Penicillin V ပနယ်စလင် စားဆေး

၁။ ဆရာခင်ဗျ ကျွန်တော့်အမျိုးသမီးက ၂၇ နှစ် လေးဘက်နာရှိပါတယ်။ အရင်က Pen V သောက်ပါတယ်။ ကိုယ်ဝန်ရှိစဉ်ကတည်းက ဖြတ်လိုက်ပါတယ်။ ယခု ကလေး ၁၁လ ရှိပါပြီ ခြေထောက်တွေပြန်ကိုက်နေလို့ပါ။ Pen V ပြန်သောက်လို့ရပါသလား။ မရရင် မည်သည့်ဆေး သောက်/လိမ်းသင့်ပါသလဲခင်ဗျာ။
၂။ အသက် ၉နှစ်၂လ၊ မိန်းကလေး၊ လေးဘက်နာပိုး ASO 400 ပါ။ နှာခေါင်းနှစ်ဖက်လုံး အတွင်းဘက်ရှိ နှာသီးကြီးပြီး ရဲနေပါတယ်။ ပါးစပ်အတွင်းအာသီးဧ။် ဘေးဘက်တွင်လည်းအလုံးတလုံးက ကြီးနေပါတယ်။ နှာခေါင်းသွေးလည်း ၁၀ရက်အတွင်းမှာ ၂ခါလျှံပါတယ်။ နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်က pen v 2 times, cevit 1time, Aribovit 1 time night ၁လ တိုက်ခိုင်းပါတယ်။ pen v  400,000 I.U ကို တလုံးတိုက်ရမှာလား၊ တခြမ်းတိုက်ရမှာလား မသဲကွဲလို့ တခြမ်းဘဲတိုက်ဖြစ်ပါတယ်။ ဆေးတိုက်တာ ၃ရက်ရှိပေမဲ့နှာခေါင်းနှင်ပါးစပ်အတွင်းရှိအသီးများမှာသေး မသွားပါ။ ဘာတွေသတိထားရမလဲ၊ ဆေးက ဘာတွေနဲ့ မတည့်ဘူး လဲသိချင်ပါတယ် ဆရာ။
၃။ လေးဘက်နာဆေးလို့ပြောပါတယ်ဆရာ။ Side affect ရှိမရှိ သိချင်လို့ပါဆရာ။
၄။ ASO တိုင်းတာ 350 ပါဆရာ။ Penicillin v 400,000IU ဆိုတစ်နေ့ဘယ်နှစ်လုံးသောက်ရမလဲသိချင်လို့ပါရှင့်။
Penicillin V (Phenoxymethylpenicillin) (Penicillin VK) ပနယ်စလင်စားဆေးကို လေးဘက်နာလို့ အများခေါ်ကြတဲ့ (ရူမက်တစ်) ရောဂါ ကာကွယ်ဘို့လဲ သုံးတာ မှန်ပါတယ်။ Group A β-hemolytic streptococcal tonsillopharyngitis လို့ အတိအကျ ခေါ်ရတယ်။ ဖြစ်စေတဲ့ ဗက်တီးရီးယားနာမည်နဲ့ အာသီး-လည်ချောင်းရောင်ဆိုတာ နှစ်ခုကို တွဲခေါ်တာ ဖြစ်ပါတယ်။ ရောဂါသေချာအောင် လည်ချောင်းက အကျိအချွဲကိုယူပြီး ရှိနေတဲ့ပိုးကို စစ်ဆေးရတယ်။
Penicillin V စားဆေးရော Benzathine penicillin ထိုးဆေးပါ ကောင်းတယ်။ ဈေးလဲမကြီးဘူး၊ ဒီပိုးမျိုး သန့်သန့်ကို နိုင်တယ်၊ ရေရှည် ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲ မဖြစ်ဘူး။
ဘယ်လောက်ကြာကြာ ကာကွယ်နေရမလဲ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုး ဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။ ကာကွယ်ရေးမှာလဲ ပနယ်စလင်က အကောင်းဆုံး။ ပနယ်စလင်မတည့်သူတွေကို Cephalosporin နဲ့ Clindamycin ဒါမှမဟုတ် Azithromycin, Clarithromycin, Dirithromycin, Erythromycin, Roxithromycin, Telithromycin, Carbomycin A, Josamycin, Kitasamycin, Midecamycin, Oleandomycin, Solithromycin, Spiramycin နဲ့ Troleandomycin စားဆေးတွေ ပေးနိုင်တယ်။
ပနယ်စလင်ဆေးဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။ သတိထားဘို့က ဆေးမတည့်ရင်တော့ အသက်ကိုပါရန်ရှာနိုင်တယ်။
Streptococcal Pharyngitis ပိုးကြောင့်အာခေါင်ရောင်ခြင်း
500 mg တနေ့ ၂ ကြိမ် သို့မဟုတ် 250 mg တနေ့ ၄ ကြိမ်၊ ၁၀ ရက်။
Erysipelas အနာအတွက်
500 mg တနေ့ ၄ ကြိမ်၊ ၁၀ ရက်။
Rheumatic Fever Prophylaxis လေးဘက်နာကာကွယ်ရန်
250 mg တနေ့ ၂ ကြိမ်။
အစာမရှိချိန်သောက်တာ ကောင်းတယ်။ ကလေးတွေအတွက် အတိအကျရေးထားတာ မရှိပါ။ လူကြီးတယောက် ပျမ်းမျှကိုယ်အလေးချိန်ရဲ့ တဝက်နဲ့ လေးပုံတပုံအတိုင်း ဆေးကို တဝက်နဲ့ လေးပုံတပုံတိုက်နိုင်တယ်။ တနေ့ အကြိမ်အရေအတွက် အတူတူဖြစ်တယ်။
Valvular disease ခေါ် နှလုံးအဆို့ရှင်ရောဂါရှိသူတွေက ၁၀ နှစ်ကြာသောက်ရမယ်။ Acute rheumatic fever ခေါ် ရက်တိုရူးမက်တစ်အဖျားရှိသူတွေက အသက် ၄၀ နှစ်အထိသောက်ရမယ်။ ၁၀ နှစ်ထက်မနည်းစေရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ