သူ့ဆီမှာ တန်းစီပါ လူစည်သည်

၁။ ဆရာခင်ဗျ  သူ့စီမှာ နဲ့ သူ့ဆီမှာ ဘယ်ဟာက အမှန်ပါလဲ သိချင်ပါတယ်ခင်ဗျ


၂။ မင်္ဂလာပါ ဆရာ မြန်မာစာမှာ စီနဲ့ ဆီကို ဘယ်လိုသုံးလဲ သိချင်ပါတယ် ဥပမာ ကလေးတွေဆီက ကလေးတွေစီက ကလေးတွေဆီက ဆိုတဲ့စာလုံးပေါင်း ဆီ ကိုမှားနေတယ်ပြောနေလို့ပါဆရာ


၃။ ဆရာစီကစာယူတင်ခွင့်ယူဖူးပါတယ်


ဆရာ့ဆီကလို့ ရေးသင့်။ ဆရာစီဆိုရင် ဦးစီ ဒေါက်တာစီ အမည်ရှိသူဖြစ်သွားမယ်။ ဆရာ့ဇီကလို့ အသံထွက်ရတယ်။


၄။ သားဖွားဆရာမတယောက်က mega 3 နဲ့ folic acid တနေ့တလုံးဆီသောက်ခိုင်းပါတယ် ခုကိုယ်ဝန်ရနေပြီဆိုတော့ ဆက်သောက်ရဦးမှာလား ဆရာ။


တနေ့တလုံးစီ (တလုံးကျ) လို့ ရေးသင့်။


၅။ ဆရာ့စီက အတုယူစရာတွေကို မှတ်ပါတယ်ဆရာ။


ဆရာ့ဆီကလို့ ရေးရပါမယ်။ ဆရာ့ဇီကလို့ အသံထွက်ရတယ်။


၆။ အထဲက ကလေးလည်းမတွေ့ဘူး။ နှလုံးလည်းမခုန်ဘူးလို့ပြောပါတယ်။ အဲ့ဒါ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ဆရာ့စီက အကြံဉာဏ်လိုချင်လို့ပါတဲ့။


ဆရာ့ဆီကလို့ ရေးရပါမယ်။ ဆရာ့ဇီကလို့ အသံထွက်ရတယ်။


၇။ ဘီပိုးရှိလူနာ့စီကသွေး သူ့မျက်စိကို စင်လို့မေးလာတယ်။


လူနာ့ဆီကလို့ ရေးရပါမယ်။ လူနာ့ဇီကလို့ အသံထွက်တယ်။


၈။ ကိုယ့်စီနဲ့ ပန်းတိုင်စီလို့ မှားရေးထားတာ တွေ့တယ်။ ကိုယ့်ဆီ၊ ပန်းတိုင်ဆီလို့ ရေးရတယ်။


၉။ ကွန်မင့်တခုမှာ ဆရာ့စီက အတုယူစရာတွေကို မှတ်ပါတယ်ဆရာတဲ့။ ဆရာ့ဆီကလို့ ရေးရပါမယ်။


၁၀။ မေးခွန်းတခုကတော့ အထဲက ကလေးလည်းမတွေ့ဘူး။ နှလုံးလည်းမခုန်ဘူးလို့ပြောပါတယ်။ အဲ့ဒါ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ဆရာ့စီက အကြံဉာဏ်လိုချင်လို့ပါတဲ့။ ဆရာ့ဆီကလို့ ရေးရပါမယ်။


၁၁။ ကျန်းမာရေးဌာနတခုက ကျွမ်းကျင်သူမိန်းကလေးတယောက်ကနေ မေးလာတယ်။ ဘီပိုးရှိလူနာ့စီကသွေး သူ့မျက်စိကို စင်လို့မေးလာတယ်။ လူနာ့ဆီကလို့ ရေးရပါမယ်။


စီ

ကိုယ်စီကိုယ်ငှ အမျှရကြစေ။

စာစီစာကုံး ရေးပါ။

စီစဉ်သည်။

စီတန်းသည်။

စီမံသည်။

စီရင်ချက် ချမည်။

ညံညံစီစီ။

အစီအရီထားပါ။

ကြောင်ကလေးပူစီ။


ဆီ

ငါ့ဆီယူခဲ့။

စားအုန်းဆီ စျေးချို၏။

ဆီဆိုင်မြို့။

ဆီမီးခုံအရပ်။

ဆီဦးထောပတ်။

ဆီလျော်သည်။

ပဲဆီ ကြော်လို့ကောင်း၏။

ပဲပုပ်ဆီ အမျိုးသမီးတွေအတွက် ကောင်း၏။

ဘယ်ဆီအမျိုးအစားက ကျန်းမာရေးအတွက်ကောင်းသလဲ။

မဆီမဆိုင်မပြောနဲ့။

မဟာဆီ မဟာသွေး။

ရိုးတွင်းခြင်ဆီ။

သူ့ဆီမှာ စာအုပ်ကောင်းရှိတယ်။

ဟိုဆီကို သွားပါ။

ဟိုတောင်ဆီရယ်က ညိုတိုတိုရယ် မိုးဆိုထင့် ရွာတော့မယ်ဗျ

အုန်းဆီမွှေး ဆံပင်မှာလိမ်းပါ။

နေကြာဆီလည်း ကောင်း၏။

ဝေးရပ်ဆီက မေတ္တာပို့ပါတယ်။

နှမ်းဆီ ဆမ်းစားလို့ကောင်း၏။

ကျွန်တော်တို့ငယ်ငယ်က မန္တလေးမှာ ပြောကြတယ်။ သူ့ရှီက၊ ငါ့ရှီကတဲ့။ မြန်မာပြည်ကြီး သတ်ပုံမှန်ပြီး စကားပီပါစေသတည်း။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း