Lymph node လင့်ဖ်နုတ် ခေါ် တက်စေ့
(ကန်တော့)
၁။ Thymus နဲ့ဆိုင်တဲ့ကျန်းမာရေးအကြောင်းသိကောင်းစရာလည်းအားရင်မျှဝေပေးပါဦးဆရာ သိုင်းမာ့စ်ပါမလာတာရှိလို့ ခဏခဏဗိုင်းရပ်စ် နဲ့မှို ဘက်တီးရီးယားကူစက်တာဖြစ်တတ်လို့
၂။ မင်္ဂလာပါဆရာ တခုလောက်မေးခွင့်ပြုပါခင်ဗျာ။ ကျွန်တော့်အသက် (၃၂)နှစ်၊ အိမ်ထောင်ရှိပါတယ်။ ခြံစိုက်ပျိုးရေးလုပ်ပါတယ်။ ညှပ်ရိုးအရင်းအောက်နားမှာ ရောင်လာလို့ စမ်းကြည့်တော့ အကျိတ်လို အလုံးလေး တွေ့ပါတယ်။ သတိထားမိတာတော့(၁)နှစ်ကျော်လောက်ရှိပါပြီ။ တဖြည်းဖြည်းချင်း ရောင်လာပါတယ်။ အားစိုက်လုပ်ရတဲ့အလုပ် (မြက်ခုတ်တာ၊ ဓားကိုင်ပြီးတောခုတ်တာတို့) လုပ်ရင် ပိုပြီးရောင်လာပါတယ်ဆရာ။ အန္တရာယ်ရှိနိုင်လားဆရာ။ ကျေးဇူးပြုဖြေပေးပါခင်ဗျာ (သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ညှပ်ရိုးဆိုတာ ဘယ်နဲ့ညာ ၂ ခုရှိတယ်။ တက်စေ့တွေရှိတယ်။ တက်စေ့ရောင်တယ် ကြီးတယ်ဆိုတာ ဆိုင်ရာနေရမှာ တခုခုဖြစ်လို့။ တခုခုဆိုတာ ကင်ဆာကို မစဉ်းစားခင် ထိခိုက်မိတာနဲ့ ပိုးဝင်တာကို အရင်စဉ်းစားရမယ်။ Ibuprofen ဆေးက နာတာ + ရောင်တာကို သက်သာဆေးမယ်။ ပဋိဇီဝဆေး တချို့မှာလိုတယ်။ မေးတဲ့သူအခြေအနေကို အတိအကျ မသိသေးပါ။ ဆောရီး။ တနှစ်လောက်ဆိုတာ ကင်ဆာ မဟုတ်ဘို့ များတယ်။)
၃။ ဆရာရှင့်ကျွန်မရဲ့ယောင်းမဖြစ်သူက အသက်နှစ်ဆယ်ကျော်တော့ရှိပြီဆရာ သူ့ဂျိုင်းမှာ အကြိတ်(အကျိတ်) လုံး ဖြစ်နေတယ်ဆရာ ပထမကလေးကိုယ်ဝန်ဆောင်တည်းကဖြစ်နေတာ အခုဒုတိယကိုယ်ဝန် ဆောင်ထားရတယ် ဆရာ အကြိတ်(အကျိတ်)က မနာဘူးလို့လဲပြောတယ်ဆရာ ကင်ဆာဖြစ်နိုင်လားဆရာ
မေးခွန်း (လူနာ နို့လမ်းကြောင်းပိတ်တာကနေဆက်ဖြစ်တာနဲ့ နို့အပိုဖြစ်ခြင်း ၂ ခုကို စဉ်းစားရတယ်။ တတိယနို့စာလည်း ရေးထားတယ်။)
၄။ ဆရာရှင့် ဂျိုင်း ကြားမှာပေါက်တဲ့ အကြိတ်အကြောင်း သိချင်လို့ပါရှင့် ကျေးဇူးတင်ပါတယ်
၅။ တက်စေ့ရောင်တယ်ဆိုတာနားမလည်လို့ပါ
၆။ မင်္ဂလာပါဆရာ သမီးက အသက် ၂၂ပါဆရာ သမီး ဘယ်ဘက် ဂျိုင်းမှာ အကျိတ်ဖုသေးသေးလေး ရှိနေတာကိုအရင်က လက်နဲ့စမ်းကျိပီးတွေ့မိပါတယ်ဆရာ အခုနောက်ပိုင်း အဲ့သေးသေးလေးအကျိတ်က ပိုကြီးလာတယ်လို့ တွေ့ရပါတယ်ဆရာ သမီး ကင်ဆာဖြစ်ပြီး ခွဲရမှာ စိုးရိမ်လို့ပါဆရာ ဆရာ့မှာ ငှဲ့ညာသော အချိန်လေးများ ရခဲ့ရင် ဖြေကြားစေချင်ပါတယ် ဆရာ ကျေးဇူးတင်ပါတယ် ဆရာ (စမ်းကျိပီးလို့ရေးတာ မမှန်။ စမ်းကြည့်ပြီးလို့ရေးရ။)
၇။ ဆရာ တက်စေ့ဆိုတာ ဘာကိုခေါ်တာလဲ။
၈။ တတ်စေ့ဆိုတာ ဘာများပါလိမ့်၊ မျက်လုံးနဲ့မြင်ရတဲ့အရာလား။
၉။ ဆရာရှင့် ကျွန်မအသက် ၃၂ ကလေး ၂ယောက်အမေ အိမ်ထောင်ရှင်မပါ ကျွန်မ ဂျိုင်းမှာ အဖုတွေ ထွက်ထွက်နေတယ်ဆရာ ၂နှစ်လောက်ရှိပါပြီ ပျောက်လိုက်ပြန်ဖြစ်လိုက်ပါပဲ ဂျိုင်း၂ဖက်လုံးပေါက်ပါတယ် အကြီးအသေးအစုံပါပဲ အရမ်းနာပါတယ် ဆရာ အဲ့ဒါ ဘာဖြစ်တာလဲ သက်သာအောင် ဘာလုပ်ရမလဲ ဖြေပေးပါနော် ကျေးဇူးပါဆရာ
၁၀။ အသက် ၂၇၊ အမျိုးသား၊ ခေါင်းအနောက်ဘက်မှာ အကျိတ်တလုံးပေါ်လာလို့ပါဆရာ အရွယ်အစား လက်တဆစ်ခန့် ရှိပါတယ် ရွေ့လို့ရပါတယ် အရောင်မရှိပါ ဖိလိုက်ရင် အခဲလေးဖြစ်နေပါတယ်ဆရာ အားစိုက်ဖိရင် နာပါတယ်ဆရာ နေရာအတိအကျ အခေါ်အဝေါ် မသိပါ၍ ပုံဝိုင်းပြပြီး ပို့တာ ခွင့်လှွတ်ပေးပါခင်ဗျာ (အနောက်ဘက်လို့ရေးတာ မမှန်။ နောက်ဘက်လို့သာ ရေးရ။ အနောက်ဆိုတာ West အနောက်အရပ်။ လက်တဆစ်လို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။)
၁၁။ ဆရာခင်ဗျား အသက်က ၂၇ နှစ် အမျိုးသမီးပါ အိမ်ထောင်သည် သမီးတယောက်ရှိပါတယ် ညာဘက် ဂျိုင်းအောက်မှာ အဖု ထွက်လာပြီး တဖြည်းဖြည်း ကြီးလာပါတယ် ဆီးဖြူသီးလုံးလောက် ရှိလာပါတယ် ၄ရက်အတွင်း ဖြစ်လာတာပါ ခုတော့ ထိလိုက်တိုင်း နာပါတယ် အဲတာ ဘယ်လိုလုပ်ရမလဲ ဆရာခင်ဗျား (Ibuprofen ဆေးက နာတာ + ရောင်တာကို သက်သာဆေးမယ်။ ပဋိဇီဝဆေး တချို့မှာလိုတယ်။ Abscess ပြည်ရှိတဲ့အနာ ကို ဖတ်ပါရန်)
တက်စေ့ (တက်စိ) ဆိုတာ အရပ်စကားသာဖြစ်တယ်။ နေရာအတော်များများမှာ အဲလိုခေါ်တယ်။ တခြားနေရာတွေမှာ ဘယ်လိုခေါ်ကြသလဲ မသိပါ။ ဆေးစာနဲ့ Lymph node လင့်ဖ်နုတ်။ သွေးပြန်ရည်အိတ်လို့ပြောနေရင် ပိုရှုတ်မယ်။ စာမှာလည်း အင်္ဂလိပ်စာလုံးလေးတွေ မပါလို့မဖြစ်။ ဆောရီး။
လူတိုင်းမှာ Lymphatic System ခေါ် သွေးပြန်ရည်စနစ်ရှိတယ်။ တက်စေ့ခေါ်အကျိတ်လေးတွေကို ဆက်ထားတဲ့ သွေးကြောလို ပြွန်လေးတွေနဲ့ တကိုယ်လုံးနီးပါးမှာရှိတယ်။ ဒီစနစ်ကနေ အလုပ် (၃) မျိုးလုပ်ပေးနေတယ်။
၁။ အူထဲကပိုနေတဲ့အရည်တွေကို သွေးထဲပြန်ဝင်စေတယ်။
၂။ အဆီနဲ့ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူပေးတယ်။
၃။ ရောဂါရစေတဲ့ပိုးတွေကို ခုခံတိုက်ဖျက်ပေးတယ်။ ရိုးတွင်းခြင်ဆီကထုတ်ပေးတဲ့ (လင်ဖိုဆိုက်) နဲ့ အခြား (ဆဲလ်) တွေပါဝင်တယ်။ (လင့်ဖ်) ဟာ သွေးထဲရှိတဲ့ (ပလာစမာ) လို အရည်မျိုးဖြစ်တယ်။ (ပလာစမာ) ကဖြစ်လာတယ်။ (လင့်ဖ်) အကြောတွေက သွေးကြောတွေနဲ့မတူ။ (တစ်ရှူး) တွေဆီက ဝေးရာကို သယ်ဆောင်ပေးတယ်။
Lymphatic Organs (လင့်ဖ်) အင်္ဂါတွေလည်းရှိတယ်။
• Lymph Nodes (လင့်ဖ်နုတ်)၊
• Spleen (စပလင်း) ဘေလုံး၊
• Thymus (သိုင်းမတ်စ်) နဲ့
• Tonsils (တောင်ဆယ်စ်) အာသီး။
Lymph Nodes (လင့်ဖ်နုတ်) တွေက ၁ လက္မအရွယ်၊ ပဲစေ့ပုံရှိတယ်။ တကိုယ်လုံးအနှံ့ရှိတယ်။ တခုနဲ့တခု ဆက်နေတယ်။ သွေးထဲအရည်တွေပြန်မဝင်မီ စစ်ပေးတယ်။ ဗဟိုအာရုံကြောစနစ်မှာမရှိ။ အပေါ်ယံရှိကြတဲ့အုပ်စုတွေက ပေါင်ခြံ၊ ဂျိုင်းနဲ့ လည်ပင်းတို့ဖြစ်တယ်။ ကင်ဆာဟာ ဒီစနစ်ကတဆင့် တနေရာကတနေရာကို ကူးစက်တယ်။ ကိုယ်ရောင်ခြင်းကလည်း ဒီစနစ်နဲ့ဆိုင်တယ်။
Spleen (စပလင်း) ဘေလုံးဆိုတာ ဝမ်းဗိုက် ဘယ်ဘက်အထက်ပိုင်း၊ (ဒိုင်ယာဖရမ်) အောက်၊ အစာအိမ်နောက်မှာရှိတဲ့ အကြီးဆုံးတဲ့ (လင့်ဖ်) အင်္ဂါဖြစ်တယ်။ သွေးနီဥစစ်ထုတ်ပေးတယ်။ ရောဂါပိုးဝင်လာရင် (လင်ဖိုဆိုက်) တွေက တိုက်ထုတ်ပေးတယ်။ အသည်းနဲ့အတူ အရွယ်လွန်တဲ့၊ သေသွားတဲ့ သွေးနီဥတွေကို ဖယ်ရှားပေးတယ်။ သွေးကိုလည်း သိုလှောင်ထားပေးတယ်။ နာတာရှည် ငှက်ဖျား အပါအဝင် ရောဂါအများအပြားကြောင့် ဘေလုံးကြီးတတ်တယ်။
Thymus (သိုင်းမတ်စ်) ဆိုတာ ရင်ညွန့်ရိုးနောက်ဖက် (အေအိုတာ) ခေါ် အထက်တက်တဲ့သွေးလွှတ်ကြောမကြီး ရှေ့မှာရှိတယ်။ ကလေးတွေမှာပိုကြီးတယ်။ သူ့အလုပ်က (လင်ဖိုဆိုက်) တွေ ကြီးထွားစေဘို့နဲ့ Thymosin hormone ဟော်မုန်းထုတ်ပေးဘို့ဖြစ်တယ်။
Tounsils (တောင်ဆယ်စ်) အာသီးဆိုတာ နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းတို့ကို ဖုံးထားတဲ့ (မြူးကပ်စ်) အမြှေးအောက်မှာ ရှိတယ်။ အဲတာရောင်တာကို Tonsillitis လို့ခေါ်တယ်။ ရောဂါတွေ အမျိုးမျိုးရှိတယ်။
Lymphatic filariasis ဆင်ခြေထောက်ရောဂါဆိုတာ ဆင်ခြေထောက်ပိုးက သွေးပြန်ရည်စနစ်ကိုထိခိုက်လို့ ရောင်တာ၊ ကြီးတာတွေ ဆက်ဖြစ်တယ်။ Culex mosquito ခြင်အမျိုးအစားကနေ လူတယောက်ဆီကနေ နောက်တယောက်ဆီ ကူးစက်စေတယ်။
Non-Hodgkin Lymphoma နန်း-ဟော့ချ်ကင်း လင်ဖိုးမားဆိုတာ သွေးပြန်ရည်စနစ်မှာဖြစ်တဲ့ ကင်ဆာကိုခေါ်တယ်။ (လင်ဖိုးမား) ရောဂါအုပ်စုထဲကဖြစ်တယ်။ လင့်ဖ်အကျိတ်လေးတွေထဲက လင်ဖိုဆိုက်သွေးဖြူဥမှာ ကင်ဆာဖြစ်တာပါ။ ဘာကြောင့်ဖြစ်သလည်း သေချာမပြောနိုင်ပါ။ AIDS ရှိနေသူတွေ၊ ခုခံအားကျဆေးပေးထားသူတွေ၊ Epstein-Barr virus ဗိုင်းရပ်စ်ပိုး၊ အမျိုးတော်သူထဲမှာ အလားတူရောဂါရှိသူတွေမှာ ဖြစ်တတ်တယ်။
Lymphangiomas (လင်ဖန်ဂျီယိုးမား) လည်ပင်းအကျိတ်တမျိုးက သွေးပြန်ရည်လမ်းမှာ ပုံမှန်မဟုတ်ဖြစ်လို့ အကျိတ် ဖြစ်လာတာပါ။ အရွယ်မရွေးဖြစ်နိုင်တယ်။ ငယ်သူတွေက အဖြစ်များတယ်။ အသက် ၂ နှစ်အောက် လည်ပင်းမှာ ဖြစ်တာ ၉၀% ရှိတယ်။ မွေးကတည်းကဖြစ်တာလဲရှိတယ်။ မွေးပြီးမှ ဖြစ်သူတွေမှာ (အင်ဖက်ရှင်) ရောဂါပိုးဝင်တာ၊ ခိုက်မိတာနဲ့ (လင့်ဖ်) လမ်းပိတ်တာတွေကြောင့် ဆက်ဖြစ်လာစေတယ်။ အများဆုံးက ကင်ဆာမဟုတ်ရောဂါပါ။ ခပ်ပျော့ပျော့၊ ဖြည်းဖြည်းသာကြီးကြီးလာတယ်။
(လင့်ဖ်) အရည်ထဲမှာ (လင်ဖိုဆိုက်) ခေါ်တဲ့ သွေးဖြူဥတွေ ရှိနေတယ်။ ရောဂါတွေကို ခုခံတိုက်ပေးသူဖြစ်တယ်။ ဒါကြောင့် ဒီအရည်ထဲမှာ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေလဲ ပါနေမယ်။ ရောဂါပိုးဝင်ရင် နီးစပ်ရာနေရာက တက်စေ့အုပ်စုမှာ တက်စေ့တွေ ရောင်-ကြီးနေလိမ့်မယ်။
တက်စေ့ရောင်တာ၊ ချိုင်း၊ ပေါင်ခြံ နဲ့ လည်ပင်းမှာ ဖြစ်တာများတယ်။ ချိုင်း (ဂျိုင်း) မှာစမ်းလို့ရတဲ့အကျိတ်ဆိုတာ တက်စေ့ခေါ် (လင့်ဖ်နုတ်) လေးတွေရောင်လာတာဖြစ်မယ်။ လူတိုင်းမှာ စမ်းလို့မရတဲ့ အဲတာတွေ ၂ဝ-၃ဝ ရှိကြတယ်။ စမ်းရတယ်ဆိုရင် တနေရာမှာ တခုခုဖြစ်လို့။ တနေရာဆိုတာ ဆိုင်တဲ့ဖက်က ရင်သားရဲ့ လေးပုံတပုံ + ရင်ပတ်နံရံ အပေါ်ယံနေရာ + ဗိုက်အထက်ပိုင်း + ခြေထောက် နေရာတွေကနေလာမယ်။
ရင်သား
အပိုင်းလေးပိုင်း ခွဲပြီးလေ့လာရတယ်။ RUQ ညာဘက်အပေါ်ပိုင်း ၁/၄၊ RLQ ညာဘက်အောက်ပိုင်း ၁/၄၊ LUQ ဘယ်ဘက်အပေါ်ပိုင်း ၁/၄၊ LLQ ဘယ်ဘက်အောက်ပိုင်း ၁/၄ လို့ခေါ်တယ်။ ၇၅% က ချိုင်းဆီကို ရောက်လာတယ်။ ရင်သားကင်ဆာဖြစ်ရင် ရင်သားရဲ့လင့်ဖ်ကြောတွေ၊ လင့်ဖ်နုတ်တွေအားလုံးကိုပါ ခွဲစိတ်ထုတ်ပစ်ရတယ်။
ကင်ဆာမှာလည်း ရင်သားတခုသာမဟုတ်ပါ။ လူကီးမီးယား၊ ဟော့ချ်ကင်းလင်ဖိုးမား၊ မယ်လင်နိုးမားတွေကနေလည်း ချိုင်းအကျိတ်တွေကြီးနေနိုင်တယ်။ ကင်ဆာမဟုတ်ပဲ ချိုင်းအကျိတ်လေးတွေ ကြီးနေတာကပိုများတယ်။ ချိုင်းနဲ့လက်မှာ ထိခိုက်မိတာ၊ ပိုးဝင်တာတွေကနေ ဖြစ်စေတယ်။ (တီဘီ) အကျိတ်လည်းရှိတယ်။ ဗိုင်းရပ်စ်နဲ့ မှို (ဖန်းဂတ်စ်) ကြောင့်လည်း ဖြစ်မယ်။ လက်မှာ ကာကွယ်ဆေးထိုးလို့လည်းဖြစ်တယ်။ ယာယီသာဖြစ်မယ်။ ခြင်၊ ပုရွက်ဆိတ်ကိုက်လို့ ယားလို့ ကုပ်မိရာကနေဆက်ဖြစ်တာလည်းရှိတယ်။ ချိုင်းအကျိိတ်ကနာတယ် ဆိုရင် ရောင်ရမ်းဖြစ်စဉ်ကြောင့်ဖြစ်ပါမယ်။ ကင်ဆာက နောက်ပိုင်းအဆင့်မဟုတ်ရင် မနာပါ။ ရောင်တယ်ဆိုတာ ထိခိုက်မိတာနဲ့ ပိုးဝင်တာ။ ရောဂါကြီးမဟုတ်ပါ။ အနာသက်သာဆေး + ပိုးသေဆေးပေးတာနဲ့ ပျောက်မယ်။ ဒါပေမယ့် တက်စေ့တွေကရောင်ပြီးရင် နဂိုအနေကို ပြန်မရောက်တာလည်းရှိတတ်တယ်။ အဲတာကြောင့် လူအများစုမှာ ချိုင်း၊ မေးအောက်၊ လည်ပင်း၊ ပေါင်ခြံ၊ ဒူးကောက်ကွေး နေရာတွေမှာ စမ်းလို့ရတဲ့ အကျိတ်လေးတွေ ရှိကြတယ်။ ဗိုက်ထဲမှာရှိနေတာတော့ ဒီအတိုင်းမသိနိုင်ပါ။
အမျိုးသမီးတွေမှာ ချိုင်းအကျိတ်စမ်းလိုရရင် ရင်သားကို အဓိကစစ်ဆေးရမယ်။ ကိုယ်ဖါသာစမ်းသပ်နည်းရှိပါတယ်။ သံသယရှိရင် ဆရာဝန်ပြဘို့နောက်မကျပါနဲ့ မရှက်ပါနဲ့။
Lymph node လင့်ဖ်နုတ် ခေါ် တက်စေ့ https://dr-tint-swe.blogspot.com/2021/02/lymph-node.html
Axillary lymph nodes ချိုင်းအကျိတ် https://dr-tint-swe.blogspot.com/2021/06/axillary-lymph-nodes.html
Neck Lumps လည်ပင်း အလုံးအကျိတ် https://dr-tint-swe.blogspot.com/2021/05/neck-lumps_12.html
Abscess ပြည်ရှိတဲ့အနာ https://dr-tint-swe.blogspot.com/2020/12/abscess.html
သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
Lymph node လင့်ဖ်နုတ် ခေါ် တက်စေ့ https://dr-tint-swe.blogspot.com/2022/03/lymph-node.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment