Abscess ကိန္နရာနာ နှင့် ခူနာ

၁။ ပြည်တည်နာ အကြောင်းသိချင်လို့ပါဆရာ ၉ရက်ရှိပီ(ပြီ) ဆရာ  ၄ချက်ချုပ်ရပါတယ် ၂ချက်က ကောင်းလို့ ဖြည်ပေးပီး(ပြီး) နောက် ၂ချက်က ပြည်တည်နေလို့ ဆေးထည့်ပေးနေရပါတယ် ချိုင်းမှာပေါက်တာပါ အသက် ၃၆ အမျိုးသမီးပါ
၂။ မဂ်လာပါဆရာ အသက် နှစ်ဆယ့်ငါးနှစ် အမျိုးသား  ချိုင်းမှာ ၀က်ခြံပေါက်ပီး(ပြီး)အကျိတ်လိုမျိုး အလုံးတခု ကျန်ခဲ့လို့ပါဆရာ။ ပြည်နဲ့သွေးလည်းတခါ ညစ်ထုတ်လိုက်ရပါတယ် အန္တရာယ်ရှိနိုင်လားဆရာ ဆေးခန်းပြဖို့လိုမလားဆရာ
၃။ မင်္ဂလာပါ ဆရာရှင့်။ ကျွန်မအသက်က ၂၇ နှစ် အိမ်ထောင်သည်ပါ။ ယခုသားဦးကိုယ်ဝန် ၈ လကျော်ထဲမှာပါ။ ကျွန်မ သိချင်တာလေးရှိလို့ပါ ရိုင်းသွားရင် ခွင့်လွှတ်ပါဆရာ။ ကျွန်မရဲ့ဆီးခုံနဲ့ပေါင်ခြံနားမှာ အနာဖုလား အကျိတ်ဖုလားမသိ ပေါက်နေလို့ပါ။ ကိုယ်ဝန်နဲ့ဆိုတော့ ဘာဆေးသောက်ရမလဲ မသိလို့ပါဆရာ။ လောလောဆယ်တော့ ဆရာခိုဘဲ လိမ်းနေရတယ်။ အဲအဖုကနာတယ်ဆရာ ပေါင်ခြံနားဆိုတော့ အထိုင်အထလုပ်ရတာ လမ်းလျှောက်ရတာ အဆင်မပြေလို့ပါဆရာ။ ဆရာလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေနော်။
ပုံပါပို့တယ်။ အဲလိုနေရာမှာ ဖြစ်တတ်တဲ့ ကြွက်နို့နဲ့ မတူ၊ အနာနဲ့တူတယ်။ အရပ်ဆေးတွေမှာ ဆေးသုတေသနမရှိပါ။
၄။ ဆရာရှင့် ကျွန်မအသက် ၂၉နှစ်။ သား ၂ယောက်အမေပါ။ မရိုမသေဆရာ ကျွန်မတင်ပါးမှာ သွေးစုနာလို့ပေါက်နေလို့ပါ။ အရမ်းနာတယ်ဆရာ။ ၃ရက်ရှိပါပြီ။ ပြည်ဖုသေးသေးလေးကို ကျွန်မဖောက်လိုက်ပါတယ်။ အခု ဘုက ယောင်ပြီး အရမ်း နာတယ်ဆရာ ထိုင်လဲနာတယ်။ ဖိလို့မရဘူး။ တင်းပြီးဆွဲဆုတ်ထားသလိုပဲ။ ဘာဆေးသောက်ရမလဲဆရာ။ ဘာဆေးလူးရင်ရလဲ ဖြေပေးပါဦးနော်ဆရာ ကျေးဇူးပါ။
၅။ ဆရာခင်ဗျာ ကျနော့်အမျိုးသမီးမှာ ခူနာရောဂါကို ခံစားနေရပါတယ်။ ဟိုအရင် သူငယ်စဉ် အချိန်မှာလဲ ဖြစ်ခဲ့ဖူးပါတယ်။ ကျနော်သိချင်တာက အဲဒီရောဂါက ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေလဲဆိုတာရယ်၊ ဘာ့ကြောင့် ဖြစ်စေတယ်ဆိုတာရယ်၊ ဘယ်လိုကုသပျောက်ကင်းနိုင်သလဲ ဆိုတာလေး ပြောပြပေးပါ။ နောက်ထပ် အဒီရောဂါကို အမြစ်ပြတ်အောင် ကုသလို့ ရသလား ဆိုတာရယ်၊ ဘယ်လို ကာကွယ်ရမယ် ဆိုတာရယ်ကိုပါ ရှင်းပြပေးပါ ဆရာခင်ဗျာ။
ကျွန်တော်တို့ လူမျိုးများဟာ နာမည်ပေး အလွန်ကောင်းသလို အတော်လွယ်လွယ်ပေးတတ်ကြတယ်။ တခြားဟာတွေက ပြဿနာသိပ်မရှိပေမဲ့ ရောဂါနာမည်က တလွဲရောက်စေတတ်တယ်။ အရေပြား အထူနဲ့အပါး တနေရာ ပျက်စီးတာမှန်သမျှ Ulcer လို့ခေါ်တယ်။ အနာလို့ဘာသာပြန်နိုင်ပါတယ်။  အနာမှာ ပြည်ရှိလာရင် Abscess ခေါ်ပါတယ်။ ပြည်တည်နာ ခေါ်တယ်။ ချိုင်း (ဂျိုင်း)မှာ ပေါက်ရင် ကိန္နရာနာ ခေါ်ကြတယ်။ ချိုင်းကနာလို့ လက်ကို ကိုယ်မှာမကပ်နိုင်တော့ ကိန္နရာက ကသလို နေရတာမို့ပါ။
အနာနဲ့ ပြည်မတည်ခင် အနာဖြစ်တဲ့နေရာမှာ လက္ခဏာ ၅ ပါးဖြစ်လာတယ်။ ဖြစ်တဲ့နေရာ တစ်ရှူး ခေါ်တဲ့ အစိတ်အပိုင်းဟာ နီ-နာ-ရောင်-ပူ ဆိုတာအပြင် သူလုပ်ရမဲ့ အလုပ်ကို မလုပ်နိုင် ဖြစ်လာတယ်။ ဒီအဆင့်မှာ Infection ရောင်ခြင်းဆိုတာသာ ရှိပါသေးတယ်။ ရောဂါနာမည်တွေ အဆုံးမှာ -itis ပါရင် ဒါဖြစ်တာလို့ မှတ်ပါလေ။ Stomatitis လျှာနာ၊ Conjunctivitis မျက်စိနာ၊ Appendicitis အူအတက်ရောင်၊ Hepatitis အသည်းရောင် စတာတွေ။
ဒီအဆင့်မှာ လုပ်ပေးဘို့က ပိုးကိုနိုင်တဲ့ဆေးတွေ ပေးရမှာပါ။ နောက်မှာ ပိုးဝင်လာတတ်တာမို့ပါ။ ပိုးကိုနိုင်တဲ့ဆေး အမျိုးမျိုးရှိတယ်။ ပဋိဇီဝဆေးလို့ ဆေးစာကို ခန့်အောင် ပါဠိစာ သုံးထားတာပေါ့။ ဗမာတွေသာ မဟုတ်ပါဘူး။ သူများတွေလဲ ရှေးကျတဲ့ ဂရိစာကို အတော် သုံးကြတာ။ ဆေးပညာ အထိမ်းအမှတ်ကိုတောင် ဘီစီ ၂ဝဝဝ က ဆူမေရီယန်းဘုရား Ningishzida နဲ့ မြွေနှစ်ကောင် Gryphons ကို ခုထိ သုံးကြတယ်။
ပိုးကိုနိုင်တဲ့ ပဋိဇီဝဆေးတွေကို အုပ်စု (၁၃) ခုတောင်ခွဲထားတာ။ အစောဆုံးပေါ်ခဲ့တာက Sulfonamides (ဆာလ်ဖိုနမိုက်) အုပ်စုပါ။ အတော်များများလဲ သုံးတတ်ကြတယ်။ Sulfacetamide မျက်စဉ်း၊ Trimethoprim-Sulfamethoxazole ကို Septrin လို့ ပိုသိကြတယ်။ နောက်ပေါ်ကတော့ Cephalosporins ကက်ဖလိုစပိုရင်ဖြစ်တယ်။ နောက်ပေါ်ထဲမှာ နောက်ပေါက်တွေရှိတယ်။ မျိုးဆက်တွေ ထပ်ထပ် တိုးလာလို့ အခုဆို မျိုးဆက် လေးခုတောင် ရှိနေပြီ။ ဒီအုပ်စုဆေးတွေက Cef နဲ့စတယ်။ ပဌမမျိုးဆက် Cefadroxil, Cephalexin, Cephaloridine, Cephalothin, Cephapirin, Cefazolin, Cephradine ဒုတိယမျိုးဆက် Cefaclor, Cefoxitin, Cefprozil, Cefuroxime တတိယမျိုးဆက် Cefdinir, Cefixime, Cefpodoxime, Ceftibuten, Ceftriaxone, Cefotaxime စတုတ္ထမျိုးဆက် Cefepime, Cefluprenam, Cefozopran, Cefpirome, Cefquinome တွေ။
အနာအတွက် သုံးတဲ့ပိုးသေဆေးတွေ
Clindamycin 300-450 mg ၈ နာရီခြား၊ ၅-၇ ရက်။
Cephalexin 250-500 mg ၄ နာရီခြား၊ ၅-၇ ရက်။
Dicloxacillin 250-500 mg ၆ နာရီခြား၊ ၅-၇ ရက်။
Doxycycline 100 mg ၁၂ နာရီခြား၊ ၅-၇ ရက်။
Trimethoprim-sulfamethoxazole (160 mg/800 mg) တခါသောက် ၁-၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် ပဋိဇီဝဆေး ရွေးရမယ်။ Am0oxicillin ဆေး၊ Ampicillin ဆေး၊ Clindamycin ဆေး၊ Erythromycin ဆေး၊ Penicillin ဆေး၊ Ampicillin-Sulbactam ဆေး၊ Ceftriaxone ဆေးနဲ့ Cefixime ဆေး တခုခု ရွေးနိုင်တယ်။
ပိုးကိုနိုင်ဆေးတွေအပြင် အနာအရောင်ကို သက်သာဆေးလဲ ပေးသင့်တယ်။ ပါရာစီတမောနဲ့ အိုင်ဘူပရိုဖင်ဆေး တခုခုသုံးနိုင်တယ်။ အနာမှန်သမျှကို ငြိမ်ငြိမ်ထားပေးရင် အနာကျက် မြန်စေတယ်။ အရိုးကျိုးရင် မလှုပ်နိုင်အောင် ကျပ်စည်း၊ ကျောက်ပတ္တီးစည်းရတယ်။ အနာမပေါက်ခင် အပေါ်ကနေ ပိုးသတ်ဆေးရည်တခုခု လိမ်းပေးတာလည်း အကျိုးရှိတယ်။ ဒက်တော၊ အရက်ပြန်၊ အိုင်အိုဒင်း။ ရေ-ဆပ်ပြာနဲ့ မကြာမကြာဆေးပေးပါ။ အပူပေးတာဟာ သွေးကို ပိုလျှောက်စေတာမို့၊ အနာကို မြန်မြန်ပျောက်စေတဲ့သဘောရှိတယ်။ ရေနွေးအိပ် တင်တာ၊ ရေနွေးပုလင်း ကပ်တာ။ ပရုပ်ဆီ လိမ်းတာ၊ ဇာတိပ္ဖိုလ်သီးသွေးလိမ်းတာ၊ ကြပ်ထုပ်ထိုး၊ ကြပ်ပူတိုက်တာလည်း ဒီအတွက်ဖြစ်မယ်။ ပြည်ရှိလို့ခွဲရရင် အဲလိုလိမ်းထားတာတွေက ခက်ခဲစေတယ်။
အနာဆိုတာ ပြည်တည်လာရင်တော့ ခွဲထုတ်ရမယ်။ ခွဲစိတ်ပညာမှာ ပြည်ရှိရင်-ခွဲထုတ်ဆိုတာ ဖေါ်မြူလာပါ။ ဦးနှောက်၊ ခြေထောက်၊ အသည်း၊ ဘယ်ထဲရှိရှိ ပြည်ကို ထုတ်ရပါမယ်။ ပြည်ပေါက် ပျောက်ပြီဆိုတာ အမှန်ပါ။ အနာက အတွင်းနက်မှာဖြစ်ရင် တော်တော်နဲ့ မပေါ်ဘူး။ ဥပမာ တင်ပါး၊ ရင်သား။ ဖြစ်တဲ့နေရာ အနီးအနားမှာ အာရုံကြောရှိရင် ပိုနာမယ်။ လက်ချောင်း ခြေချောင်းတွေမှာ နေရာက ကျဉ်းတော့ အာရုံကြောနဲ့မဝေးဘူး။ ဒါ့ကြောင့် နာတယ်။
နို့စို့အရွယ် အဇာတသတ်ရဲ့လက်မှာပေါက်တဲ့အနာကို ခူနာလို့ ပြောဟောကြတယ်။ သူ့အနာက ပြည်မှည့်နေချိန်မို့ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကနေ ပါးစပ်ထဲမှာ ငုံထားပေးတဲ့အခါ ပြည်ပေါက်ထွက်သွားရတယ်။ မင်းတရားကြီးဟာ သမားတော်ဇီဝကရဲ့ ဆေးညွှန်းအရ လုပ်တာတော့ ဟုတ်မယ်မထင်။ နှစ်နှစ်ကာကာ ချစ်လာရင် ဆီးဖြူ-ဖန်ခါး ငုံထားသလိုဆိုပြီး ပြောလေ့ရှိတာကြောင့် နေမှာပါ။ ကိုယ်အပူချိန် အာငွေ့ဆိုတာက ၃၇ ဒီဂရီ ရှိလို့ အပြင်လေထက် ပိုပူမယ်။ ဒါက ပုံမှန်ဆိုရင်သာ ပြောရတာ။ မိဘမေတ္တာကို ညွှန်းရင် အထိမိဆုံး ဥပမာရှိခဲ့သလို၊ ဇနီးသည်မှာ ခူနာပေါက်လို့ အဲလို ငုံပေးသူရှိလာရင်တော့ ချစ်မေတ္တာပုံပြင်သစ်ကလေးတခု တိုးလာပါမယ်။ Smile!
မြခြူသံ (မာမာအေး) http://www.som24horas.com.br/listen/sjpnahgpeyri-144844155
Wound healing အနာဒဏ်ရာတွေ ဘယ်လိုကျက်သလဲ https://dr-tint-swe.blogspot.com/2021/05/wound-healing.html
Abscess ပြည်ရှိတဲ့အနာ https://dr-tint-swe.blogspot.com/2020/12/abscess.html
Pus ပြည်ပေါက် ပျောက်ပြီ https://dr-tint-swe.blogspot.com/2021/05/pus.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ