Powerful Speech နှုတ်ကောင်းလျှင် ပြည်စိုး

စကားအမျိုးအစားများ
• အပြစ်ဖြစ်သောစကား၊
• ဝါကြွား၍ပြောသောစကား၊
• အနိုင်အထက်ပြောသောစကား
• ချီးမွမ်းစကား။
စကားပုံများ
• စကားကျွံသော် နုတ်မရ၊
• စကားစကား ပြောပါများ စကားထဲကဇာတိပြ၊
• စကားနောက် တရားပါ၊ 
• ဝစီဗေဒ ထိတိုင်းရှ၊
• နှုတ်ချို သျှိုတပါး၊ 
• နှုတ်ကောင်းလျှင် ပြည်စိုး၊
• နှုတ်ကြောင့်သေ လက်ကြောင့်ကြေ၊ 
ဝစီဒုစရိုက် (၄) ပါး 
(၁) မုသာဝါဒါ = မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း၊ 
(၂) ပိသုဏဝါစာ = သူနှစ်ဦးအချစ်ကို ပျက်အောင် ကုန်းချောခြင်း၊
(၃) ဖရုသာဝါစာ = ကြမ်းတမ်းသဖြင့် နားမခံသာတဲ့စကားကို ပြောဆိုခြင်း၊
(၄) သမ္ဗပ္ပလာပဝါစာ = နိဗ္ဗာန်မှ ဖီလာဖြစ်သော သိမ်ဖျဉ်းသောစကားကို ပြောဆိုခြင်း၊
စကားအရာ အင်္ဂါ ၁ဝ ပါး
(၁) ကာလဝါဒီ = ပြောဆိုချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း၊ 
(၂) ဘူတဝါဒီ = ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း၊ 
(၃) ဓမ္မဝါဒီ = တရားနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း၊ 
(၄) အတ္တဝါဒီ = အကျိုးနဲ့စပ်သည်ကိုသာ ပြောဆိုခြင်း၊ 
(၅) ပိယဝါဒီ = ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း၊ 
(၆) မိဟိတပုဗ္ဗဘာဏီ = ပြုံးရွှင်ခြင်း၊ကို ရှေးဦးပြု၍ ပြောဆိုခြင်း၊ 
(၇) မိတဘာဏီ = မပိုမလွန်ချင့်ချိန်၍ ပြောဆိုခြင်း၊ 
(၈) အတုရိတဝါဒီ = အဆောတလျင်မပြောဆိုခြင်း၊ 
(၉) ပေါရီ = မြို့ကြီးသူ မြို့ကြီးသားတို့၏ ဓလေ့ထုံးစံသို့ လိုက်၍ပြောဆိုခြင်း၊ 
(၁ဝ) ဝိသဝါဒီ = သန့်ရှင်းသေချာ အက္ခရာဌာန်ကရိုဏ်းကျအောင် ပြောဆိုခြင်း၊ 
စကားကြီး (၁ဝ) မျိုး 
(၁) ရေကူးညာတင်စကား = လိုရာဆိပ်ကမ်းကို ရေညာက တင်ကြို၍ ကူးမှရောက်သကဲ့သို့ မိမိလိုရာ ရောက်အောင် ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း၊
(၂) ကောက်ပင်ရိတ်လှီးစကား = ကောက်ပင်ကို လက်တဖက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့် အရင်းက ရိတ်ဖြတ်လျှင် လက်တွင်ရှိသမျှ စပါးကို ရသကဲ့သို့ သူဆိုသော စကားမိအောင် ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း၊
(၃) ရေစီးဖောင်ဆန်စကား = လိုအင်ဆန္ဒရှိသမျှသောအရာဝတ္ထုတို့ကို ဖောင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် ကိစ္စပြီးသကဲ့သို့ ခြေသိမ်း၊ ခေါင်းပိုက်၊ ပမာ၊ ပမည်းဟပ် စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း၊
(၄) အိုးတန်ဆန်ခတ်စကား = အိုးနှင့်ဆန် တန်ရုံထည့်၍ ချက်လျှင် ကောင်းစွာ ကျက်နပ်သကဲ့သို့ ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း၊
(၅) ဆီပွတ်ကျည်ပွေ့စကား = ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စ ပြီးသကဲ့သို့ လိုရာကိစ္စပြီးစေခြင်း၊ငှာ ထိုစကားကိုပင် အထပ်ထပ်ပြောဆိုခြင်း၊
(၆) ဆင်ဝှေ့ရန်ရှောင်စကား = ဆင်ထိုးဝှေ့မည် လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှားကာနေရသကဲ့သို့ ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်း၊
(၇) တောင်သူယာခုတ်စကား = တောင်သူလယ်သမားတို့သည် မိမိတို့ တည်ခုတ်မည့် လယ်ယာမြေကွက်၌ ရှေးဦးစွာ ခြုံပိတ်ပေါင်းနွယ်သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှ သစ်ပင်ကြီး တို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ စကားငယ် (အရေးမကြီးသောစကား) ကို ပြောဆို ပြီးမှ စကားကြီး (အဓိကပြောမည့်စကား) ကို ဖိစီး၍ ပြောဆိုခြင်း၊
(၈) ကြက်ခုတ်ခွပ်ပစ်စကား = ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ ခွပ်သာမှ ခွပ်ပစ်သကဲ့သို့ သူ့စကားအလိုသို့ လိုက်တန်က လိုက်၍ စီးသာမှ စီးလျက်ပြီးပြတ်အောင် ပြောဆိုခြင်း၊
(၉) ရေစစ်ပမာစကား = ဓမ္မကရိုက်ခေါ် ရေစစ်ကို ရေတွင် နှစ်ခါ ပြည့်မှ အပေါက်ကိုပိတ်၍ ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း၊
(၁ဝ) စက်တင်မောင်းနင်း = မောင်းနင်းသောသူသည် တဖက်လိုက်ပါတိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်း နင်းရသကဲ့သို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျပြောဆိုခြင်း၊
စကားကြီး ၆ ခွန်း လူ၌ထွန်း ၄ ခွန်းကိုပယ်၊ ၂ ခွန်းလွယ် (၄ ခွန်းရှောင်ခွာ ၂ ခွန်းသာ)
(၁) ဟုတ်မှန်၍ အကျိုးရှိပြီး သူများလည်းနာလိုသော စကား၊
(၂) သူများမနာလိုသော်လည်း ဟုတ်မှန်၍ အကျိုးရှိသော စကား၊
(၃) ဟုတ်မှန်၏၊ အကျိုးမရှိ သူများလည်း မနာလိုသော စကား၊
(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများနာလိုနှစ်သက်သော စကား၊
(၅) မဟုတ်မမှန် အကျိုးမရှိ သူများနာလိုနှစ်သက်သော စကား၊
(၆) မဟုတ်မမှန် အကျိုးလည်းမရှိ သူများလည်း မနာလိုမနှစ်သက်သော စကား၊
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ