတိုင်းအတွက် လိုအပ်ချက် အကြောင်းပြချက် ခိုင်လုံပါစေ။
- အလားတူဆေးများ ထပ်နေခြင်းနှင့် အပိုဖြစ်နေခြင်းများကို ဖယ်ရှားပါ။
- ဆေးဆိုင်များအနေဖြင့် ဆေးများကို လွယ်ကူစွာ မှတ်မိနိုင်ရန်နှင့် ဆေးသောက်ရန် စည်းကမ်းသေဝပ်မှု ရှိစေရန်အတွက် အကွက်ဖော် ဆေးဘူးများ (blister-pack) ဖြင့် စီစဉ်ထုတ်ပိုးပေးနိုင်ပါသည်။
- ဆေးတိုက်ရသည့် အကြိမ်ရေ လျှော့ချခြင်းက အမှားအယွင်းများကို နည်းပါးစေပြီး ပြုစုစောင့်ရှောက်သူ သို့မဟုတ် စောင့်ရှောက်ဖော်၏ ဝန်ထုပ်ဝန်ပိုးကို သက်သာစေနိုင်သည်။
ဆေးဝါးဖြင့် ကုသခြင်း လက်ရှိဆေးဝါးများသည် အယ်လ်ဇိုင်းမားရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပါ။ သို့သော် ရောဂါ၏ မူလဇီဝဗေဒဆိုင်ရာ ဖြစ်စဉ်များကို ကုသပေးသည့် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ အတည်ပြုချက်ရရှိထားသော ကုသမှုသုံးမျိုး ရှိပြီး ၎င်းဆေးဝါးများအတွက် မယ်ဒီကဲယား (Medicare) အာမခံ အကျုံးဝင်မှုနှင့် ရရှိနိုင်မှုမှာမူ ကန့်သတ်ချက်များ ရှိပါသည်။
ထို့အပြင် လူနာများနှင့် ပြုစုစောင့်ရှောက်သူများ၏ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့် အယ်လ်ဇိုင်းမားရောဂါ၏ လက္ခဏာများကို အချိန်အကန့်အသတ်ဖြင့် ကုသပေးသော FDA အတည်ပြုချက်ရ အယ်လ်ဇိုင်းမားဆေး ငါးမျိုး ရှိပါသည်။
အစားထိုး ကုသမှုများ သင့်လူနာများနှင့် ၎င်းတို့၏ မိသားစုများသည် အစားထိုး ကုသမှုများ၊ “ရောဂါကာကွယ်ရန်” ဟုဆိုသော အစားအစာနှင့် ဗီတာမင်များ၊ သို့မဟုတ် “မှတ်ဉာဏ်/ဦးနှောက် အားဖြည့်ပေးသည်” ဆိုသော ဖြည့်စွက်စာများကို အသုံးပြုနေကြခြင်း သို့မဟုတ် ၎င်းတို့အကြောင်းကို မေးမြန်းခြင်းများ ရှိနိုင်ပါသည်။
ဆရာဝန် ညွှန်ကြားချက်ဖြင့် ကုသသည့် ကုထုံးများအပြင် သို့မဟုတ် ၎င်းတို့၏ အစားထိုးအဖြစ် ဤထုတ်ကုန်များကို အသုံးပြုခြင်းနှင့် ပတ်သက်၍ တရားဝင် စိုးရိမ်ပူပန်စရာများ ရှိနေပါသည်။ ၎င်းတို့၏ ထိရောက်မှုနှင့် ဘေးကင်းမှုမှာ မသိရသေးပါ၊ သန့်စင်မှုအခြေအနေ မသေချာပါ၊ ဘေးထွက်ဆိုးကျိုးများကို ပုံမှန် စောင့်ကြည့်လေ့လာထားခြင်း မရှိပါ၊ ထို့ပြင် အဆိုပါ အစားအစာဖြည့်စွက်စာများသည် ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများနှင့် ပြင်းထန်သော ဓာတ်ပြုမှုများ ဖြစ်စေနိုင်ပါသည်။
ဆေးဝါးမဟုတ်သော နည်းလမ်းများဖြင့် ကုသခြင်း မှတ်ဉာဏ်ချို့ယွင်းခြင်း (dementia) ကြောင့် ဖြစ်ပေါ်လာသည့် အပြုအမူဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ (BPSD) ဖြစ်ကြသည့် စိတ်လှုပ်ရှားလွန်းခြင်း (agitation)၊ ရန်လိုခြင်း (aggression)၊ စိတ်ကျရောဂါ (depression) နှင့် စိတ်ရောဂါလက္ခဏာစု (psychosis) တို့သည် သက်ကြီးစောင့်ရှောက်ရေးဂေဟာများ သို့မဟုတ် သူနာပြုစောင့်ရှောက်ရေးဌာနများတွင် နေထိုင်ရခြင်းတို့နှင့် ဆက်စပ်နေပါသည်။ စောစီးစွာ သိရှိဖော်ထုတ် ကုသမှုပေးခြင်းဖြင့် ဤလူနာများကို စောင့်ရှောက်ရသည့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ပြီး လူနာနှင့် ပြုစုစောင့်ရှောက်သူတို့၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။
ပြုစုစောင့်ရှောက်သူ၏ အရေးပါမှု အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသော လူနာအများစုတွင် အဓိက ပြုစုစောင့်ရှောက်သူ တဦး (မကြာခဏဆိုသလို မိသားစုဝင်တဦးဖြစ်တတ်သည်) ရှိကြပြီး ၎င်းတို့သည် မှတ်ဉာဏ်ချို့ယွင်းနေသော လူနာအား သင့်လျော်သော စောင့်ရှောက်မှု ရရှိစေရန်အတွက် အလွန်အမင်း အရေးပါကြပါသည်။ ဆရာဝန်များသည် ပြုစုစောင့်ရှောက်သူ၏ အခန်းကဏ္ဍကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ ပြုစုစောင့်ရှောက်သူများသည် မှတ်ဉာဏ်ချို့ယွင်းနေသူ၏ ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးရန် ကြိုးပမ်းကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ကျန်းမာရေးကိုမူ မကြာခဏ လျစ်လျူရှုတတ်ကြသည်။ ပြုစုစောင့်ရှောက်သူ အများအပြားသည် ဖိစီးမှုနှုန်း မြင့်မားနေကြောင်း တင်ပြကြပြီး ၎င်းက ရောဂါဖြစ်ပွားမှုကို အထောက်အကူ ဖြစ်စေနိုင်ပါသည်။ လူနာ ၁၀၀ လျှင် ၄၀ နီးပါးခန့်မှာ စိတ်ကျရောဂါကို ခံစားကြရသည်။
အယ်လ်ဇိုင်းမားရောဂါကို စောင့်ကြည့်ခြင်း အယ်လ်ဇိုင်းမားရောဂါ ရှိကြောင်း ရောဂါရှာဖွေအတည်ပြုပြီး ကုသမှုအစီအစဉ်ကို စတင်လုပ်ဆောင်ပြီးနောက် လူနာများသည် မှန်မှန်ကန်ကန် ဆေးစစ်မှုခံယူရန် ပြန်လာသင့်ပါသည်။ ရောဂါ တိုးတက်လာသည်နှင့်အမျှ မှတ်ဉာဏ်ဆိုင်ရာနှင့် အပြုအမူဆိုင်ရာ လက္ခဏာနှစ်ရပ်စလုံးသည် ပြောင်းလဲသွားလေ့ရှိသောကြောင့် ပုံမှန်လာရောက်ပြသခြင်းဖြင့် လက်ရှိလိုအပ်ချက်များနှင့်အညီ ကုသမှု မဟာဗျူဟာများကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နိုင်မည် ဖြစ်ပါသည်။ မှတ်ဉာဏ်ချို့ယွင်းနေသူများသည် ရောဂါရာဇဝင် ပြောပြရာတွင် ယုံကြည်စိတ်ချရသူများ ဖြစ်ချင်မှဖြစ်မည်ဖြစ်ရာ လူနာနှင့်အတူ လာရောက်ပြသကြသော ဆေးခန်းခရီးစဉ်တိုင်းတွင် မိသားစုဝင်တဦး၊ သူငယ်ချင်း သို့မဟုတ် ပြုစုစောင့်ရှောက်သူ တဦးဦးက လိုက်ပါလာရန် တိုက်တွန်းပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment