Water requirements ရေဘယ်လောက်သောက်ရမလဲ
၂။ ဆရာ သမီးက လွန်ခဲ့တဲ့ လေးလက ဆီးပြွန်မှာကျောက်ရှိလို့ Asia royal မှာ renal stone ဖယ်ခဲ့ဖူးပါတယ်ဆရာ။ ဆေးရုံကဆင်းပြီးနောက်ပိုင်း ရေများများလည်းသောက်ဖြစ်ပါတယ်ဆရာ။ လုပ်နေတဲ့အလုပ်က ထိုင်ရတာ များတယ် ဆရာ။ meeting တခါထိုင်ရင် ၉ နာရီလောက် ထိုင်ကြတယ် ဆရာ။ coffee break/ lunch တော့ အချိန်နည်းနည်း ပေးတယ်ဆရာ။ ferry စီးတော့လည်း နှစ်ယောက်ထိုင်ခုံမှာ သုံးယောက်ထိုင်ရလို့ ခါးအမြဲ နာပါတယ် ဆရာ။ ဒါတွေနဲ့ ပက်သက်လား မပက်သက်လားတော့ မသိဘူးရှင့်။ လွန်ခဲ့တဲ့ သုံးလေးရက်က ခါးနာပြီးတော့ အခုကျ ဆီး အရမ်း နည်းလာပါတယ် ဆရာ။ ရေဘယ်လောက်သောက်သောက် နည်းနည်းဘဲသွားလို့ ကြောက်လာမိတယ်ဆရာ။ ရာသီဥတု ပူလာလို့ ဆီးအရင်လို မသွားတာမျိုးနဲ့ဆိုင်တာလား၊ ကျောက်ကပ်တခုခုများ ဖြစ်လို့များလားဆိုတာ။
၃။ ဆရာ သမီးကအသက်၂၈ ပါ။ ကိုယ်ဝန် ငါးလနဲ့ပါ။ ခုရက်ကရာသီဥတုက အေးနေတော့ ရေသောက်နည်းနေပါတယ်။ ကိုယ်ဝန်ဆောင် ရေသောက်မနည်းရဘူး သိထားပါတယ်။ ရေနွေးကြမ်း အရမ်းအပူတာလေးရော သောက်လို့ရပါလား သိချင်တာပါ။ ကိုယ်ဝန်အတွက် လက်ဖက်ခြောက်ရေနွေးက သင့်မသင့်သိချင်လို့ပါဆရာရှင့်။
ပြန်စာ
ပြည်တွင်းဂျာနယ်တွေ၊ မီဒီယာတွေမှာ ကျန်းမာရေးအကြောင်းတွေကို သတိထားစေချင်ပါတယ်။ တချို့က အချက်အလက် မခိုင်မာပဲရေးတယ်။ တချို့က ကြော်ငြာချင်လို့ ရေးတယ်။ တချို့က မမှန်တာကို ဇာတ်လမ်းတွေဆင်ပြီးရေးကြတယ်။ တချို့ကလည်း ပူစရာမလိုတော့ပါဆိုပြီး တကယ်မပျောက်နိုင်တာကို ပုံကြီးချဲ့ပြီးရေးတယ်။
လူတယောက် တနေ့ ရေဘယ်လောက်သောက်သလည်းဆိုတာ သောက်သမျှထဲက (ရေ + ရေနွေး + ဖျော်ရည် + ရေဓါတ်ပါအစားအစာ) အားလုံးထဲမှာပါတဲ့ ရေရဲ့ပမာဏအားလုံးကို တွက်ချက်ဖို့လိုပါတယ်။
လူတွေနေ့တိုင်း အသက်ရှူတာ၊ ချွေးပြန်တာ၊ ဆီး-ဝမ်းသွားတာတွေကနေ ရေကုန်ဆုံးနေကြရတယ်။ ကိုယ်ခန္ဓာ အလုပ်တွေအတွက် ရေလိုတယ်။ ရေကို သောက်ရေ၊ သောက်စရာနဲ့ စားစရာတွေကနေရနေကြတယ်။ ယောက်ျားကြီး တယောက်ဟာ နေ့စဉ် ၁၃ ခွက် (၃ လီတာ) ဖြစ်တယ်။ မိန်းမတယောက်က ၉ ခွက် (၂့၂ လီတာ) လိုတယ်။ တနေ့မှာ ရေ (၈) ခွက် (၁့၉ လီတာ) သောက်ပါလို့ အကြံပြုတာများတယ်။
လူတွေမတူကြပါ။ တယောက်တည်းမှာလဲ တနေ့နဲ့တနေ့ မတူတတ်ပါ။
ကိုယ်လက်လှုပ်ရှားခြင်းလုပ်နေသူတွေက နောက်ထပ် ၁ ခွက်ခွဲကနေ ၂ ခွက်ခွဲ (၄ဝဝ-၆ဝဝ မီလီလီတာ) လိုမယ်။ အပြင်းအထန်လှုပ်ရှားသူဆိုရင် ရေသာမက (ဆိုဒီယမ်) ဆားပါလိုမယ်။
သဘာဝပတ်ဝန်းကျင်ကိုလဲ ထည့်တွက်ရမယ်။ ပူပြီးရေငွေ့ဓါတ်ကဲနေချိန်မှာ ပိုလိုမယ်။ အမြင့်ပေ ၈၂၀၀ (၂၅၀၀ မီတာ) အထက်မှာနေရရင် အသက်ပိုရှူရပြီး ဆီးပိုသွားရလို့ ရေပိုလိုတယ်။
ကျန်းမာရေးမကောင်းရင်လည်း လိုအပ်ချက်မတူပါ။ ဖျားတာ၊ အန်တာ၊ ဝမ်းပျက်တာဖြစ်ရင် ပိုလိုတယ်။ ရေထက် ORS ဓါတ်ဆားဖျော်သောက်တာ ကောင်းတယ်။
ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်မှာ တမျိုးလိုတယ်။ ကိုယ်ဝန်ဆောင်ရင် တနေ့ ရေ-အရည် ၁ဝ ခွက် (၂့၃ လီတာ) လိုမယ်။ နို့တိုက်နေရရင် တနေ့ ၁၃ ခွက် (၃့၁ လီတာ) လိုမယ်။
လူတွေအစားအစာထဲကနေ ၂၀% ရေဓါတ်ရကြတယ်။
ယေဘုယျ တနေ့မှာ ရေ ၆့၃ ခွက် (၁့၅ လီတာ) သောက်သင့်ပါတယ်။
ရေဘယ်လောက်သောက်ရမလဲ၊ တန်းပြောလို့မရပါ။ ဆရာဝန်မပြောလည်း သောက်နေကြတာ ဘာမှမဖြစ်သလောက်ပါ။ ဘယ်လောက် သောက်သင့်သလဲဆိုတာက အချက်တွေအများကြီးကို ကြည့်ရမယ်။ ရာသီဥတု၊ အရက်၊ ဖျော်ရည်၊ ရေနွေးကြမ်း၊ အစားအသောက်ထဲမှာ ဖိုက်ဘာ၊ ဘယ်လောက်ပါ၊ ပရိုတင်း၊ အဆီ၊ သကြားဓါတ်၊ ဆီးချိုရှိသလား၊ နေတဲ့အရပ်က မြင့်တဲ့အရပ်ဒေသမှာလား၊ ဘယ်လိုဆေးတွေ (ဆီးသွားစေတဲ့ သွေးကျဆေး) သောက်နေလဲ၊ ကိုယ်လက်လှုပ်ရှားမှု၊ လုပ်ရတဲ့အလုပ်အကိုင်၊ ကိုယ်ဝန်ဆောင်၊ ကလေးနို့တိုက်၊ ကိုယ်ပူ၊ ဝမ်းလျှော၊ အန်၊ ခွဲစိတ်ကုသထား၊ သွေးသွန် သွေးထွက်၊ အသက်။
(၁) Replacement Approach အစားဖြည့်နည်း = လူတွေဟာ ပျမ်းမျှ တနေ့မှာ ဆီး တလီတာခွဲ (၆့၃ ခွက်) သွားတယ်။ ဝမ်းထဲ၊ ချွေးထဲနဲ့ အသက်ရှူထုတ်ရာကနေ တလီတာလောက်ကုန်ဆုံးတယ်။ စားတာတွေထဲကနေ ၂ဝ% ရေရနေတယ်။ ဒါကြောင့် တနေ့မှာ ၂ လီတာ (၈ ခွက်) သောက်နိုင်ရင် လုံလောက်တယ်။
(၂) 8×8 Rule ရှစ်ဥပဒေသ= တနေ့မှာ (၈) အောင်စသောက်ပါ။
(၃) Water Intake per Caloric Intake ရေ-ကယ်လိုရီနဲ့တွက်နည်း = စားတဲ့ကယ်လိုရီကို ဝ့၀၃၄ နဲ့မြှောက်ပါ။
ကိုယ့်ကိုယ်ခန္ဓာကိုယ်ကိုသိပါ။ ရေဆာနေတာသိပါ။ အာခေါင်ခြောက်နေတာသိပါ။ ချွေးထွက်နေတာသိပါ။ နေမကောင်းတာသိပါ။ လှုပ်ရှားမှုနည်းသူဆိုရင် တနေ့မှာ ၈-၁၂ ခွက် သောက်ပါ။ ချွေးထွက်အောင်လုပ်ရသူဆိုရင် ၁၂-၁၆ ခွက်သောက်ပါ။ ဆောင်းတွင်းမှာ ရေသောက်နည်းရင် နှုတ်ခမ်းတွေခြောက်မယ်။
ကိုယ်ဝန်ဆောင်နဲ့ ရေနွေးမေးကြတယ်။ ရေနွေးက ရေအေးထက်ပိုကောင်းတာတွေရှိတယ်။ ကိုယ်ဝန်ရှိစ ခံစားရတာတွေ သက်သာစေမယ်။ ရင်ပူတာသက်သာစေမယ်။ သွေးလှည့်ပတ်မှုပိုကောင်းမယ်။ (သိပ်မဖန်ရင်) ဝမ်းမှန်စေမယ်။ ဆီးအက်စစ်ဓါတ် နည်းစေမယ်။ အအေးမိတာ သက်သာစေမယ်။ တချို့က သံပရာသီးနဲ့ သောက်ကြတယ်။
ဒေါက်တာတင့်ဆွေ
၂၅-၉-၂၀၁၆

Comments
Post a Comment