Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

(ကန်တော့)

ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။

၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊

၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊

၄။ အတူနေချင်စိတ်် ပြောင်းလဲလာခြင်း၊

၅။ ရင်သားနာခြင်း၊

၆။ ရင်သား ပိုကြီးထွားလာခြင်း၊

၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊

၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊

၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။

၁ဝ။ ချင်ခြင်းတပ်ခြင်း၊

၁၁။ အားကုန်ခြင်း၊

၁၂။ အသားအရေပြောင်းလဲလာခြင်း၊

၁၃။ မတ်တတ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။

၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊

၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။

၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊

၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊

၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။

၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁ရဝ၊

၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ –
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ်ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပါတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။

ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။ သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက်အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။ သားအိမ် အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက်ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုးဝင်လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။ တချို့စမ်းသပ်နည်းက hCG ဟော်မုန်း (100 mIU/mL) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် မမှန်တဲ့ အနုတ် ပြနိုင်တယ်။

Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။ Quantitative blood tests ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ မျိုးစပ်ပြီးသား သန္ဓေက သားအိမ်အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။

ရာသီလဲ မလာ၊ ကိုယ်ဝန်ရှိတယ်လဲထင်ရင် ဆီးစစ်ပေမဲ့ အပေါင်းမပြရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ