Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁)

လွန်ခဲ့တဲ့ ၆ နှစ်တိတိက မေးတာ 3 ယောက်။ 
၁။ ကျွန်တော် ယခုလိုဆောင်းတွင်းရောက်တိုင်း နေ့ညမရွေး နှားခေါင်းသွေးလျှံတတ်ပါတယ်ဆရာ။ နှာခေါင်းပိတ်တဲ့အခါမျိုးမှာပိုဖြစ်ပါတယ်ဆရာ။ ယခုနှစ် ယခုရက်ပိုင်းအတွင်းမှာ နောက်ဆုံး ၁၀ ရက်အတွင်း 4 ခါလောက်ဖြစ်တယ်ဆရာ။ သွေးလျံတဲ့အခါ တအားကြီးလျှံတာမျိုးမဟုတ်ပဲ နာရည်ယိုတယ်ထင်၍ ညှစ်တဲ့အခါမျိုးမှ သိရတာပါဆရာ။ အသက် ၂၅ နှစ်ပါဆရာ။ တိတိကျကျ စစ်ဆေးသင့်ပါသလားဆရာ။
၂။ ကျွန်တော့် မိန်းကလေးသူငယ်ချင်း အသက် ၁၇၊ ရာသီမမှန်၊ အပျို၊ နှာခေါင်းသွေး ခဏခဏလှံျပါတယ်။ အရင်တုန်းက ခေါင်းမူးရင် သွေးလျှံပါတယ်။ အခုဆိုရင် သွေးက ထွက်ချင်တဲ့အချိန်ထွက်ပါတယ်။ ညဘက်အိပ်နေရင်းတောင် ထွက်လာပါတယ်ဆရာ။ အဲတာ ဘာကြောင့်လဲဆရာ။ ရောဂါဆိုရင် ဘယ်လိုရောဂါမျိုးလဲဆရာ။ ရှောင်ရန်ဆောင်ရန်လေး နှင့် ဖြစ်ရတဲ့အကြောင်းအရင်းလေးတွေ ပြောပြပေးပါဆရာ။ အရမ်းကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ အမြဲကျန်းမာပါစေ။
၃။ ဆရာ ကျွန်တော်ကောင်မလေးက အသက် ၂ဝ ပါ။ သူက အခု နာခေါင်းသွေးလျှံလို့ ဘယ်လို လုပ်ရမလဲဆရာ။ ခဏခဏတော့မဖြစ်ဘူး တခါတလေမှဖြစ်တာဆရာ။ ဘယ်လို လုပ်ရမလဲ ပြောပြပေးပါခင်ဗျာ။
ကနေ့ ကင်ဆာနေရာမှာ မေးတာတခု ရှာဖတ်ပါတယ်။ ကူညီပါအုန်းရှင့် ကျမ အသိတယောက်က ခေါင်းလည်းမကြာမကြာမူးတယ် ပီး(ပြီး)ရင် နာခေါင်းသွေးထွက်တယ် အဲလိုဖစ်(ဖြစ်)နေတာ ၁နှစ်ကျော်ပီ(ပြီ)ရှင့် သူကသွေးလည်းလူဖူးတယ် ဖျားတာလည်းမရှိဘူးရှင့် အခုရက်ပိုင်းနာခေါင်းသွေးယိုတာ များလာလို့ရှင့်ကူညီပေးပါရှင့် ဘာလုပ်ရမယ်မသိတော့ဘူးရှင့် သွေးလဲဖို့လိုရင်လည်း လှူမယ့်သူရှိနေပါတယ်ရှင့်
ကင်ဆာနေရာဖြစ်လို့ ဖြစ်ကို ဖစ်လို့ ရေးတယ်။ ပါပီ-ဖစ်-တေး-မာ-ဘ စာလုံးတွေက ကင်ဆာမိသားစုပိုင်။
မင်္ဂလာပါ ဆရာ။ ကျွန်မ အဖေရဲ့ အသက်က ၆၀ ပါရှင်။ မြန်မာနိုင်ငံမှာနေပါတယ်။ နှစ်တိုင်းလိုလို နှာခေါင်းသွေး လျှံတတ်ပါတယ်ဆရာ၊ တခါဖြစ်ရင် သွေးခဲတွေပါပါတယ်ဆရာ၊ အဲ့လိုဖြစ်ရင် နီးစပ်ရာ ဆေးခန်း သွားပြပါတယ်။ ပြပြီးရင် ကောင်းသွားပါတယ်။ ဒါပေမယ့် နှစ်တိုင်းပြန်ဖြစ်ပါတယ်။ ပုံမှန်ဆို နွေရာသီမှာပဲဖြစ်တတ်ပါတယ်။ အခု ဆောင်းရာသီမှာ ဖြစ်တယ်ဆရာ။ ဘာဖြစ်လို့ နှစ်တိုင်းဖြစ်ရတာလဲဆိုတာ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာ။ မေးခွန်းတိုင်းကို အမြဲ ဖြေကြားပေးတဲ့ဆရာ ကျေးဇူးတင်ပါတယ်ရှင်။ ဆရာ ကျန်းမာချမ်းသာပါစေ။
နှာခေါင်းကသွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ နှာခေါင်းကသွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်းနောက်ကနေယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး၊ အစာအိမ်ထဲရောက်၊ များရင်အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။ 
ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ်စနစ်ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာ ရှိတာတို့ ဖြစ်တယ်။ တခါတလေလဲ ဘာ့လို့မှန်း မသိဘဲလည်း ယိုသေးတယ်။ နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ်များတယ်။ နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေလဲ ဖြစ်နိုင်သေးတယ်။ ရှားရှားပါးပါး မွေးရာပါရောဂါတခုကြောင့်လဲ ဖြစ်တယ်။ နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကျိတ်တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေဖြစ်တယ်။
ရှူရတဲ့လေဟာ ဆောင်းတွင်းကာလတွေမှာလို ရေငွေ့ဓါတ်နည်းလွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။ နှာခါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်းပစ္စည်းကိရိယာတွေကြောင့်နဲ့ နှာခါင်း ခွဲစိတ်တာလည်း ထည့်မပြောရင် ပြည့်စုံမှာမဟုတ်ဘူး။
နှာခေါင်းကမဟုတ်တဲ့ အကြောင်းခံတွေကတော့ (အလာဂျီ)၊ အအေးမိရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ၊ တွယ်ဆက်တစ်ရှူးရောဂါ၊ Blood dyscrasias ခေါ် သွေးရောဂါ၊ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဝက်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့ ကေ နည်းရောဂါ၊ နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိပ်ပူတဲ့အစား စားတာတွေပါဝင်တယ်။ (ကိုကိန်း) လို မူးယစ်ဆေးကြောင့်လဲ ယိုတတ်တယ်။
ေြာခက်တယ်လို့တော့ မထင်ပါနဲ့။ အမေရိကားမှာ မှတ်တမ်းတခုအရ လူပေါင် ၂ သန်းခွဲဖြစ်တာမှာ ၄ ယောက်က သေဆုံးတဲ့အထိဆိုးတယ်။ ရှေးခေတ် (ဟွန်) လူမျိုးတွေရဲ့ ဧကရာဇ် (အတီလာ) ဟာ မင်္ဂလာဦးညမှာ အရက်တွေ အလွန်အကျွံသောက်တော့၊ အိပ်ရာထဲ နှာခေါင်းသွေးတွေ ယိုရာကနေ၊ အသက်ရှူလမ်းပိတ်ပြီး၊ နတ်ရွာစံခဲ့ဘူးပါတယ်။
ဘာလုပ်ရမလည်း
သွေးဆိုတာ သွေးကြောထဲကထွက်ရရင် ခဲတတ်တဲ့သဘောရှိလို့ သူထွက်လာတဲ့ သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကိုတားနိုင်တယ်။ ဒါ့ကြောင့် သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ပိတ်တဲ့ သဘောလည်းဖြစ်အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြုနည်းဖြစ်တယ်။ နှာခေါင်းဆိုရင်တော့ အပျော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach's area, Little's area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်းဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မဝင်အောင် ကာကွယ်ရာ ရောက်စေတယ်။ Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်နဲ့ အသက်ရှူစေပါ။ သွေးယိုတာ မြိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်းထုတ်ဘို့ မကြိုးစားရ။ နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတဝှိုက်ကို ရေခဲ တင်ပေးတာ၊ ရေခဲကိုလဲ ပါးစပ်ထဲငုံတာမျိုး လူတွေလုပ်နေကြဖြစ်ပေမဲ့ သုတေသနကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများတယ် ဆိုတာတော့ မပြောနိုင်ဘူး။
သွေးကြောတွေကို ကြုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံး နိုင်ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။ သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan, Stop Hemo နဲ့ NasalCEASE တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။
ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။ နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or liquid paraffin ဆီတခုခုထဲစိမ်၊ 10% povidone-iodine ပိုးသန့်ဆေးရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။ နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီနည်းနဲ့ သွေးမထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်တယ်။ Silver nitrate ဆေး ထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေး သုံးပြီး လုပ်ပါတယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကိရိယာထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။
နှာခေါင်းဖုံးအလွှာ ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့ ချောမွေ့စေအာင် လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထားရမယ်။ မကြာမကြာ ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေးပေးတာ အကျိုးရှိစေတာတွေ့ရတယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏ ဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ဝင်လာတတ်တယ်။
သူများနိုင်ငံတွေမှာ Pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ ခပ်ပြင်းပြင်း ရှူစေတယ်။ Fresh green grass မြက်ပင်သန့်သန့်ကို အရည်လုပ်ပြီး၊ နှာခါင်းတဖက်စီထဲကို ၅-၁ဝ စက် ထည့်ခိုင်းတယ်။ အေးတဲ့တိုင်းပြည်ဒေသတွေမှာ ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal saline ခေါ်တဲ့ သွေးကြောထဲ သွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ ဝယ်ရတာခက်ရင် ရေသန့်သန့်ထဲမှာ အိမ်သုံးဆား ဝ့၉% ရအောင်ဖျော်ပြီး၊ သုံးနိုင်ပါတယ်။ ဗီတာမင် စီ ဆေးရှာမရရင် သုံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။

Dr. တင့်ဆွေ
၂၀-၁-၂၀၁၇
၂၀-၁-၂၀၂၃

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ