Breast Fibroadenosis ဖိုက်ဘရိုအဒီနိုးဆစ် ရင်သားရောဂါ

(ကန်တော့)

၁။ ဆရာရှင့် ကျမအသက်က ၃၈နှစ်ပါရှင့် ၅.၁၂.၂၀၂၂က ညာဘက်ရင်သားအကြိတ်(အကျိတ်) ခွဲစိတ်ထားသူပါ အခုဘယ်ဘက်က အကြိတ်ကိုထပ်မံခွဲစိတ်ထားပါတယ်ရှင့်Biopsy အဖြေကတော့ရလာပါပြီ အဖြေရလဒ် ကောင်းမကောင်းသိချင်လို့ပါ ဆရာရှင့်
Breast Fibroadenosis (ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ https://dr-tint-swe.blogspot.com/.../breast-fibroadenosis...
ဖတ်မရဘူးဖြစ်နေပါတယ်ဆရာရှင့်
၂။ သမီးရဲ့ ရင်သားညာဘက် (ချိုင်းနား) ခြမ်းပေါ်မှာ အကျိတ်ပေါက်နေပါတယ်။ ၃ ပတ်လောက် အရမ်းနာပြီးရင် ၈ ရက်လောက် သက်သာသွားပြန်ပါတယ်။ ( - ) ဆေးရုံမှာလည်း သွားပြီးတဲ့ပြအခါမှာ ဟော်မုန်းမညီတဲ့ Fibroadenosis ဖြစ်နေတယ်လို့ ပြောပါတယ်။ အဲ့ဒီအတွက် ပဋိဇီဝဆေးများ သောက်ရမည်ဟုပြောပါသည်။ သမီးက အိမ်ထောင် မကျသေးပါဘူး။ နောက် ၂ နှစ်တွင် အိမ်ထောင်ပြုပြီး ကလေးတန်းယူရန်လည်း အစီစဉ်ရှိပါသည်။ အသက်က ၂၆ နှစ် ရှိပါပြီ။ ၄င်းဆေးများကိုသောက်ပြီး ကလေးမရမှာကိုလည်း စိုးရိမ်ပါတယ်ရှင့်။ ဒါကြောင့် လမ်းထိပ်ရှိဆေးခန်းတွင် ဆေးရုံဆေးစာအုပ်နှင့်တကွ ထပ်မံပြသရာ ဆရာဝန်မှ ခွဲစိတ်ပါရန်၊ ဆေးသောက်လျှင်လည်း အရှင်း ပျေက်ကင်းနိုင်မည် မဟုတ်ကြောင်းနှင့် သွေးဆုံးချိန် (သို့) အသက် 40/50 ပတ်ဝန်းကျင်တွင် ကင်ဆာဖြစ်နိုင်ရန် 50% ဖြစ်နိုင်ကြောင်း ပြောပါသည်။ ဆေးရုံစာအုပ် Scan လည်း ပူးတွဲပေးပို့အပ်ပါသည်။ မည်သို့ ဆုံးဖြတ်သင့်သည်ကို ဆရာ့ဆီမှ အကြံပြုချက် ထပ်မံရလိုပါသဖြင့် အကြံတောင်းခံအပ်ပါသည်ရှင်။
ဆေးကုရာမှာ ဒုတိယအကြံဉာဏ်၊ တတိယအကြံဥဏ်ယူတာ ကောင်းပါတယ်။ အကြံပေးသူကလဲ တော်သင့်သူဖြစ်ရမယ်။ ကျွန်တော်က အထူးကု မဟုတ်ပါ။ Fibroadenosis (ဖိုက်ဘရိုဆစ်စ်တစ်) ရောဂါဟာ Fibrocystic disease အမျိုးအစား ဖြစ်တယ်။ နာမည် အမျိုးမျိုးနဲ့ ခေါ်တယ်။ အရင်က Mammary dysplasia, Chronic cystic mastitis or Hyperplastic cystic disease လို့ ခေါ်ခဲ့တယ်။ နာမည်များတာ ရှုတ်အောင် လုပ်တာတော့ မဟုတ်ပါ။ ဖြစ်စေတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိခြင်းကြောင့် ဖြစ်ပါတယ်။ နောက်ပြီး လူနာပြောတာကို စမ်းသပ် စစ်ဆေးလို့ တွေ့ရတာနဲ့ ရောဂါဗေဒ စစ်ဆေးတော့ တွေ့ရတာနဲ့ ဆက်စပ်မှုက အံကျမဖြစ်တာလဲ ရှိသေးတယ်။
၃။ ဆရာရှင့် ကျွန်မကလေး ၁၂ လထဲမှာ နိ့တိုက်မိခင်ပါ။ ( - ) မှာနေပါတယ်။ အသက် ၃၁ ပါ။  ညာဘက်ရင်သားမှာ အကျိတ်လေးတွေ့လို့ ပြကြည့်တာ ကလေးနို့ဖြတ်ရမယ်။ တလနေပြန်ကြည့်မယ်ဆိုပြီး ဆေပေးလိုက်ပါတယ်။ စမ်းကြည့်တော့ အမြှောင်းလိုက်လေးလို့ပြောပါတယ်။ ကင်ဆာကျိတ်က စမ်းရုံနဲ့သိနိုင်ပါလားဆရာ။ ရင်သားကမနာပါ။ ညာဘက်ပခုံး လက်မောင်းနောက်ကြောညောင်းတာ ကလေးကောင်းကောင်းမချီနိုင်ပါ။ အမြဲမအီမသာကြီး ခံစားနေရပါတယ်။ ကင်ဆာကျိတ် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲရှင့်။ ဆေးမှတ်တမ်းလေးပို့ပေးလိုက်ပါတယ်။ mammogram report ပါဆရာ။ ၁၃-၁-၁၅ က ရိုက်ထားတာပါ။ သမီးအကျိတ်က cancer ဖြစ်နိုင်ပါသလားဆရာ။ တော်တော်စိတ်ဆင်းရဲနေလို့ပါဆရာ။ သေချာလေးပြောပြပါလား။
ရင်သားကင်ဆာ (၁) ကို ပို့လိုက်ပြီးဖြစ်ပါတယ်။ (မင်မိုဂရမ်) မှာ (ဖိုက်ဘရိုအဒီနိုးဆစ်) လို့ ရေးထားတယ်။ ဒီရောဂါရှိတဲ့ အမျိုးသမီးကနေ ရင်သားနာနေလို့ပါရှင့်လို့ ပြောကြတာချည်းဖြစ်တယ်။ တချို့က အကျိတ်လိုလို တွေ့တယ်လို့လဲပြောမယ်။ ခွဲစိတ်တဲ့အခါ အကျိတ်သန့်သန့် တွေ့ရတာ မဟုတ်ဘဲ မာခဲနေတာကိုသာ တွေ့ရပါတယ်။ FA လို အပျိုရွယ်တွေမှာ အဖြစ်များတာမျိုးက သန့်သန့်လေး ခွဲထုတ်လို့ရတယ်။ ကင်ဆာဆိုရင်လဲ အပေါ်ယံအဖုံးမပါလို့ ရောထွေးနေတယ်။
အနုကြည့်မှန်ဘီလူးနဲ့ စစ်ဆေးရင် Fibrosis, Adenosis, Epitheliosis and Cyst formation တွေကို တွေ့ရမယ်။ တချို့ ရောဂါဗေဒပညာရှင်တွေက ဒါကို ရောဂါလို့ ခေါ်သင့်ပါရဲ့လား မေးခွန်းထုတ်တယ်။ ဘာလို့လဲဆိုတော့ မှန်ဘီလူး အောက်မှာ တွေ့တာတွေအားလုံးက နည်းတာများတာကလွဲရှင် ပုံမှန်ရှိနေကြ (တစ်ရှူး) တွေသာ ဖြစ်ကြလို့ဘဲ။ ဆန်းတာတွေ၊ ကင်ဆာဖြစ်သလိုမျိုး ပြောင်းလဲသွားတာတွေ ဒီရောဂါမှာမရှိပါ။
ဆရာဝန်တွေကတော့ လူနာကို ဆေးကုပေးရမှာဘဲ။ နာတယ်ပြောနေတာကိုး။ နာလို့ အလုပ်ပျက်၊ ကျောင်းပျက်၊ စိတ်ပျက်တယ် မဟုတ်ပါလား။ အကျိတ်လိုလို အခဲလိုလိုရှိနေတယ် ဆိုတာကိုက ခြောက်လှန့်နေသလို ဖြစ်သေးတယ် မဟုတ်ပါလား။ လူနာ သက်သာရာရကြောင်းတော့ လုပ်ပေးရတယ်။
နောက်ပိုင်း တွေ့ရှိချက်တွေအရ Fibroadenosis ဟာ လတိုင်းလတိုင်း ရာသီဖြစ်စဉ်နဲ့အတူ ရင်သားမှာ လိုက်ပြီး ပြောင်းလဲနေတာတွေက ဆိုးဆိုးဝါးဝါးဖြစ်လာတာလို့ ပြောနိုင်တယ်။ လိင်ပိုင်း-ဟော်မုန်းတွေ အတက်-အကျကနေ ဆက်ဖြစ်တာမျိုး ဖြစ်တယ်။ ဖြစ်တတ်သူတွေကလဲ အသက်အားဖြင့် ၂၅-၃၅ ကြားတွေဖြစ်တယ်။ ဒီအယူအဆကို (ANDI) လို့ နာမည်ခပ်ရှည်ရှည် ခေါ်တယ်။ ကင်ဆာ မဟုတ်တဲ့ ရင်သားပြဿနာတွေကို ခြုံခေါ်လိုက်တာ ဖြစ်တယ်။
Fibroadenosis ဟာ တနေ့မှာ ကင်ဆာဖြစ်လာနိုင်ခြေ ရှိသလား
Dupont and Page လေ့လာမှုအရ ဆက်စပ်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ Fibroadenosis ထဲက မျိုးကွဲတခုဖြစ်တဲ့ Atypical ductal (ADH) နဲ့ Lobular epithelial hyperplasia (ALH) ဆိုရင်တော့ တချိန်မှာ Breast cancer ဖြစ်စေနိုင်တဲ့ အလားအလာ သူများထက်တော့ပိုများတယ်။ ဆိုလိုတာက ဒီလိုရင်သားရောဂါ မရှိသူတွေထက် ဖြစ်နိုင်ခြေ ပိုများတာကို ပြောတာဖြစ်တယ်။ ADH ကနေ ၄ ဆ ပိုတယ်။ တကယ်လို့ မိသားစုရာဇဝင်မှာ ရင်သား-ကင်ဆာရှိနေရင် ၈ ဆ ပိုသွားမယ်။ ဒါကြောင့် သူတို့ကို Yearly reviews နှစ်စဉ်ဆေးစစ်တာနဲ့ Mammograms (မင်မိုဂရမ်) ရိုက်တာ လုပ်ပေးရတယ်။ ADH အမျိုးအစားကို Tamoxifen ဆေး ၅ နှစ်ပေးတာ အကျိုးများစေတာတွေ့ရတယ်။ ဖြစ်နိုင်ခြေ ၅ဝ% နည်းသွားစေတယ်။
ချုပ်လိုက်ရင် (၁) နာနေတာကို ကုရမယ်။ အနာသက်သာဆေးတွေ ပေးမယ်။ (၂) အကျိတ်ဆိုတာကို ကုရမယ်။ ကုရမယ် ဆိုတာ စမ်းသပ်မှု စနစ်တကျ လုပ်ဘို့က အရင်ဖြစ်တယ်။ ရောဂါရာဇဝင်၊ မိသားစုရာဇဝင်၊ စစ်ဆေးစမ်းသပ်မှု၊ နာတာက ဘယ်လောက်အထိ ဆိုးသလဲ။ အကျိတ်ကို ကျကျနန စမ်းဘို့လိုတယ်။ Mammogram နဲ့ Ultrasound scan လိုမယ်။ Fine needle aspiration (FNA) အပ်သေးသေးနဲ့စုပ်ယူနည်း၊ Core needle biopsy အပ်ကြီးကြီးနဲ့စုပ်ယူနည်း၊ Tru-cut biopsy ခွဲစိတ်ပြီး အသားစထုတ်ယူနည်း Excision ခွဲစိတ်ထုတ်ပြစ်နည်းတွေ ရွေးချယ်လုပ်ရမယ်။ ကင်ဆာ မဟုတ်တာ သေခြာချင်လို့ ဖြစ်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ