Pregnancy Stages ကိုယ်ဝန်ဆောင် အဆင့်များ

(ကန်တော့)
ဆရာ သမီးက အခုကိုယ်ဝန်က ၅ လထဲမှာပါ။ ကလေးလှုပ်တာ ဘယ်အချိန်မှာလှုတ်တာလဲ သိချင်လို့ပါ။ အခုသမီးဗိုက်ထဲက တချက်တချက်လှုပ်တယ်ဆရာ။ အဲဒါကလေးလှုပ်တာလားဆရာ။ သမီးကသက်ဦးကလေးမို့ပါ။
‘သားဦး’ လို့ရေးကြပါတယ်။ အမည်ကိုတော့ မောင်သက်ဦး၊ မသက်ဦး ရေးလို့ရတယ်။
ကိုယ်ဝန်ဆောင်တာ နောက်ဆုံးရာသီလာတဲ့ရက်ကနေ စတွက်ရင် ပျမ်းမျှ ရက်သတ္တပါတ်ပေါင်း (၄ဝ) ကြာတယ်။ (၃) လ စီ (၃) ပိုင်းခွဲခြားလေ့လာတယ်။ ပဌမ ၃ လ၊ ဒုတိယ ၃ လ နဲ့ တတိယ ၃ လ ဆိုပြီး အပိုင်းခွဲ မှတ်သားရတယ်။
1. ပဌမ ၃ လဆိုတာ သန္ဓေစတည့်ချိန်ကနေ နောက် ၁၂ ပါတ်အထိခေါ်တယ်။
2. ဒုတိယ ၃ လက ၁၃ ပါတ်ကနေ ၂၇ ပါတ်အထိ၊
3. တတိယ ၃ လက ၂၈ ပါတ်ကနေ မွေးတဲ့အထိ။ 
၁-၁၂ ပါတ် ကိုယ်ဝန် မိခင်လောင်းမှာ ဘာတွေပြောင်းလဲလာသလဲ။ 
• ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ခန္ဓာ စနစ်တိုင်းလိုလိုမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာစေတယ်။ 
• လစဉ်ရာသီ မလာတော့ဘူး။
• စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါပြောင်းလာတယ်။
• မောပန်းလွယ်မယ်။
• ရင်သား နာတယ်၊ ပိုကြီးထွားလာမယ်။
• နို့သီးထိပ်ဖျားလဲ သိသိသာသာဖြစ်လာမယ်။
• အစာမကျေသလိုဖြစ်လာမယ်။ ပျို့ချင်-အန်ချင်ဖြစ်မယ်။
• Morning sickness ခေါ်ကြတယ်။ စာတပုဒ်ရေးထားပါတယ်။ 
• အစားအစာ တမျိုးမျိုးကို တပ်မက်မှု ချဉ်ခြင်းတပ်တာ ဖြစ်နိုင်တယ်။ 
• စိတ်မူ ပြောင်းလာနိုင်တယ်။
• ဝမ်းချုပ်တတ်တယ်။
• ဆီးခဏခဏသွားချင်မယ်။ 
• ခေါင်းကိုက်မယ်။
• ရင်ပူမယ်။
• ကိုယ်အလေးချိန်တိုးလာမယ်။ အန်တာ၊ အစာမစားချင်တာများရင် အလေးချိန်ကျနိုင်တယ်။
• စားချိန်၊ အိပ်ချိန်တွေ ပြောင်းလာတတ်တယ်။ အစားကို နဲနဲ နဲ့ ခဏခဏစားချင်လာမယ်။ ကိုယ်ဝန်ရင့်လာနဲ့ ဒီလိုခံစားနေရတာတွေ ကောင်းလာမယ်။ တချို့မှာတော့ တောက်လျှောက် နေမကောင်းဖြစ်နေတတ်တယ်။
ရက်သတ္တ (၄) ပါတ် သန္ဓေသား
• ကလေးဦးနှောက်နဲ့ ခါးရိုးမကြီးထဲက အာရုံကြောကြီး စတင်ဖြစ်ပေါ်လာပြီ။
• နှလုံးလဲ စတင်ဖြစ်လာပြီ။
• ခြေ-လက်ဖြစ်လာမဲ့ အရာလဲ ပေါ်လာပြီ။
• သန္ဓေသားဟာ တလက္မရဲ့ ၂၅ ပုံ ၁ ပုံ အရှည်ရှိလာပြီ။
ရက်သတ္တ (ဂ) ပါတ် သန္ဓေသား
• အဓိကအင်္ဂါအစိတ်အပိုင်းတွေဖြစ်ပေါ်လာပြီ။ ကိုယ်ရယ်-ခေါင်းရယ်ရှိလာပြီ။
• နှလုံးခုန်တာ စည်းချက်ကျကျကြားရပြီ။
• ခြေတွေ-လက်တွေ ရှည်လာပြီ။ လက်ချောင်းလေးတွေ ပီပြင်လာပြီ။
• ယောက်ျားလေး-မိန်ကလေး ခွဲခြားဖြစ်လာပြီ။
• မျက်လုံးက မျက်နှာရှေ့ထွက်ပြူလာပြီ။ မျက်ရစ်ပေါ်လာပြီ။
• ချက်ကျိုးကို ကောင်းကောင်းမြင်လာရပြီ။
• ရက်သတ္တ (ဂ) ပါတ်အကုန်မှာ သန္ဓေသားက ကလေးငယ်လေး၊ လူသားလေးလို ပီပြင်လာပြီ။ တလက္မအထိ ရှည်လာပြီ။ အလေးချိန် တအောင်စရဲ့ ၈ ပုံ ၁ ပုံရှိလာပြီ။
ရက်သတ္တ (၁၂) ပါတ် သန္ဓေသား
• အာရုံကြောတွေနဲ့ ကြွက်သားတွေ တွဲလုပ်နိုင်လာကြပြီ။ 
• လက်သီးဆုပ်တတ်လာပြီ။
• အပြင်ပန်းအရ ယောက်ျားလိင်အင်္ဂါ၊ မိန်းမ လိင်အင်္ဂါတွေ မြင်လာနိုင်ပြီ။ ပဌမ ၃ လနောက်မှာ (အာလ်ထွာဆောင်း) ရိုက်ရင် မွေးမဲ့ကလေးရဲ့ လိင်ကိုသိနိုင်ပြီ။
• မျက်ခွံတွေ ကြီးထွားလာနေတဲ့ မျက်လုံးကို ကာကွယ်တဲ့အနေနဲ့ ပိတ်ထားမယ်။ ၂၈ ပါတ်ထိ မဖွင့်ဘူး။ 
• ဦးခေါင်း ဖွံ့ထွားနေတာ နှေးလိုက်ပြီ။ ကိုယ်ပိုင်းက ပိုကြီးထွားလာမယ်။ ၃ လက္မအထိရှည်လာပြီ။ တအောင်စအထိ လေးလံလာပြီ။
ကိုယ်ဝန် ဒုတိယ (၃) လ 
ရက်သတ္တ (၁၃-၂၈) ပါတ် သန္ဓေသား
• များသောအားဖြင့် ကိုယ်ဝန် ဒုတိယပါတ်ဟာ ပဌမပါတ်ထက် နေရထိုင်ရ သက်သာကောင်းမွန်ကြတယ်။ ပျို့ချင်၊ အန်ချင်တာတွေ၊ အားကုန်တာတွေ ပျောက်သွားပြီ။ အသစ်အပြောင်းအလဲတွေတော့ ရှိလာမယ်။ ဗိုက်ဖေါင်းလာတာက ပိုသိသာလာမယ်။ အထဲက ကလေးလှုတ်တာ သိလာမယ်။ ကလေးက ခြေနဲ့ကန်တာလဲ သတိထားမိမယ်။
ရက်သတ္တ (၁၆) ပါတ် သန္ဓေသား
• ညောင်းတာ၊ ကိုက်တာ၊ ခါးနာတာဖြစ်လာမယ်။ ပေါင်-ခြေသလုံးတွေ နာနိုင်တယ်။
• ဗိုက်၊ ပေါင်၊ ရင်သား၊ တင်ပါးတွေမှာ အကြောပြတ်တဲ့ အရာတွေ ထင်လာမယ်။ 
• ရင်သားထိပ်က အရောင်ပိုမဲလာမယ်။
• ချက်ကနေ အောက်တည့်တည့်တန်းနေတဲ့ ခပ်မဲမဲ မျဉ်းကြောင်းထင်လာမယ်။ 
• ပါး၊ နှာခေါင်း၊ အပေါ်နှုတ်ခမ်း၊ နဖူး စတဲ့နေရာမှာ အရောင်ရင့်တဲ့ အစက်အပျောက်တွေပေါ်လာနိုင်တယ်။
• မျက်နှာ ဘယ်ဘက်နဲ့ ညာဘက် ခပ်ဆင်တူတူဖြစ်လို့ ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့ ခေါ်ကြတယ်။ 
• လက်တွေမျာ ထုံကျင်ကျင်ဖြစ်လာတာကို (ကာပယ်လ်-တာနယ်လ်-ဆင်ဒရုမ်း) ခေါ်တယ်။
• ဗိုက်၊ လက်ဖဝါး၊ ခြေဖဝါးတွေ ယားနိုင်တယ်။ တကယ်လို့ ပျို့-အန်တာ၊ အသား-ဆီးဝါတာ၊ အစားပျက်တာ၊ အားကုန်တာတွေနဲ့ ယားတာ တွဲဖြစ်ရင်တော့ ဆရာဝန်ပြပါ။ အသဲကို စစ်ဆေးဘို့ လိုမယ်။ 
• ခြေသလုံး၊ လက်၊ မျက်နှာတွေ ရောင်နိုင်တယ်။ တကယ်လို့ ရောင်တာက များတယ်။ ဆီးအနည်ပါနေမယ်၊ ကိုယ်အလေးချိန်တိုးတာ များမယ်ဆိုရင် ဆရာဝန်ပြပါ။
• ကြွက်သားတွေ၊ အရိုးတွေ ပိုဖြစ်ပေါ်လာကြပြီ။ အရိုးစနစ်က ပိုပြည့်စုံလာပြီ။
• အရေပြားလဲ ဖြစ်လာပြီး ပါးလွန်းလို့ ဒိုးယိုပေါက်မြင်ရသလောက်ဘဲ။
• ငယ်ချီး ဆိုတာ ဖြစ်လာပြီ။ အူတွေက စလှုတ်ရှားလာနေပြီ။
• ပါးစပ်က စုပ်တဲ့ တုံ့ပြန်မှု စလုပ်နိုင်လာပြီ။
• အရှည် ၄-၅ လက္မ နဲ့ အလေးချိန် ၃ အောင်စရှိလာပြီ။
ရက်သတ္တ (၂၀) ပါတ် သန္ဓေသား
• ပိုလှုတ်ရှားတတ်လာပြီ။ မိခင်ကသတိထားမိလာပြီ။ သားဦးတွေက နည်းနည်းလေးနောက်ကျမှသတိထားတတ်ကြတယ်။
• Lanugo ခေါ်တဲ့ ကိုယ်မွှေးနုလေးတွေက တကိုယ်လုံးဖုံးနေပြီ။ Vernix ခေါ်တဲ့ ဖယောင်းလိုအရာလဲရှိလာပြီ။ 
• မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ လက်သည်း-ခြေသည်းတွေ ဖြစ်လာပြီ။
• အကြားအာရုံရှိလာပြီ။ မျိုချတတ်လာပြီ။
• ၆ လက္မရှည်ပြီး ၉ အောင်စ လေးလာပြီ။
ရက်သတ္တ (၂၄) ပါတ် သန္ဓေသား
• ရိုးတွင်းခြင်ဆီဖြစ်လာလို့ သွေးဥတွေထုတ်လုပ်လာပြီ။ 
• လျှာမှာ အရသာခံနိုင်တဲ့ အဖုလေးတွေဖြစ်လာပြီ။
• လက်ဗွေ၊ ခြေဗွေတွေဖြစ်လာပြီ။
• ခေါင်းမှာ တကယ့်ဆံပင်ဖြစ်လာပြီ။
• အဆုပ်တွေဖြစ်လာပြီ။ အလုပ်တော့မလုပ်သေးဘူး။
• Startle reflex ခေါ်တဲ့ ရုတ်တရက်တခုခုကနေ ထိခိုက်စေသလိုမျိုး သက်ရောက်မှုရှိတာကို အလိုလို တုံး့ပြန်နိုင်စွမ်းဆိုတာ ရှိလာပြီ။ ဥပမာ မျက်ကို ကာကွယ်ဘို့ မျက်တောင်ပိတ်ပြစ်တာမျိုး။ လက်တွေကလဲ အဲလိုသဘော လုပ်တတ်လာပြီ။ ဦးနှောက် အောက်ခြေကနေ လုပ်ပေးတာဖြစ်တယ်။
• အိပ်တတ်၊ နိးတတ်လာပြီ။
• ယောက်ျားလေးဆိုရင် ဗိုက်ထဲမှာ စဖြစ်ခဲ့တဲ့ ကျားအစိဟာ ကပ်ပဲ့အိတ်ထဲဆင်းလာပြီ။
• မိန်းကလေးဆိုရင် သားအိမ်၊ မျိုးဥအိမ်တွေ နေသားတကျဖြစ်လာပြီ။
• အရပ်က ၁၂ လက္မရှည်ပြီ။ အဆီကိုစုဆောင်းတတ်လာလို့ ကိုယ်အလေးချိန်တက်လာမယ်။ ၁ ပေါင်ခွဲလေးလာပြီ။
တတိယ (၃) လပိုင်း 
ရက်သတ္တ (၂၉-၄၀) ပါတ်
• အသက်ရှူရတာ နဲနဲခက်လာမယ်။ ကိုယ်လက်သန့်ရှင်းဘို့ ခဏခဏသွားရမယ်။ ကြီးထွားလာတဲ့ကလေးက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေကို ဖိလာလို့ဖြစ်ရတယ်။
• စိတ်ပိုင်းခံစားရတာ ပြောင်းလာမယ်။ ကလေးအတွက် စိုးရိမ်တာရော ဝမ်းမြောက်တာပါ စိတ်ထဲမှာ လွှမ်းမိုးလာမယ်။
• ရင်ပူမယ်။
• ခြေ-လက်-မျက်နှာ ပိုရောင်လာတတ်တယ်။
• လိပ်ခေါင်းရှိလာမယ်။
• ရင်သားက တင်း-နာမယ်။ ညှစ်ကြည့်ရင် နို့ဦးရည်ကြည်ခေါ်တဲ့ Colostrums ထွက်မယ်။
• ချက်ကစူလာမယ်။
• အိပ်ရတာခက်လာမယ်။
• သားအိမ်ဝက ပြောင်းလာမယ်။ ပိုပါးပြီး ပျော့လာမယ်။ Effacing ခေါ်တယ်။
ကိုယ်ဝန် ၃၂ ပါတ်
• ကလေးအရိုးတွေအားလုံး ဖြစ်မြောက်လာပြီ။ ပျော့နေသေးတယ်။
• ခြေကန်တာ သန်လာပြီ။
• အလင်းရောင်ရရင် မျက်စိမှိတ်တတ်-ဖွင့်တတ်ပြီ။
• အရေးပါတဲ့ (ကယ်လ်စီယမ်) နဲ့ သံဓါတ်တွေကို လှောင်ထားနိုင်လာပြီ။
• အရင်ကရှိနေခဲ့တဲ့ Lanugo အရေပြားနုလေးတွေနေရာ တကယ့်အရေပြား အစားထိုးလာပြီ။
• အလေးချိန်က တိုးသထက်တိုးလာတယ်။ ၇ ရက်တပါတ်မှာ ဂ အောင်စနှုန်းတိုးလာမယ်။ အခုဆိုရင် ၁၅-၁၇ လက္မအရပ်ရှိပြီ။ ၄ ပေါင်၊ ၄ ပေါင်ခွဲလေးလာပြီ။
ကိုယ်ဝန် ၃၆ ပါတ်
• အပေါ်ဖုံး Vernix ဖယောင်းလွှာ ပိုထူလာမယ်။ 
• အဆီပိုများမယ်။ သားအိမ်ထဲမှာ သူကပိုကြီးလာလို့ အရင်ကလောက် လှုတ်ရှားမရဖြစ်လာတယ်။ ၁၆-၁၉ လက္မ နဲ့ ၆-၆့၅ ပေါင်ရှိလာပြီ။
ကိုယ်ဝန် ၃၇-၄၀ ပါတ်
• ၃၇ ပါတ်ပြည့်ရင် လစေ့ပြီလို့ ပြောနိုင်တယ်။
• အများဆုံးကိုယ်ဝန်တွေမှာ ကလေးခေါင်းက အောက်ဖက်မှာ သတ်သတ်မှတ်မှတ်ရှိလာပြီ။
Dr. တင့်ဆွေ
၂၁-၁၁-၂၀၁၄

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ