ကဆုန်လဘွဲ့

အော် - ဖော်ဝေးမစုံ၊ ဆွေးဘို့ကြုံအောင်၊ တပုံတခန်း၊ ကဆုန်ဆန်းမို့၊ ယုန်စန်းငွေလ၊ စန္ဒရနှင့်၊ ပုဏ္ဏာ့တာရာ၊ ကြယ်ဝိသာလဲ၊ အာကာမြင့်ခေါင်၊ ကွန့်ရွှန်းငယ်ပြောင်သည်၊ တိမ်မှောင်ချွေလို့ လင်းတော့တယ်။   ။

သံဝှန်ငယ်ညောင်းငြိမ့်၊ စည်မောင်းလှိမ့်လို့၊ ဝတိန့်ခွန်ဆွတ်၊ နတ်များထွက်ကို၊ သခွတ်စားငယ်၊ ပြည်သမီးရင်း၊ လက်စကြွင်းကြောင့်၊ ရန်တင်းငယ်လှယ်သည်၊ စစ်ဆွယ်ပြိုင်လို့ ကျင်းတော့တယ်။   ။

သင်းမြေနံ့တကြိုင်၊   ။ စကားရွှေဝါနှင့်၊ ညောင်သီဒါ ရေတော်သွန်းချိန်မို့၊ ရွှန်းဝေလို့လှိုင်၊   ။ မြိုင်မြစ်စုံ ယမုန်ခ ပါတဲ့၊ ပြည်အမရမဏ္ဍိုင်၊ ခရိုင်နယ့်တဝိုင်း၊   ။ သို့ချိန်ဆီ၊ ရင့်ကျူးပဥ္စင်္ဂီနှင့်၊ တိမ်ပန်းချီ ပွေလို့ ရေးပေလိမ့်၊ ဆေးရင့်ပြာလှိုင်း။   ။ 

နံကိုင်းဇေယျ၊ ပြည်သန်လျက်ခုံ၊ ကြက်နှစ်စုံလဲ၊ ရွှေပုညနှင့်၊ ပတ္တမြာ့စစ်၊ ပြာယမိုက်ဆင်၊ မန်းသိုက်ဝင်တဲ့၊ ရှင်ပင့်ဖြစ်ကို၊ စိစစ်ဖွဲ့ကုံး၊ အိုဘယ့်နှယ်ဆုံးပေလိမ့်။   ။

ခွေနှုန်းတဲ့ဗျာသီ၊   ။ သူလဲ မြင်တော်လာနှင့်၊ ကန္တာမှာ ဖန်ရာကြုံ့ပါဘိ၊ လွမ်းပုံ့ပွေလီ၊   ။ ထီးတရာ ပဏ္ဏာကြို့ပါတဲ့၊ မင်းနေမြို့ဋ္ဌာနီ၊ သည်ဆီထင့် ရော်ရမ်း၊   ။ နယ်ရှစ်ခွင်၊ နတ်စစ်ကယ်ဗျူဟာဆင်လို့၊ မြော်အမြင်ထင်အတွေးနှင့်၊ ဝေးက မောင်ပန်း။   ။

ဦးကြင်ဥရေးတဲ့ ပဒေသာသီချင်းများ စာအုပ်ကို ၁၉၆၁ ခု ဇူလိုင်လမှာ ထွန်းထွန်းကုမ္ပဏီအတွက် မေပုံနှိပ်တိုက်မှာ ရိုက်ပါတယ်။ ကျွန်တော်တို့ ရှစ်တန်းမှာ သင်ယူခဲ့ရတယ်။ အတော်များများ အလွတ်ရသေးတယ်။ 

စစ်အာဏာ ဒုတိယအကြိမ်သိမ်းကတည်းက အခုထိ စာသားတွေရော သတ်ပုံတွေပါ လွဲပြီးရေးထားတာတွေ အများကြီးတွေ့နေရတယ်။ 
တပုံတခန်း တ ကို စသတ်နဲ့ဖျက်ရေးလာကြတယ်။
သင်းမြေနံ့တကြိုင် တ ကို စသတ်နဲ့ဖျက်ရေးလာကြတယ်။
ခရိုင်နယ့်တဝိုင်း တ ကို စသတ်နဲ့ဖျက်ရေးလာကြတယ်။
ထီးတရာ တ ကို စသတ်နဲ့ဖျက်ရေးလာကြတယ်။
မြန်မာစာသတ်ပုံကို မှန်အောင်ရေးတဲ့ခေတ်ပြန်ရောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ