Pregnancy (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း

ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ ဆီးထဲမှာ Human Chorionic Gonadotropin (HCG/hCG) ခေါ်တဲ့ ဟော်မုန်း ရှိ-မရှိကို စစ်တာ ဖြစ်တယ်။ ကိုယ်ဝန်ရှိလို့ ဖြစ်လာတဲ့ အချင်းကနေ HCG ဟော်မုန်းကို ထုတ်ပေးနေတယ်။ beta hCG (βhCG) လို့လဲရေးတယ်။

သွေးကို စစ်တာလဲ ရှိတယ်။ တချို့စစ်နည်းက ဟော်မုန်း ရှိ-မရှိကိုသာ စစ်ပြီး တချို့စစ်နည်းတွေက အတိအကျ သွေးထဲမှာ (hCG) ဘယ်လောက် ရှိနေတယ်အထိ စစ်ရတယ်။ အထဲကကလေးမှာ ချို့ယွင်းချက် ပါ-မပါကို သိနိုင်တယ်။ ကင်ဆာတချို့ ကနေလဲ များစေတယ်။ ဥပမာ Germ cell tumors မျိုး။ ယောက်ျားတွေမှာ ကျား-အစေ့ ကင်ဆာ ဖြစ်နေရင် တွေ့မယ်။ Molar pregnancy ဆိုတဲ့ စပျစ်သီး-ကိုုယ်ဝန်ဆိုလဲ အပေါင်းပြမယ်။ Choriocarcinoma ခေါ်တဲ့ ကင်ဆာ ရှိနေရင်လဲ တွေ့မယ်။

မ-မျိုးဥ နဲ့ ကျား-သုက်ပိုးတွေ ထိတွေ့-ပေါင်းစပ်ပြီးနောက် မျိုးစပ်ပြီးသားမျိုးဥဟာ ၉ ရက်အကြာမှာ သားအိမ်ပြွန် ကနေတဆင့် သားအိမ်ထဲဝင်လာပြီး သားအိမ်အတွင်းနံရံကို တွယ်ကပ်တယ်။ အဲဒီနောက်မှာ အချင်းဆိုတာ ဖြစ်လာတယ်။ အချင်းကနေ hCG ကို ထုတ်ပေးတော့မယ်။ သွေးထဲမှာ ပါနေတော့မယ်။ ဆီးထဲမှာလဲ ပါနေတော့မယ်။ မျိုးဥက သားအိမ် အတွင်းနံရံကို လာတွယ်အပြီး ၆ ရက်ကြာရင် စစ်တော့တွေ့မယ်။

ကိုယ်ဝန် ၈၅% မှာ HCG levels က ၄၈-၇၂ နာရီတိုင်း ၂ ဆတိုးလာတယ်။ ၆-၁၁ ပါတ်မှာ အများဆုံး။ ကိုယ်ဝန် ၁၄ ပါတ်ကနေ ၁၆ ပါတ်အထိ ဟော်မုန်းက တက်တက်လာတယ်။ တဖြေးဖြေး ကျလာတယ်။ မွေးပြီး မကြာခင် စမ်းလို့ မတွေ့နိုင်တော့ဘူး။

ကလေးရဲ့ မွေးရာပါချို့ယွင်းချက်ရှိ သိချင်ရင် ၁၅-၂ဝ ပါတ်မှာ အများဆုံး စစ်တယ်။ (၁) Triple screen ၃ မျိုးစစ်နည်းမှာ Alpha-fetoprotein (AFP), Human chorionic gonadotropin (hCG) နဲ့ Unconjugated estriol (uE3) တွေကို စစ်တယ်။ (၂) Quad screen ၄ မျိုးစစ်နည်းမှာ Hormone inhibin A ကိုပါစစ်တယ်။ မိခင်လောင်းရဲ့ အသက်နဲ့ တခြားအချက်တွေကိုပါ ကြည့်ပြီး ကလေးမှာ ချို့ယွင်းချက် ရှိနေတာကို ဆုံးဖြတ်ရတယ်။

ကိုယ်ဝန် ပဌမ ၃ လမှာ Ultrasound ရိုက်ပြီး Nuchal translucency ကလေးရဲ့ ဂုတ်ပိုးက အရေပြားအထူကို တိုင်းတာရယ် Pregnancy-associated plasma protein A စစ်တာရယ် hCG အနည်း-အများရယ် ပေါင်းပြီး ကလေးမှာ Down syndrome (ဒေါင်းန်-ဆင်ဒရုမ်း) ဉာဏ်မမှီရောဂါ ရှိနေတာကို သိတယ်။

စစ်တဲ့အခါ သတိထားရမှာတွေ ရှိတယ်။ ကိုယ်ဝန်ပျက်သွားတာနဲ့ ကိုယ်ဝန်ဖျက်ပြီးရင် ၄ ပါတ်အထိ အပေါင်းပြနေမယ်။ ကလေးမရနိုင်သေးတာကို ကုသဘို့ရာ Injection of hCG ထိုးပေးထားရင် များနေမယ်။ ဆီးထဲမှာ သွေးပါနေရင်၊ ဆပ်ပြာပါနေရင် အမှန်မရနိုင်ဘူး။ Diuretics, Promethazine, Heparin, Ambien, Prochlorperazine, Promethazine ဆေးတွေကနေ အဖြေမှားစေနိုင်တယ်။

– မ-မျိုးဥနဲ့ ကျား-သုက်ပိုး ပေါင်းစပ်အပြီး သွေးကိုစစ်ရင် အစောဆုံး ၁၁ ရက် နဲ့ ဆီးကိုစစ်ရင် အစောဆုံး ၁၂-၁၄ ရက်မှာ သိနိုင်တယ်။
– ကိုယ်ဝန်နုချိန် ၅-၆ ပါတ်မှာ hCG numbers အရေအတွက်ထက် Ultrasound က ပိုမှန်တယ်။
– သွေးထဲမှာ 5mIU/ml ထက်နည်းရင် ကိုယ်ဝန်မဟုတ်နိုင်ဘူး။ 25mIU/ml များမှသာ ကိုယ်ဝန်။
– 1,000 – 2,000mIU/ml ရှိလာမှသာ Transvaginal ultrasound မွေးလမ်းကြောင်း (အာလ်ထွာဆောင်း) ရိုက်ရင် အထဲက Gestational sac သန္ဓေအိတ်ကို မြင်ရမယ်။
– တကြိမ်ထဲစစ်တာကို ပိုသေခြာချင်ရင် နောက် ၂-၃ ရက်မှာ တခါထပ်စစ်ရမယ်။

ကိုယ်ဝန်ပျက်ကျပြီးနောက်မှာနဲ့ စပျစ်သီး-ကိုယ်ဝန် မဟုတ်တာသိဘို့လဲ သွေးဆက်စစ်နေရတယ်။ ကိုယ်ဝန်ပျက်ပြီးနောက် ဒီဟော်မုန်းဟာ ၄-၆ ပါတ်အထိ ရှိနေနိုင်တယ်။ ကိုယ်ဝန် ပျက်နည်း-ဖျက်နည်းတွေအရ မတူတာဖြစ်တယ်။ ပျက်တဲ့အချိန်မှာ ဟော်မုန်းက ဘယ်လောက်အထိ များနေခဲ့သလဲ အပေါ်လဲ မူတည်တယ်။

hCG ဟာ ၂-၃ ရက်တိုင်းမှာ ၆ဝ% အနည်းဆုံး တိုးလာတယ်။ ၄၈-၇၂ နာရီမှာ ၂ ဆဖြစ်လာမယ်။
•    ၃ ပါတ် = 5 – 50 mIU/ml
•    ၄ ပါတ် = 5 – 426 mIU/ml
•    ၅ ပါတ် = 18 – 7,340 mIU/ml
•    ၆ ပါတ် = 1,080 – 56,500 mIU/ml
•    ၇-၈ ပါတ် = 7,650 – 229,000 mIU/ml
•    ၉-၁၂ ပါတ် = 25,700 – 288,000 mIU/ml
•    ၁၃-၁၆ ပါတ် = 13,300 – 254,000 mIU/ml
•    ၁၇-၂၄ ပါတ် = 4,060 – 165,400 mIU/ml

•    ၂၅-၄ဝ ပါတ် = 3,640 – 117,000 mIU/ml

ရှိသင့်တာထက်များနေရင် –
Adrenal cancer အဒရီနယ် ကင်ဆာ၊ Ovarian cancer မျိုးဥအိမ် ကင်ဆာ၊ Congenital adrenal hyperplasia မွေးရာပါ အဒရီနယ်ရောဂါ။ အမွှာကိုယ်ဝန်၊ စပျစ်သီးကိုယ်ဝန်၊ (ဒေါင်းန်-ဆင်ဒရုမ်း) တွေကို စဉ်းစားရမယ်။ နောက်ဆုံးရာသီလာရက် တွက်မှားတာလဲ ချန်မထားသင့်ဘူး။ ယောက်ျားတွေနဲ့ ကိုယ်ဝန်မရှိတဲ့ မိန်းမတွေမှာ များနေရင် ကျား-အစိ ဒါမှမဟုတ် မ-မျိုးဥက ကင်ဆာတွေကို စဉ်းစားရမယ်။ အစာအိမ်၊ သရက်ရွက်၊ အူမကြီး အသဲ နဲ့ အဆုပ် ကင်ဆာတွေမှာလဲ များနေတယ်။

ရှိသင့်တာထက် နည်းနေရင် –
ရာသီထိန်ခြင်း၊ သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ မျိုးဥမထွက်ခြင်း၊ အထဲမှာ ကလေးသေခြင်း၊ ကိုယ်ဝန်ပျက်ခြင်း။

ကိုယ်ဝန်ပျက်သွားရင်၊ ဒါမှမဟုတ် ကိုယ်ဝန်ကို တမင်ဖျက်လိုက်ရင် –
ဆီး (သွေး) ထပ်စစ်တဲ့အခါ အပေါင်းပြနေပါမယ်။ သွေးထဲမှာ ဒီဟော်မုန်းပမာဏက စမ်းတွေ့နိုင်သေးသ၍ အပေါင်းပြနေမယ်။ ဒီမေးခွန်းကို မကြာမကြာ မေးကြတယ်။ ဘယ်တော့မှ အနုတ်ပြမလဲဆိုတာ ရှိနေခဲ့တဲ့ အနည်းအများက အချိန်အရ မတူကြလို့ ဘယ်တော့မှာ အနုတ်ပြမလဲ ဆိုတာက တယောက်နဲ့တယောက် မတူပါ။ ကိုယ်ဝန်ပျက်တာ-ဖျက်တာက အထဲမှာ ကျန်နေမှာစိုးရိမ်ရင် အာလ်ထွာဆောင်း ရိုက်မှသာ သိပါမယ်။

လစေ့ပြီးမွေးတဲ့ကိုယ်ဝန်ဆောင်တယောက်မှာ ဒီဟော်မုန်းကျ မွေးပြီးကျကျလာမယ်။ ကိုယ်ဝန်မွေးပြီးနောက် ၂ ပါတ်မှာ 50 mIU ထက်နည်းလာမယ်။ ၃-၄ ပါတ်နေရင် စမ်းမရတော့ပါ။ ၁၂ ပါတ် (ကလေး ၃ လ) မှာ မရှိတော့ပါ။ ကိုယ်ဝန်က ၃ လ မပြည့်ခင်ပျက်တာ-ဖျက်တာဆိုရင် ပိုမြန်မယ်။ သွေးစစ်ရင် ၄၈ နာရီမှာ တဝက်သာရှိတော့မယ်။ ကိုယ်ဝန် ၈-၁ဝ ပါတ်မှာ အမြင့်ဆုံး 150,000 mIU ရှိနေခဲ့တာမို့ ကိုယ်ဝန် ၃ လမှာပျက်သူဆိုရင် ပျက်ပြီး ၂ ပါတ်မှာ 1,500 mIU အထိရှိနိုင်တယ်။ အပေါင်းပြနေအုံးမယ်။ ရက်ပေါင်း ၆ဝ (၂ လ) အထိအပေါင်းပြနေပါမယ်။ 5mIU/mL ထက်နည်းမှသာ အနုတ်ပြမယ်။ အကြမ်းဖျဉ်း ၄-၆ ပါတ်နေမှသာ အနုတ်ပြပါမယ်။

တကယ်လို့ ကိုယ်ဝန်ပျက်သူကို သွေးစစ်ကြည့်တဲ့အခါ ဒီဟော်မုန်းက ကျလာရမှာ ကျမလာဘူးဆိုရင် Choriocarcinoma ကင်ဆာကို သံသယရှိရမယ်။ အထူးသဖြင့် Molar pregnancy စပျစ်သီးကိုယ်ဝန်ဖြစ်ထားသူတွေရဲ့ ၁ဝ% မှာ ဒီကင်ဆာ ဖြစ်နိုင်တယ်။ စောစာစီးစီး Chemotherapy ကင်ဆာဆေားပေးတာနဲ့ ဒီကင်ဆာကို ၈ဝ-၉ဝ% ပျောက်ပါမယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ