Exluton ကိုယ်ဝန်တားဆေး (၂)

(ကန်တော့)

ဆရာရှင့် ကျွန်မအသက် ၂၄နှစ်ပါ။ ကိုယ်ဝန်တားဆေး Exluton  ကိုသောက်ပါတယ် ကလေးနို့တိုက်နေပါတယ်။ ကလေးက ၇ လပဲရှိသေးတယ်။ မတည့်တာလား မသိဘူး။ သောက်ရင်းအဆီတွေတအားပြန်ပြီး ဝက်ခြံတွေ ထွက်လာလို့ ချက်ချင်းရပ်လိုက်ပါတယ်။ ဝက်ခြံတွေကနီရဲပြီး အဲ့နေရာမှာတင်အကျိတ်တွေက ကြွတက်လာလိုက်ပြန် ချပ်သွားလိုက်နဲ့ သံသရာလည်နေတာနှစ်လလောက်ရှိပါပြီ။ သိချင်တာက တားဆေးစားပြီးတောင် ဝက်ခြံကုရတယ် ပြောကြတယ်။ ဒါပေမယ့် ကျွန်မကျတော့ ဝက်ခြံတွေထွက်တယ်။ ဘယ်လိုတားဆေးမျိုးနဲ့သင့်တော်မလဲ ပြောပြပေးပါဆရာ

အခုထွက်နေတဲ့ဝက်ခြံအတွက်လည်းသောက်ဆေး လိမ်းဆေးလေးညွှန်းပေးပါရှင့်။ 

လူတွေမှာ ဟော်မုန်းရှိနေကြတာ မတူပါ။ ဆေးထဲကဟော်မုန်းကလည်း တမျိုးနဲ့တမျိုး မတူပါ။ ကိုယ်နဲ့အဆင်မပြေရင် ပြောင်းရမယ်။ ဟော်မုန်းမပါတဲ့နည်းတွေလည်းရှိပါတယ်။ ဥပမာ သားအိမ်ထဲ IUCD/IUD ထည့်တာ။ ဝက်ခြံအတွက် စာတပုဒ်ပို့လိုက်တယ်။ 

Excluton ကိုယ်ဝန်တားဆေးကို Minipill လို့လည်းခေါ်တယ်။ ဆေးထဲမှာ Lynoestrenol 0.5 mg ပါတယ်။ Progestin-only pill (ပရိုဂျက်စတင်) ဟော်မုန်း တမျိုးတည်းပါတဲ့ တားဆေးလို့လဲခေါ်တယ်။ Combination pills ဟော်မုန်း ၂ မျိုး တွဲတားဆေးနဲ့ မတူတာက ဒီထဲမှာ (အီစထိုဂျင်) မပါဘူး။ (ပရိုဂျက်စတင်) ပါတာကလဲ နည်းတယ်။ တားဆေးတွေမှာ ဟော်မုန်း အနည်း-အများအလိုက် (၃) မျိုးရှိတယ်။

၁။ ဟော်မုန်း အနည်းဆုံးပါတဲ့ အမျိုးအစားက အရေပြားအောက်ထားရတဲ့ Norplant Subdermal implants, Jadelle (Levonorgestrel implants)၊ သားအိမ်ထဲထည့်တားရတဲ့ Intrauterine systems (Progestasert, Mirena) တွေနဲ့ သဘောချင်းတူတယ်။ မ-မျိုးဥ ထွက်တာကို ၅ဝ% သာ တားနိုင်တယ်။ သားအိမ်အဝ အချွဲကို စေးပျစ်တာကိုသာ ဖြစ်စေတယ်။

၂။ ဟော်မုန်း အသင့်သာပါတဲ့ (Cerazette) အမျိုးအစားက အရေပြား အောက်ထားရတဲ့ Nexplanon Subdermal implant နဲ့ သဘောချင်းတူတယ်။ မ-မျိုးဥထွက်တာကို ၉၇-၉၉% တားနိုင်တယ်။ သားအိမ်အဝ အချွဲကို စေးပျစ်စေတာလဲ ဖြစ်စေတယ်။

၃။ ဟော်မုန်းပါတာများတဲ့ အမျိုးအစားက Depo-Provera, Noristerat တာေးဆး-ထိုးဆေးတွေနဲ့ သဘောချင်းတူတယ်။ သားအိမ်ဝက ချွဲကို စေးပျစ်စေတယ်။ သားအိမ် အတွင်းဆုံးအလွှာကို ပါးလျစေတာ၊ မ-မျိုးဥထွက်မှာကိုတားတာ အလုပ် ၃ မျိုးလုံးပါ ဖြစ်စေတယ်။

ဘယ်လိုသောက်ရမလဲ = ရာသီစဆင်းတဲ့ရက်ကနေစပြီး တနေ့ ၁ ပြားသောက်ပါ။ တားဆေးတွေမှာ အရောင်တူရင် ဆေးတူတယ်။ ဘယ်ကစစ ရတယ်။ မမေ့အောင် ကိုယ်ပိုင်စနစ်လေးထားသင့်တယ်။ နေ့တိုင်း သောက်နေကျအချိန်မှာ အချိန်တူသောက်ပါ။ ဆေးကပ်တခုကုန်ရင် နောက်ကပ်သစ်တခု စသောက်ပါ။ တချို့မှာ (၃၅) ပြားပါတယ်။ ရာသီက ၂ လမှ တခါသာ လာမယ်။ ကိုယ်ဝန်ပျက်-ဖျက်သူတွေလဲ သွေးဆင်းတဲ့ ပဌမရက်နေ့မှာ ဆေးပြားစသောက်ပါ။

အကျိုးရှိတာတွေ = ကလေးနို့တိုက်နေချိန်လဲ သောက်နိုင်တယ်။ ဆေးဖြတ်တာနဲ့ ကလေးပြန်ရဘို့ လွယ်တယ်။ ရာသီနဲ့ဆက်စပ်နေမဲ့ Sickle cell disease ရောဂါနဲ့ Dermatitis ရောဂါတွေကို ကုသရာမှာ သုံးနိုင်တယ်။ သွေးဆင်နည်းလို့ သွေးအားနည်းတာ သက်သာမယ်။ ဆေးလိပ်သောက်သူ၊ အသက် ၃၅ နှစ်ကျော်သူတွေလဲ သောက်နိုင်တယ်။ နှလုံးရောဂါရှိသူတွေအတွက် စိတ်ချနိုင်တယ်။ သွေးခဲတာ နည်းတယ်။ PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တဲ့ ရောဂါကို အဖြစ်နည်းစေ တာတော့ ဟော်မုန်း ၂ မျိုးတွဲတားဆေးနဲ့ အတူတူဘဲ။ 

ဘေးထွက်-ဆိုးကျိုးတွေ = ဆေးစသောက်ကာစ အစောပိုင်းလတွေမှာ ရာသီမမှန်တာ ဖြစ်နိုင်တယ်။ တချို့ စွန်းယုံသာလာတာလဲ ဖြစ်နိုင်တယ်။ တချို့တော့ များတယ်။ ရာသီမလာဘဲနေတာလဲ ဖြစ်နိုင်တယ်။ တလအထိ နောက်ကျသွားရင် ဆရာဝန်ပြပါ။ အသားဝါဖြစ်လာရင် ဆရာဝန်ပြပါ။ ဝက်ခြံထွက်မယ်၊ ပျို့ချင်မယ်၊ ခေါင်းကိုက်မယ်၊ ရင်သားတင်း-နာမယ်၊ ဒါတွေကလဲ စောစောပိုင်းလတွေမှာသာ ဖြစ်လေ့ရှိတယ်။ လူက ဝလာနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲဆေးလောက် ကိုယ်အလေးချိန် မတက်ဘူး။ နောက်ပိုင်းမှာတော့ ဆက်မတိုးတော့ဘူး။ ဆီးချိုရှိနေသူတွေ သတိထားပေးရမယ်။ ဆီးချိုကိ်ု အထိန်းရခက်နိုင်တယ်။ ကိုယ်ရောင်တာ ဖြစ်စေနိုင်လို့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အတက်ရောဂါ၊ (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ သွေးတိုး၊ ပန်းနာရောဂါရှိသူတွေက သတိထားသောက်ရမယ်။ ဆေးသောက်ကာစ ပဌမတနှစ်မှာ ၃ လတကြိမ် ဆေးစစ်သင့်တယ်။ နောက်ပိုင်း ၆ လတခါစစ်သင့်တယ်။ လိင်စိတ်နည်း၊ စိတ်မူပြောင်း၊ စိတ်ဓါတ်ကျ၊ ၁ဝဝ မှာ ၁ ယောက်ကနေ ၁၃ ယောက်အထိ ပဌမ ၁ နှစ်အတွင်းမှာ ကိုယ်ဝန်ရတာတွေ့ရတယ်။ ဟော်မုန်း ၂ မျိုးတွဲထက် ဒီလိုဖြစ်တာ ပိုများတယ်။ တကယ်လို့ ကိုယ်ဝန်ရလာရင် သိဘို့ခက်တတ်တယ်။ ကံမကောင်းရင် သားအိမ်ပြင်ပမှာ သန္ဓေတည်နိုင်တယ်။ Functional ovarian cysts မျိုးဥအိမ် အကျိတ် ဖြစ်နိုင်တယ်။ မခွဲဘဲလဲ ပျောက်နိုင်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ဘူး။

ဘယ်လောက်ထိရောက်သလဲ = (သီအိုရီ) အရပြောရရင် ဟော်မုန်း ၂ မျိုးတွဲနဲ့ အတူတူထိရောက်တယ်။ အချိန်တူသောက်ဘို့၊ ရက်မပျက်ဘို့ ပိုလိုတယ်။ ကလေး နို့တိုက်နေသူတွေမှာ ၆ လအတွင်းသောက်ရင် ၁ဝဝ% ကိုယ်ဝန်မရဘူး။ ကလေး နို့မတိုက်နေသူတွေမှာ ၉၉့၅% ကိုယ်ဝန်မရဘူး။ ဆေး ၂ မျိုးတွဲ ၉၉့ရ-၉၉့၉% မရစေဘူး။ ဆေးတရက်ပျက်လို့ ကိုယ်ဝန်ရလမ်းက ၂ မျိုးတွဲထက်ပိုမယ်။ ကလေးမွေးထားပြီး ကလေးကိုလဲ နို့အပြည့်အဝတိုက်နေမယ် ရာသီလဲ ပြန်မပေါ်သေးရင် ၆ လအထိ၊ ကလေး မွေးထားပြီး ကလေးကို နို့မတိုက်ရင် ၂၁ ရက်အထိ ကိုယ်ဝန်ရလမ်း အလွန်နည်းတယ်။

သတိထားစရာတွေ = ရာသီတလ သွေးစဆင်းတဲ့ရက်ကနေ စသောက်တာ အကောင်းဆုံးဖြစ်တယ်။ ဆေးသောက်အပြီး ၄-၂၂ နာရီအတွင်းမှာ သားအိမ်အဝအချွဲ စေးပျစ်တာက အများဆုံးအချိန် ဖြစ်လို့ မနက်ခင်း ဆေးသောက်ပြီး ညမှာအတူနေတာ အကောင်းဆုံး အစီအစဉ်ဖြစ်တယ်။ ရာသီစလာတဲ့ရက်မှာ စသောက်ပေမဲ့ ရာနှုန်းပြည့် သေခြာအောင် ဆေးစသောက်ပြီးနောက် ၄၈ နာရီအတွင်း အတူနေရင် (ကွန်ဒွမ်) သုံးပါ။ ဆေးသောက်ချိန်ထက် ၃ နာရီ နောက်ကျသွားရင် ၄၈ နာရီအတွင်း အတူမနေပါနဲ့။ နေဖြစ်ရင် အရေးပေါ်တားဆေး သောက်ပါ။ တရက်နောက်ကျသွားရင် နောက်ရက်မှာ ဆေး ၂ လုံးတခါတည်း သောက်ပါ။ ၄၈ နာရီ အတူမနေပါနဲ့။ ဒါမှမဟုတ် (ကွန်ဒွမ်) သုံးပါ။ ဆေးတကပ်ကုန်တာနဲ့ ရာသီ လာလာ-မလာလာ၊ နောက်ဆေးတကပ် ဆက်သောက်ပါ။ အတူမနေဖြစ်သေးလဲ ဆက်သောက်ပါ။ ၁-၇ ရက်အထိ ဆေးသောက်တာ နောက်ကျသွားရင် (ကွန်ဒွမ်) သုံးပါ။ ဆေးသောက်ပြီး ၂ နာရီအတွင်း အန်ရင် နောက် ၁ လုံးသောက်ပါ။ ဟော်မုန်း ၂ မျိးတွဲဆေးကနေ ဒီအမျိုးအစားကို ပြောင်းချင်ရင် (ဟော်မုန်းပါ) အရင်သောက်ရတဲ့ဆေးပြား သောက်နေတုန်းမှာ ချက်ချင်း ပြောင်းသောက်ပါ။ St. John's Wort တိုင်းရင်းဆေး၊ Rifampin တီဘီဆေး၊ Griseofulvin ပွေး-မှိုဆေး၊ Phenobarbitone, Phenytoin, Primidone, Carbamazepine, Dichloralphenazone အတက်သက်သာဆေး၊ HIV ဆေးတချို့၊ ပဋ္ဋိဇီဝဆေးတချို့့တွေနဲ့ တွဲမသောက်သင့်ပါ။ ကလေးလိုချင်လို့ ဆေးရပ်ချင်ရင် ဆေးကပ်မကုန်သေးလဲ ရပ်လိုက်နိုင်တယ်။ ၂၄ နာရီအတွင်း ကိုယ်ဝန် ရနိုင်တယ်လို့ ထင်မှတ်ထားရမယ်။ ရက်လဲမှတ်လို့ လွယ်အောင် ရာသီမှန်စေပြီးမှ ကလေးယူသင့်တယ်။ ဆေးရပ်အပြီး ကြားထဲမှာ (ကွန်ဒွမ်) သုံးပါ။ ဆေးဖြတ်ပြီး ကိုယ်ဝန်ရချင်ရင် Folic acid ဖေါလစ်အက်စစ်ဆေးကို တလကြိုသောက်နိုင်ရင် ပိုကောင်းတယ်။

Dr. တင့်ဆွေ

၂၈-၄-၂၀၁၅


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ