Nipple Cracked and Fissure နို့တိုက်မိခင် နို့ထိပ်ကွဲနေခြင်း

(ကန်တော့) 
ဆရာရှင့် ကျွန်မက နို့တိုက်မိခင်တယောက်ပါ။ အသက်၂၅နှစ်ပါ။ ကလေးက ၁နှစ်၇လ ရှိပါပြီ။ လွန်ခဲ့တဲ့ ၁လလောက်က စပြီး ရင်ဘတ်တဖက်က နို့သီးခေါင်းကွဲပါတယ် ထိပ်ဖက်ရော ပတ်ပတ်လည်မှာရော သွေးထွက်ပါတယ် ကလေးစို့တာ မခံနိုင်တော့ ကောင်းနေတဲ့တဖက်ကိုဘဲတိုက်ပါတော့တယ် ၃ရက်လောက်နေမှ အနာဖေးတွေ ခွာပြီး ပြန်တိုက်တော့ ကလေးကဝမ်းပျက်ပါတယ် သွေးကတော့တိုက်တိုင်းထွက်လို့အခုမတိုက်တော့တာအရမ်းကြာသွားပါပြီဆရာ။ အနာက အရှင်းသက်သာသွားပေမယ့် ဝမ်းပြန်ပျက်မှာစိုးလို့ မတိုက်ရဲဘူးဖြစ်နေပါတယ်ဆရာ။ အဲ့ဖက်ကိုပြန်တိုက်ချင်ရင် ဘယ်လိုလုပ်ပြီးမှ ပြန်တိုက်ရပါမလဲဆရာရှင့်။ ရိုသေလေးစားစွာမေးမြန်းလိုက်ပါတယ်ရှင်။
၂။ ဆရာရှင့် သမီးက သားဦးမွေးတာရက်ပိုင်းဘဲရှိပါသေးတယ်။ နို့သီးခေါင်းက ကွဲနေတော့ နို့တစ်ခါတိုက်တိုင်း မျက်ရည်ကျအောင်နာပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆရာ။ ကျေးဇူးတင်ပါတယ်။
၃။ ဆရာရှင့် ကျွန်မ ၂၄ ရက်နေ့မနက်က သားသားကိုခွဲမွေးပါတယ်။ ဒီနေ့ဆို ၇ ရက်မြောက်ပါ။ နို့သီးခေါင်းတွေက ကွဲထွက်လာလို့ သားကိုနို့တိုက်တိုင်း မခံနိုင်အောင်နာပါတယ်။ သွေးနည်းနည်းထွက်ပါတယ်။ ဘာလုပ်ရမလဲ လမ်းညွှန်ပေးပါ ဆရာ။
၄။ အနာဖြစ်နေတဲ့နို့ကို ကလေးကိုတိုက်လို့ရပါသလား။ ကလေးမှာရောဂါ ရနိုင်ပါသလား။ နို့သီးခေါင်းပတ်လည်ကွဲပြီး အနာဖြစ်တာပါ။
နို့မှာ Crack အက်နေတာနဲ့ Fissure ကွဲကြောင်းဖြစ်နေတာ မတူပါ။ Fissure ဆိုတာ Nipple နို့သီးထိပ်ရဲ့ အခြေနေရာမှာ ဖြစ်တယ်။ နာတယ်။ သွေးထွက်နိုင်တယ်။ ကလေးမှာ Thrush မှက္ခရုရှိနေရင် ဒီနေရာကတဆင့် ကူးလာနိုင်တယ်။
Fissure ကွဲကြောင်းဖြစ်နေတဲ့ဘက်ကို နို့မတိုက်သေးဘဲ ၂-၃ ရက်ထားသင့်တယ်။ Crack အက်နေတာဆိုရင် ဆက်တိုက်နေလို့ရတယ်။ ကလေးနို့တိုက်ပြီးတိုင်း နို့ကို ရိုးရိုးနေနဲ့ ဆေးကြောပေးပါ။ ပြီးရင် ခြောက်သွေ့စေပါ။ နို့သီထိပ်ဖျားကို စိုမနေပါစေနဲ့။ ဆပ်ပြာမသုံးပါနဲ့။ အတွင်းခံ (ဘရာ) သန့်တာ မကြာမကြာလဲပေးပါ။ နို့သီးထိပ်လေးတွေ နေ့တိုင်း လေသလပ်စေပါ။ Cream (ခရင်)၊ Oil ဆီလိမ်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကတည်းက လုပ်နိုင်ပါတယ်။ မုံညင်းဆီမသုံးပါနဲ့။
Cracked or Sore Nipple နို့သီးထိပ်ကွဲပြီး အနာဖြစ်ခြင်း
နို့နာနေပေမဲ့ ကလေးကိုနို့ဆက်တိုက်ပါ။ သိပ်မနာတဲ့ဘက်ကနေ စတိုက်ပါ။ နို့တင်းနေရင် ညှစ်ပြစ်ပါ။ Aareola နို့အရောင်ရင့်အဝိုင်းကိုပါ ကလေးပါးစပ်ထဲဝင်ပါစေ။ နို့တိုက်မိခင်ဟာ ကလေးနို့တိုက်နေတုံးမှာ ကိုယ့်အနေအထား မကြာမကြာ ပြောင်းပေးပါ။ ဒါမှ ကလေးက နို့သီးဖျားကိုက်တာ သက်သာမယ်။ နို့သီးဖျားကို ကလေးကမဆွဲနိုင်အောင် အနေအထား ရွေးပါ။ နို့ကွဲနေတာထဲမှာ ကပ်နေတဲ့ ခြောက်နေတဲ့ နို့အဖတ်တွေကို ရှင်းဘို့ မကြိုးစားပါနဲ့။ နို့ကွဲတဲ့နေရာက သွေးနဲနဲထွက်နေတာက ကလေးပါးစပ်ထဲရောက်ပေမဲ့ စိုးရိမ်စရာမရှိပါ။ လိုအပ်ရင် Antiseptic cream ပိုးသေဆေး (ခရင်မ်) လိမ်းနိုင်တယ်။
ကလေးမရှိသူ နို့ကွဲနေရင် အနာလိမ်းဆေးတခုခု ဥပမာ Betadine, Cipladine, Burnol cream လိမ်းနိုင်တယ်။ နို့သန့်ရှင်းရေးပိုလုပ်ပါ။ ရေ + ဆပ်ပြာနဲ့ရပါတယ်။ ချွေးထွက်နည်းပါစေ။ အတွင်းခံသိပ်မကျပ်စေနဲ့။ အဆင်ပြေတဲ့အချိန်မှာ လေသလပ်ထားပါ။ နာတာ + ရောင်တာအတွက် ပါရာစီတမော၊ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။ မရသေးရင် ပိုးသေဆေးလိုမယ်။ ဥပမာ Ampicillin 500mg တခါသောက် ၁ တောင့်၊ တနေ့ ၂-၃ ကြိမ်၊ ၅ ရက် သောက်ပါ။
Breast Inverted nipples နို့ပါးစပ် နဲ့ Deformed Nipples နို့သီးရောဂါများ စာတွေလည်း ဘလော့မှာရှိတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ