Gym ဆော့ ကစား သွား

မြန်မာပြည်မှာ Gym တွေပေါ်ကတည်းက ဆော့  ဆော့  ဆော့ လို့ ပြောဆိုရေးသားနေကြတယ်။ ဆော့လွန်တဲ့ကလေးကိ ကမျင်းတယ်လို့ ခေါ်ကြပါတယ်။
ကစားတာနဲ့ ဆော့တာကို ကာတွန်းက ထောက်ပြထားတယ်။ ကျွန်တော်လည်း ပြောချင်တယ်။ Gym ဆော့လို့ရလားမေးတဲ့သူတွေကလေးမွေးထားသူတွေနဲ့  ရွယ်တူယောက်ျားတွေ။ ကန်တော့။
၁။ ဆရာခင်ဗျ လေ့ကျင့်ခန်း gym စဆော့တာ ၆ရက်လောက်ရှိပြီဆရာ
၂။ ဆရာ သမီးက gym ဆော့ပါတယ်ဆရာ။
၃။ ဆရာရှင့်သမီးဟာ အသက်၃၁ အပျိုပါ။ အူအတတ်ခွဲထားတာ ၂ လပိုင်း ၁၂ ရက်နေ့ကပါ။ အနာချုပ်ရိုးကတော့ မကြာခဏယားနေတတ်ပါတယ်ရှင့်။ ဝမ်းချုပ်ရင်လည်း အောင့်သလိုလိုပဲ ဖြစ်တတ်ပါတယ်ရှင့်။ သမီး ဂျင်ဆော့မယ်ဆို ဖြစ်နိုင်ပါ့မလား ဆရာ။ ဆော့လိုရနိုင်ပါလား ဆရာရှင့်။
၄။ ဆရာ၊ ဂျာမနီရှေ့တန်းက ဆော့တာ သိပ်ကောင်းတယ်လို့ ဘော်လုံးဝေဖန်ရေးဆရာက tv မှာ ပြောပါတယ်။ ဆော့ စကားလုံးသုံးတာ မှားတယ်လို့ ထင်တယ်။ ဘော်လုံးကန်သည်။ ဘော်လုံးကစားသည် သုံးလို့ရတာဘဲ။ gym မှာ သွားဆော့မယ်လို့ ပြောပါတယ်ဆရာ။ ရှင်းပါဦးဆရာ။
၅။ မင်္ဂလာပါ ဆရာရှင့်။ သမီးက ကုမ္ပဏီဝန်ထမ်းပါ။ ရုံးက ညနေ ၅နာရီခွဲ ဆင်းတာဆိုပေမယ့် ၆နာရီလောက်မှ အလုပ်ဆင်းဖြစ်ပါတယ်။ ၇နာရီလောက်ဆိုရင် Gym ကို ရောက်ပါတယ်။ ၈နာရီခွဲလောက်ထိ ဆော့ပြီး အိမ်ကို ပြန်ရောက်ရင် ၉နာရီ ကျော်ပါပြီ။ အိပ်ချိန်နဲ့ကပ်နေလို့ သမီး ညစာမစားဖြစ်ပါဘူး။ ခုနောက်ပိုင်းမှာ သမီး ခေါင်းခဏခဏမူးလာတယ်ဆရာ၊ တခါတလေဆို အန်ပါတယ်။ ဆော့နေရင်းနဲ့လဲ အားကုန်နေသလိုမျိုး ခံစားရတယ်။
၆။ ဆရာရှင့် ကျွန်မအသက်က ၂၇ နှစ်ပါ။ အောက်မှာပြထားတဲ့ ဆေးဘူးက မိန်းကလေးတွေ gym မဆော့ခင် သောက်ရတဲ့ဆေးလို့ ပြောပါတယ်ရှင့်။ သူက Milk Shake သဘောမျိုးပါ။ protein နဲ့ gym ဆော့ပြီးတဲ့အခါ ဆာလောင်မှုကို ထိန်းညှိပေးတယ်လို့ဆိုပါတယ်။ ကျန်းမာရေးအတွက် အထောက်ကူ ဖြစ်မဖြစ်သိချင်ပါတယ်ရှင့်။
၇။ ဆရာ မေးချင်တာလေးရှိလို့ပါ။ သမီးက gym ဆော့ပါတယ်ဆရာ။ Gym က အလေးတုံးမတာ သွေးခဲစလေးတွေ ကျလာလို့ဆရာ။ အဲဒါဘာလို့လဲမသိဘူးဆရာ။ သမီးလည်းလန့်နေတယ်။ ဘာဖြစ်မှန်းလည်းမသိဘူး။
ကစားတာနဲ့ ဆော့တာ မတူပါ။ ဆော့တာက အစီအစဉ်မရှိ သတ်မှတ်ချက်မရှိ အချိန်ရတိုင်း ကလေးတွေ ဆော့တာမှာသာ သုံးရတယ်။ ဂျင်မ်ထဲမှာ လေ့ကျင့်တာမျိုးလို နည်းရော အချိန်ပါ စနစ်တကျလုပ်ရတာကို ကစားတယ်လို့သုံးရပါတယ်။ မှားရေးနေသူတွေ များတယ်။
ကလေးငယ်တွေ ကစားချင်သလိုကစားတာကို ဆော့တယ်လို့ ပြောလေ့ရှိတယ်။ သိပ်ဆော့တဲ့ကလေးလို့ ငေါက်တယ်။ သိပ်ကစားတဲ့ကလေးလို့ မပြောပါ။ ဆော့တာက ကစားတာထက် အဆင့်နိမ့်တယ်။ ဆော့တယ်ဆိုတာ ကမြင်းတယ်လို့ ပြောသလိုဖြစ်နေတယ်။
ဆော့အသုံးကို တလွဲသုံးနေကြတာ အတော်များတာပဲ။ အရင်ထုတ်သတ်ပုံစာအုပ်ထဲမှာ ဆော့ = ဆော့ကစားသည်၊ လက်ဆော့ (လက်မငြိမ်၊ ခိုးတတ်သည်)၊ နှုတ်ဆော့သည် (စကားပြောမတည်) လို့ရေးထားတယ်။
နောက်ထုတ်မြန်မာအဘိဓာန်မှာလည်း ဆော့ = လှုပ်လှုပ်ရှားရှားကစားသည်လို့ ရေးထားတာတွေ့တော့ အံ့သြမိတယ်။ မမှန်ဘူးထင်တယ်။ ဝန်ကြီးဌာနအမည်တောင် အဆော့ရေးရာဝန်ကြီးဌာနလို့ ပြောင်းမလားမသိ။
အကျိုးဆော့၊ အကန်းမော့။ မြန်မာစာကိုတော့ လက်မဆော့စေချင်ပါ။ ၂၀၂၀ တိုကျို အိုလံပစ်ဆော့ပွဲကြီး ကိုဗစ်ကြောင့် ဖျက်လိုက်ရတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ