Pills and Side effects တားဆေးရဲ့ ဘေးထွက်-ဆိုးကျိုး ရှောင်နည်း

(ကန်တော့)

ဆေးတိုင်းမှာ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ ဒီဆေးမျိုးက ဟော်မုန်းဖြစ်လို့ တမျိုးထူးတယ်။ ဆိုးကျိုးတွေဟာ တခဏ-အမြဲတန်း၊ ခပ်ပေါ့ပေါ့-ခပ်ဆိုးဆိုး အမျိုးမျိုးရှိမယ်။ တယောက်မှာ ဖြစ်ပေမဲ့ ကိုယ့်မှာ မဖြစ်တာလဲရှိမယ်။ အခု ရေးပြတာတွေကို ဒီဆေးသောက်သူ ၁% မှာသာ ခံစားရတယ်။ တချို့က အလိုလို သက်သာသွားတယ်။ တချို့ကို ပြုပြင်ယူလို့ရနိုင်တယ်။

အဖြစ်မနည်းတာတွေ –
• ဗိုက်နာ၊ လေပွ၊ ပျို့၊ အန်၊
• ဝက်ခြံထွက်၊ (ဆေးသောက်စ ပဌမ ၃ လမှာသာ အဖြစ်များ)၊
• ရင်သား နာ-တင်း-ရောင်၊
• နေရောင်နဲ့ထိတဲ့ အရေပြားမှာ အညိုစက်လေးတွေဖြစ်၊
• ခေါင်းမူး၊
• ကိုယ်မွှေး နည်း-များ၊
• လိင်စိတ် ပြောင်းလဲ (နည်း-များ)၊
• ခြေထောက်ရောင်၊
• ခါတိုင်းနဲ့မတူ မောပန်း၊
• ကိုယ်အလေးချိန် တက်-ကျ၊

ရှားပါးပေမဲ့ ဖြစ်လာရင် ဆရာဝန်ပြရမဲ့ ဘေးထွက်-ဆိုးကျိုးတွေ –
• ရင်သား အကျိတ်၊
• ရာသီလုံးဝမလာ၊ ရာသီ တခါတလေမှသာလာ၊
• ကြားရက်သွေးဆင်း၊ ရာသီသွေး နည်း၊ ရာသီဆင်းနေတာ ရက်ပိုကြာ၊
• စိတ်ဓါတ်ကျ၊
• ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ အသဲနေရာနာ၊ အသားဝါ၊
• ဆီးချိုရှိတဲ့ အမျိုးသမီးတွေ ဆီးချို နည်းနည်းတက်၊
• ခေါင်းကိုက်၊ (မိုင်ဂရင်း) ဖြစ်၊
• သွေးဖိအား နည်းနည်းတက်၊
• ဗိုက်အပေါ်ပိုင်း နာ-တင်း၊
• မွေးလမ်းကနေ အဖြူဆင်း၊ ယား၊ ပျစ်၊ အဖတ်လိုက်ဆင်း၊

ဘေးထွက်-ဆိုးကျိုးမှာ ဘယ်ဟာကို ခံနိုင်ရည် မရှိသလဲ –
Marvelon လို ဟော်မုန်း ၂ မျိုးတွဲ တားဆေးတိုင်းကနေ ဆေးသောက်ကာစ လတွေမှာ ရာသီဆင်းတာ ပုံမှန်ထက် များနေတာ ဖြစ်နိုင်တယ်။ ဆေးဆက်သောက်ပါ။ ကိုယ်ခန္ဓာ အခြေအနေနဲ့ အသားကျလာရင် ပုံမှန်ဖြစ်လာမယ်။ တချို့ ၃ လကြာရင် ကောင်းလာတတ်တယ်။

တကယ်လို့ ဟော်မုန်း ၂ မျိုးပါ စားဆေးက အဆင်မပြေတော့ဘူးလို့ ဆုံးဖြတ်ရင် –
(၁) Combination pills ဟော်မုန်း နှစ်မျိုးတွဲဆေး အမျိုးအစား နောက်တခုကို ပြောင်းသုံးနိုင်တယ်။
(၂) တခြား အလားတူနည်း တခုခုကို ပြောင်းသုံးနိုင်တယ်။

(၁) ဟော်မုန်း နှစ်မျိုးတွဲဆေး အမျိုးအစား နောက်တခုကို ပြောင်းသုံးခြင်း
(က) Ultra low dose birth control pills ဟော်မုန်း အနည်းဆုံးပါတားဆေးများ
– Alesse (Aviane, Lessina, Lutera, Sronyx) = ethinyl estradiol 0.02 mg + levonorgestrel 0.1 mg
– Mircette = ethinyl estradiol 0.02 mg + desogestrel 0.15 mg

(ခ) Low dose birth control pills ဟော်မုန်း နည်းနည်းသာပါတဲ့ တာဆေးများ
– LoOvral = ethinyl estradiol 0.03 mg + norgestrel 0.3 mg မှတ်ချက်။ ၃၁-၁-၂ဝ၁၂ မှာ ဒီဆေးက ကိုယ်ဝန်ကိုတားဆီးမှု စိတ်မချရလို့ ဆေးကို ပြန်သိမ်းခဲ့တယ်။
– Nordette = ethinyl estradiol 0.03 mg + levognorgestrel 0.15 mg
– Ortho-Cept (Reclipsen, Solia) = ethinyl estradiol 0.03 mg + desogestrel 0.15 mg
– Desogen = ethinyl estradiol 0.03 mg + desogestrel 0.15 mg
– Levlen21 = ethinyl estradiol 0.03 mg + levonorgestrel 0.15 mg
– Seasonale/Seasonique = ethinyl estradiol 0.03mg + levonorgestrel 0.15 mg

(၂) တခြား အလားတူနည်း တခုခုကို ပြောင်းသုံးခြင်း
Combined Pills (Estrogen + Progestin) ခေါ်တဲ့ ဟော်မုန်း ၂ မျိုးပါ ကိုယ်ဝန်တားနည်းတွေကတော့ –
1. Birth control pills (ဟော်မုန်း၂ မျိုးတွဲပါ) စားဆေး၊
2. Patch အရေပြားမှာ ကပ်ထားရတဲ့ ဆေးကပ်ခွါ နဲ့
3. NuvaRing (ဗဂျိုင်းနား) ထဲ ထည့်ရတဲ့ ဆေး (ကွင်း) တွေ ဖြစ်ကြတယ်။

• Ortho Evra ခေါ်တဲ့ Patch ဟော်မုန်း ၂ မျိုးပါ ဆေးကပ်ခွါ၊ တလမှာ ပဌမ (၃) ပတ် ကပ်ထားပြီး နောက်ဆုံးပတ်မှာ မကပ်ဘဲ နေရတယ်။
• NuvaRing ခေါ်တဲ့ ဗဂျိုင်းနားထဲ ထည့်ရတဲ့ (ကွင်း) မှာလဲ ဟော်မုန်း ၂ မျိုးပါတယ်။ ရာသီရက် ၁ နဲ့ ၅ ရက် အတွင်းမှာ မွေးလမ်းကြောင်းထဲ ထည့်ထားရမယ်။ ရာသီဆင်းနေတာ မရပ်သေးလဲ ထည့်ပါ။
• Birth control pills စားဆေးကနေ NuvaRing ပြောင်းသုံးရင် အဖြူပြား (ပဌမ ၂၁ လုံး) သောက်အပြီး ၇ ရက် အတွင်းမှာ ထည့်ရမယ်။ တနည်းပြောရရင် ဆေးပြားကပ်အသစ် စသောက်ရမဲ့နေ့မှာ ထည့်ပါ။ သွေးဆင်း နေသေးလဲ ထည့်ပါ။
• Patch ကနေ NuvaRing ကိုပြောင်းသုံးတာဆိုရင် ဆေးကပ်ခွါ ခွါအပြီး ၇ ရက်အတွင်း NuvaRing ထည့်ပါ။ သွေးဆင်းနေလဲ ထည့်ပါ။
• Progestin-only pill (Minipill) ဟော်မုန်းတမျိုးထဲဆေး ကနေ NuvaRing ပြောင်းထည့်တာဆိုရင် ဘယ်ရက်မှာမဆို ဆေးသောက်ပြီးနောက် ရက်မခြားဘဲ ထည့်ပါ။
• DepoProvera ထိုးဆေးကနေ NuvaRing ပြောင်းသုံးရင် နောက်တကြိမ် ဆေးထိုးရမဲ့နေမှာ ထည့်ပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ