ဥပုသ်နေ့မှာ ဆေးခန်းဖွင့်ပါသည်

သွေးတိုးနဲ့ ဆီးချို စစ်ပေးသည်။

ဒီတပတ်တော့ ဆီးချိုလူနာ မရှိ။

တိုင်းရသမျှလည်း သွေးတိုး မရှိ။ ကောင်း။

အရင်တပတ်က နှလုံးခုန်နှုန်းမြန်နေသူတွေကို ထပ်စစ်။ အရင်လောက် မမြန်ကြတော့ပါ။ 

ဒါပေမဲ့ -

လူနာသစ်တယောက် တမိနစ်မှာ ၁၁၃ ရှိနေသည်။ နောက်တခါကြုံရင် ထပ်တိုင်းမည်။

ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်နဲ့ မအိပ်ချင်စေတဲ့ ဖျော်ရည်တွေ မသင့်လို့ ပြောလိုက်သည်။

ဆရာဝန်အတွက် သတိထားမိလာတာတခု အသစ်တိုးပါသည်။

ဥပုသ်သည်တွေ အားလုံးနဲ့က သာရေးနာရေး၊ ဘာသာရေးတွေမှာ အမြဲလိုလို တွေ့နေကျ။ လူမှုရေးစကား ရယ်လားမောလား ပြောဆိုဖြစ်ပါသည်။

ဒီနေ့တော့ -

ဆေးစစ်ခံယူသူ တချို့ရဲ့ မျက်လုံးတွေဟာ ကျွန်တော် ပြည်တွင်းမှာ ဆေးကုခဲ့စဉ်ကနဲ့ တူနေပါသည်။

ဆရာဝန်ကို အားကိုးမှုအကြည့်သာမက ကိုယ့်ရောဂါအတွက် စိုးရိမ်တဲ့အကြည့်နဲ့ ကြည့်ကြလေ့ရှိပါသည်။ ဒီနေ့ တခါပြန်မြင်ခဲ့ရသည်။

ကျွန်တော်က လူနာတွေကို လက်နဲ့ထိကိုင်မှု မပြုခင် မေးမြန်းရင်းနဲ့ အကဲခတ်ပါသည်။ မေးခွန်းအဖြေ နားထောင်ရင်းနဲ့ လူနာရဲ့ပြင်ပလက္ခဏာတွေကို မြင်အောင်ကြည့်ပါသည်။ 

မျက်စိနဲ့ နားကနေ ရောဂါအမည် တန်းသိတာလည်း ရှိတတ်ပါသည်။

အတွေ့အကြုံက သင်ပေးခြင်းဖြစ်ပါသည်။

ဆရာဝန်ဘဝကို ပြန်လည်သတိရစေသည်။ ကျေးဇူး။

ကျန်းမာကြစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ