Pregnancy and Ultrasound ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း)

(အာလ်ထွာ-ဆောင်း) ရိုက်စစ်ဆေးနည်းဟာ စိတ်ချရတယ်၊ အကုန်အကျ မများဘူး၊ တိကျတယ်လို့ လက်ခံထားကြတာမို့ ကိုယ်ဝန်ဆောင်များအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးကြတယ်။ ဘာတွေ သိချင်လို့ပါလဲ။

၁။ ကိုယ်ဝန်ရှိတာ သေခြာသိမယ်။ သန္ဓေကိုဖုံးထားတဲ့ အိတ်ကလေး Gestational sac ကို ရက်သတ္ကပါတ် ၄ ပါတ်ခွဲမှာ စမြင်ရပြီ။ သန္ဓေဟာ သားအိမ်ထဲမှာ ရှိနေတာ ဟုတ်-မဟုတ်လဲ သေခြာသိနိုင်တယ်။

၂။ ကိုယ်ဝန်ရှိစဉ် သွေးဆင်းရင် ပျက်လေမလား သိနိုင်တယ်။ ၆-၇ ပါတ်ဆိုရင် Doppler ultrasound နဲ့ ကလေး နှလုံးခုန်သံကို သိနိုင်ပြီ။ ဒါဆို ၉၅% မက ကိုယ်ဝန်က ကောင်းတယ်။ ကလေးနှလုံးခုန်သံဟာ ကိုယ်ဝန် အနု-အရင့် လိုက် ပြောင်းတယ်။ ၁ လခွဲတုန်းက ၁ မိနစ်မှာ ၉ဝ-၁၁ဝ ရှိတယ်။ ၉ ပါတ်ကစပြီး မွေးတဲ့အထိ ၁၄ဝ-၁ရဝ ရှိလာတယ်။

၃။ ကိုယ်ဝန် ဘယ်လောက် ရင့်နေပြီလဲသိမယ်။ သန္ဓေသား အရွယ်အစားဟာ ရင့်လေ ကြီးလေဖြစ်တယ်။

(က) Crown-rump length (CRL) ခေါင်းထိပ်ကနေ အောက်ခြေအထိ ဘယ်လောက် ရှည်သလဲဆိုတာ ၇-၁၃ ပါတ်မှာ အတိအကျ သိရပြီ။

(ခ) Biparietal diameter (BPD) ခေါင်းဘေးနှစ်ဘက် အကွာအဝေး၊ ၁၁ ပါတ် မှာ ၂ဝ ကနေ မွေးတော့မယ်ဆိုရင် ၉ဝ-၁ဝဝ မီလီမီတာ ရှိတယ်။

(ဂ) Femur length (FL) ပေါင်အရှည် ၁၁ ပါတ်မှာ ၁၊ မွေးခါနီးရင် ၇၉-၈ဝ မီလီမီတာ ရှိတယ်။

(ဃ) Abdominal circumference (AC) ကိုယ်ဝန်ရင့်ချိန်မှာ အရေးကြီးတဲ့ တိုင်းထွာချက်ဖြစ်တယ်။ ၁၁ ပါတ်မှာ ၅၊ မွေးခါနီးရင် ၃၅ဝ မီလီမီတာ ရှိတယ်။

၄။ သန္ဓေသားမှာ အင်္ဂါချို့ယွင်းတာ ရှိ-မရှသိဘိို့၊ ကိုယ်ဝန် ၂ဝ ပါတ်မတိုင်ခင် စမ်းတာကောင်းတယ်။ ခေါင်းထဲက အရည်တွေ များနေတာ၊ ဦးနှောက် မပါတာ၊ ဦးနှောက်မြှေး အိတ်ဖြစ်နေတာ၊ ခါးရိုးဆစ်ကနေ အာရုံကြော ကျွံထွက် နေတာတွေကို သိနိုင်တယ်။ နောက်ပေါ် ကရိယာကနေ အာခေါင်ကွဲ၊ နှလုံးရာဂါ၊ စတာတွေပါ သိရစေတယ်။

၅။ အချင်းတည်နေရာကို သိရတာ အလွန်မတန် အကျိုးများတယ်။ အချင်းရဲ့ အောက်ဖျားက ဘယ်နားမှာလဲ သိရင် ခွဲမွေးဘို့ မလွဲမသွေလိုတဲ့ အချက်ကြီးတခု ကြိုသိရတယ်။ အချင်းက အောက်ကျပြီး၊ သားအိမ်အဝအနား ရောက်နေရင် ခွဲမွေးရမယ်။ ဒါ့အပြင် အချင်းရောဂါတွေကို ပါရှိရင် သိရတယ်။

၆။ အမွှာ ဟုတ်-မဟုတ်၊

၇။ ရေမြွှာရည် အနည်း-အများ၊

၈။ ဗိုက်ထဲမှာ ကလေး သေမနေတာသိမယ်။ ကလေးက Head/Cephalic ခေါင်းနဲ့ မဟုတ်ဘဲ Breech တင်ပါးဆုံပြုနေတာ၊ သားအိမ် ပုံမှန်ဟုတ်-မဟုတ်၊ Myoma သားအိမ်အလုံးရှိတာ၊ Overian cyst မျိုးဥအိမ်အလုံး ရှိတာတွေပါ သိနိုင်တယ်။

မထိခိုက်ပါ
ကလေးကို မထိခိုက်ဘူးလို့ ယေဘူယျပြောနိုင်ပါတယ်။ ကလေးရဲ့နှလုံးကို ပြတယ်ဆိုတော့ ကလေးကောင်းနေတယ်လို့ မှန်းနိုင်တယ်။ အဓိကအချက်တခုက အချင်းအနေအထား သိဘို့လိုတယ်။ အချင်း အောက်ကျမနေရဘူး။ အောက်ကျနေရင် ခွဲမွေးရမယ်။ ကလေးရဲ့ အနေအထား Position (Cephalic or Breech) ခေါင်းနဲ့လား၊ တင်ပါးလား သိရမယ်။ ကလေးမှာ ပုံမှန်မဟုတ်တာ တခုခုရှိရင်လည်း ပြောပြလိမ့်မယ်။ အဲဒါတွေ ကောင်းနေလို့၊ မလိုလို့ မပြောတာ ဖြစ်နိုင်ပါတယ်။ ဓါတ်ပုံထုတ်ပေးတာထက် စာနဲ့မှတ်ချက်ရေးပေးတာ ရသင့်တယ်။ (အာလ်ထွာ-ဆောင်း) ရိုက်ရင်သိတဲ့ ကလေး ကျား-မ ဆိုတာကို သူ့နိုင်ငံ ဥပဒေအရ မပြောရတာ-ပြောရတာ ရှိတယ်။

တွက်ချက်မှု
ကလေးရဲ့ ကိုယ်ဝန် ဘယ်လောက်ရင့်နေသလဲဆိုတာ ရက်သတ္တပါတ်နဲ့ ရက်ပေါင်း ရေးလိမ့်မယ်။ မွေးမဲ့ရက် ခန့်မှန်းခြေပါ ပါလိမ့်မယ်။ နဲနဲ အောက်တာတခု ရှိတယ်။ ကိုယ်ဝန်ကို တွက်ချက်ရင် ရက်သတ္ကပါတ်နဲ့သာ တွက်တာ။ ၁ လမှာ ၄ ပါတ်၊ ၁ လမှာ ၃ဝ ရက်ထားရတယ်။ ဗိုက်အပ်လာသူကို အရင်ဆုံး မေးတာက LMP ရာသီ နောက်ဆုံးလာတဲ့ရက်။ ပြောလိမ့်မယ်။ ရက်-လ-ခုနှစ်။ အဲဒီအထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းထည့်တာနဲ့ ခန့်မှန်း-မွေးမဲ့ရက် EDD ရသွားပြီ။

ဂဏန်းတွက် ပျင်းသူတွေ ခေါင်းစားရတယ်။ ရက်သတ္ကပါတ်ကို လဖွဲ့ဘို့ ၄ နဲ့စား၊ ကျန်တာကို ၇ နဲ့ မြှောက်မှ ရက်ရ၊ ရက်နဲ့ ထပ်ပေါင်းပါမှ ကိစ္စပြီးမယ်။ မရိုက်ခင်က တွက်ထားတာနဲ့ လွဲတတ်တယ်။ ပြဿနာ မဟုတ်ပါ။ ဘယ်ရက် ဖြစ်ဖြစ် မှန်းရက်နဲ့ ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲနိုင်တယ်။ ယမုန်နာ-ဆေးခန်းမှာ မွေးတာ ၁၄၇ ယောက် ထဲက အတိအကျ မွေးတာ ၅ ယောက်နဲ့၊ ၁ ရက်လွဲ ၉ ယောက်ဘဲ ရှိပါတယ်။

ဘယ်တော့မှာ ဘယ်နှစ်ခါရိုက်မလဲ
အမျိုးသမီးတိုင်းက ရာသီလလယ်မှာ မ-မျိုးဥ ထွက်ကြတာ မဟုတ်လို့၊ Ultrasound ကို တခါရိုက်တာနဲ့ အပြတ်ပြောလို့ မရတတ်ဘူး။ ၂ ခါ ရိုက်သင့်တယ်လို့ အကြမ်းပြောလို့ ရတယ်။ စောစောရိုက်တာကတော့ ကိုယ်ဝန်ရှိတာ သေခြာမယ်၊ သားအိမ်ပြင်ပ တည်တာဆိုရင် ကွဲမထွက်ခင် ခွဲဘို့ ပြင်နိုင်တယ်။ အချင်း အောက်ကျနေတာ၊ ကလေးက ခေါင်းကြီး နေတာ၊ မိခင် တင်ပါးဆုံအရိုးကွင်းနဲ့ မဆံ့တာ၊ ရင်ခြင်းဆက်ဆိုတာမျိုး အထူးအဆန်းတွေ ရှိနေတာ သိရင် ခွဲမွေးဘို့ ပြင်ထားနိုင်တယ်။ ဥပဒေက ခွင့်ပြုရင် မွေးရာပါ ချို့ယွင်းချက်တွေ သိရလို့ ကိုယ်ဝန်ကို စောစော အဆုံးသတ် ပြစ်နိုင်တယ်။

ကလေးမလှုတ်တော့ဘူး ထင်ရင်လည်း ထပ်ရိုက်သင့်တယ်။ စောစော ရိုက်တုံးကရှိတဲ့ ကလေးခေါင်း အနေအထားဟာ နောက်မှာ ပြောင်းတတ်လို့ Breech ခြေကဖွါး ဖြစ်-မဖြစ် သိရအောင် ရင့်မှ (၈ လနောက်မှာ) နောက်တခါ ထပ်ရိုက်တာ ကောင်းတယ်။ ခြေကဖွါး ဆိုရင် ပိုပြီးဂရုစိုက် မွေးပေးရတယ်။

ကိုယ်ဝန်ဆောင်ကို (အာလ်ထွာဆောင်း) ရိုက်ရတာဟာ အထဲက ကလေးကျန်းမာရေး အခြေအနေကို လေ့လာ ဆန်းစစ်နိုင်ရုံသာမကဘဲ၊ မိဘတွေကို စိတ်လှုတ်ရှားမှုပါ ပေးနိုင်သေးတယ်။ ထပ်ရိုက်ရင် ကလေး ဘယ်လို တိုးတက် ကြီးထွားလာတာကို သိနိုင်မယ်။ ကလေးအသက်ကို ခန့်မှန်းနိုင်မယ်။ ဘယ်တော့မွေးမယ်ဆိုတာလဲ တွက်ယူပေးမယ်။ ကလေးသာမက အချင်းတည်ရာကို သိရရင် ဗိုက်ခွဲမွေးဘို့ သေခြာပေါက်လိုမှာကို ကြိုတင် သိလာနိုင်တယ်။

High-frequency sound waves အလွန်မတန်လျင်မြန်တဲ့ အသံလှိုင်းကိုသုံးတယ်။ ဘာသံမှတော့ လူတွေက မကြားနိုင်ပါ။ Light and dark areas အလင်း နဲ့ အမှောင်ကိုခွဲသိရမယ်။ ဒါကို ပုံရိပ်အဖြစ် ကွန်ပြူတာ မော်နီတာပေါ်မှာ ဖေါ်ပေးမယ်။ ဓါတ်မှန်လို လူကို အန္တရာယ်မပေးပါ။ (အာလ်ထွာဆောင်း) မှာ ကလေး-ကိုယ်ဝန်အသက်ကို ကိုယ်ဝန်ပါတ် နဲ့ သန္ဓေဖြစ်ပြီးနောက် ဘယ်နှစ်ပါတ်လို့ ခွဲထားသေးတယ်။ ၂ ပါတ် ကွာတယ်။ ကိုယ်ဝန်ဆောင်ကို (အာလ်ထွာဆောင်း) ရိုက်ရင် မိခင်လောင်းက စမ်းသပ်ကုတင်မှာ သက်တောင့်သက်သာ လှဲနေပြီး၊ ဆရာဝန်ကနေ Transducer device ကိုသုံးပြီး ဗိုက်မှာဖြစ်ဖြစ် Probe ကိုသုံးပြီး မွေးလမ်းထဲကနေဖြစ်ဖြစ် စမ်းပါမယ်။

အာလ်ထွာဆောင်းရိုက်ထားတာကို အွန်လိုင်းကနေ မေးကြတဲ့အခါ အဖြူ-အမဲပုံလေးတွေပါ တွဲပို့ကြတယ်။ အဲတာကို ဖတ်မရပါ။ အဖြေမှတ်ချက်ရမျသာ ရှင်းပြတာလုပ်ပေးနိုင်ပါတယ်။

3 D ultrasound သရီး-ဒီ အာလ်ထွာဆောင်း
•    3D ultrasound ဆိုတာကို Obstetric ultrasonography ခေါ်တယ်။ Three-dimensional images of the fetus သန္ဓေသားရဲ့ သုံးဘက်မြင်ပုံတွေကိုရစေတယ်။ စံချိန်ကိုက်နည်းကတော့ 2D scanning နှစ်ဖက်မြင်သာ ဖြစ်တယ်။
•    3D fetal scanning မှာ အသံလှိုင်းတွေကို လွှတ်ပေးပြီး ဒေါင့်ပေါင်းစုံကနေ ပြန်လာမယ်။ ပဲ့တင်သံတွေကို ကွန်ပြူတာနည်းပညာနဲ့ ထုထည်ပုံတွေအဖြစ် ဖတ်ယူတာ ဖြစ်တယ်။ မျက်နှာပြင်ရော အတွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပါ ဖတ်ပေးမယ်။ CT scan machine ကနေ ပုံတွေ အများကြီး ဖတ်ပေးတာနဲ့ တူတယ်။
•    ၁၉၈၇ ခုနှစ်မှာ Duke တက္ကသိုလ်က Olaf von Ramm နဲ့ Stephen Smith တို့ကတီထွင်ခဲ့တာဖြစ်ပါတယ်။
•    4D fetal ultrasounds ဆိုတာလဲပေါ်နေပြီး။ ဆင်တူတယ်။ Real time အချိန်နဲ့ဆက်စပ်တာဘဲ ကွာတယ်။
•    FDA ကနေ 94 mW/cm2 ထက်မများဘို့ ကန့်သတ်ပေးထားတယ်။ ဒီအထိစိတ်ချရတယ်လို့ဆိုလိုတယ်။ ဒါပေမဲ့ ငြင်းခုန်တာတွေတော့ရှိနေပါတယ်။
•    Fetal anomaly သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက်တွေရှိနေ-မနေ သိမယ်။

•    Risks သတိထားစရာတွေလဲ သိထားရပါမယ်။
–    အထဲကကလေးကို အပူနည်းနည်းပိုရစေတယ်။ လေလဲနည်းနည်းရစေတယ်။ ဒါတွေကနေ ရေရှည်မှာ ဘာဖြစ်မလဲ မပြောတတ်သေးပါ။
–    စောစောပိုင်းလေ့လာမှုတွေအရ ယောက်ျားလေးကလေးတွေမှာ ဘယ်သန်ပိုများတာနဲ့ စကားပြောနှေးတာ ပိုတွေ့ရတယ်။
–    အဖြေဖတ်ရာမှာ မမှန်တဲ့ရလဒ်ရတာမျိုးလဲ ရှိနိုင်တယ်။ ဥပမာ ဆစ် တွေနေတာဟာ အဆိုး-အကောင်းပြောရတာ လွဲနိုင်တယ်။ မိခင်ကို စိတ်ပူပင်မှု ဖြစ်စေမယ်။
–    ကိုယ်ဝန် ၁၇ ပါတ်ထက်စောပြီးရိုက်ရင် မိခင်-ကလေး Binding စီးနှောင်မှု နည်းနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ