Rheumatism (1) လေးဘက်နာ (၁)

၁။ ကျွန်မအသက်(၂၇)ပါ။ အိမ်ထောင်မရှိပါ။ လက်ဆစ် လက်ကောက်ဝတ်လေးတွေနာနေပါတယ်။ ရောင်ပြီး မနေနိုင်အောင်နာတာတော့မဟုတ်ပါ။ လက်ကြောလေးတွေတင်းပြီး နာပါတယ်။ ကိုက်ပါတယ်။ အပ်နဲ့ပေါက်သလို အသားတွေက စပ်ဖျင်းဖျင်းနဲ့ဖြစ်နေပါတယ်။ ASO 300 သွေးစစ်ကြည့်ပါတယ်။ ဆရာဂန်က pen v သောက်ခိုင်းပါတယ်။ ၁လ ရှိပါပြီ သိပ်မသက်သာသေးပါဘူး။ Pen vကို မသက်သာမချင်း ဆက်သောက်ရမလား ဘာလုပ်သင့်ပါသလဲရှင့်။


၂။ ကျွန်မအသက် ၂၇ နှစ်ပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက််က လေးဘက်နာ Value 423 ရှိဖူးပါတယ်။ အခု ထပ်စစ်တော့ လေးဘက်နာပို မရှိတော့ပါဘူး။ အဖြေက Value 150 ပါ။ ဒါပေမဲ့ အခုဖြစ်နေတာ ၂ ပါတ်လောက်ရှိနေပြီ။ လက်ဆစ် ခြေဆစ်တွေ တစ်ခုပြီးတစ်ခု နာလိုက်ပျောက်လိုက်ဖြစ်နေတယ််။ နေ့တိုင်းဘဲ လေးဘက်နာပိုးစစ်တော့လည်း မရှိဘူး အရမ်းနာကျင်ပြီးကိုက်ခဲလွန်းတယ်။ အဲ့ဒါ ဘာရောဂါလက္ခဏာလဲဆိုတာ သိချင်ပါတယ်ဆရာ။ အများဆုံးဖြစ်တာက ဒူးဆစ် ခြေချင်းဝက် လက်ချောင်းလေးတွေ တစ်နေရာပြီးတစ်နေရာ အဆက်မပြတ်ဖြစ်နေတာ။ လမ်းလျှောက်မကောင်း ကွေးဆန့်မကောင်းဖြစ်ပြီး နာကျင်စွာခံစားရတယ်။


အဆစ်နာတယ်ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့ မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များသလား မမေးနဲ့၊ ၁ဝဝ-၂ဝဝ ရှိတယ်။ လည်ပင်း ကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက်(တစ်ရှူး) ရောဂါတွေ အများကြီး ပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ လေးဘက်နာလို့ ဗမာတွေက ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ ဟိုသွား-ဒီသွား အဆစ်နာလို့ ဆေးစာမှာလာတယ်။


လေးဘက်နာလို့ခေါ်တာ အနီးစပ်ဆုံးက Rheumatism ဖြစ်တယ်။ အဆစ်နာ၊ အဖျား၊ နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။ ရောကောသောကော လုပ်ရာကျနေလို့ပါ။ ဒီအုပ်စုဝင် အဆစ်နာရောဂါကို ကုရတာနဲ့ Lupus ကို ကုရတာ ဘာမှမဆိုင်အောင် မတူလို့ ရောဂါအုပ်စု တခုတည်းလုပ်ဘို့ မဆီလျှော်လို့ ဖြစ်ပါတယ်။


အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ Arthritis အဆစ်နာအပြင် Tendonitis အရွတ်နာ၊ Bursitis အဆစ်ဖုံးနာ၊ Fibromyalgia အရွတ်ကြောနာ။ အများဆုံး ထိတာက Synovial joints အဆစ်ဖုံးနေရာ ရောင်တာပါ။ ကြွက်သားမှာ ဖြစ်ရင် ဝတ်နေကြ အဝတ်တောင် အတင်မခံနိုင်ဘူး။


အောက်တိုဘာ ၁၂ ရက်ကို ကမ္ဘာ့ အဆစ်နာနေ့လို့ သတ်မှတ်ထားတယ်။ ကမ္ဘာမှာ လူ ၁ဝဝ မှာ ၁ ယောက် ဖြစ်နေကြတယ်။ အမျိုးသမီးတွေမှာ ၃ ဆများတယ်။ သွေးထဲမှာ အဆိပ်လို Toxic waste products ကိုယ်နဲ့ မသင့်တာ ရှိလာလို့။ ရာသီဥတုနဲ့ ဆိုင်တဲ့သူတွေက ဆိုင်တယ်။


တချို့က ခုခံအားစနစ်နဲ့ ဆိုင်လို့ Auto-immune ရောဂါအုပ်စုမှာ ပါတယ်။ AIDS နဲ့ မဆိုင်ပါ။ သူ့အောက်မှာလည်း ရောဂါမျိုးစုံ ပါတယ်။ မတည့်တာ ဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်း ရှိတယ်။ သူ့လူနဲ့ ကိုယ့်လူ မခွဲခြား တတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။ အဲဒီထဲက တခုကတော့ Rheumatoid arthritis (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ်အသေးစားရော အကြီးစားပါဖြစ်တာ။


အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။ များသောအားဖြင့် ငယ်ငယ်-ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ နှလုံးရောဂါက ရူမက်တစ်အဖျားရဲ့ အကျိုးဆက်ဖြစ်တယ်။ Group A Streptococcus ဗက်တီးရီးယားကြောင့်ဖြစ်ရတဲ့ Strep throat လည်ပင်းနာနဲ့ Scarlet fever အဝါရောင် အဖျား ရောဂါတွေကို လက်ညှိုးထိုးရတယ်။ နှလုံးရောဂါဆိုတာကလည်း အမျိုးမျိုးရှိသေးတယ်။ လေးဘက်နာနဲ့ ဆိုင်တာက အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။


သေခြာအောင် ASO Test, Complete blood count, ECG, ESR စမ်းသပ်မှုတွေ လုပ်ရတယ်။ ASO ဆိုတာ Antistreptolysin-O သွေးစစ်တာခေါ်တယ်။ Group A streptococci ကို ခုခံပေးမဲ့ (အင်တီဘော်ဒီ) ဖြစ်ပါတယ်။ ပုံမှန် 160 Todd units per milliliter တနည်းပြောရရင် လူကြီးဆို 200 units အောက်၊ ကလေးဆို 300 units အောက်ရှိတယ်။


ဆေးကုနည်း သုံးပိုင်းရှိတယ်။ နာနေတဲ့နေရာကို ဒဏ်သက်သာအောင်လုပ်တာ၊ ရုပ်ပိုင်းဆိုင်ရာ-အလုပ်အကိုင်ဆိုင်ရာ ပြန်လုပ်နိုင်အောင် ကုသပေးတာ နဲ့ ခွဲစိတ်ကုသတာတွေပါ။ ဆေးဝါးမှာလဲသုံးမျိုး။ (စတီရွိုက်) မပါတဲ့ NSAID အနာ သက်သာဆေး၊ (ကော်တီကိုစတီရွိုက်) ဆေး၊ DMARD (ရူမက်တစ်) ဆန့်ကျင်ဆေး။


Rheumatic အဖျားဖြစ်ရင် ချက်ချင်းပဋိဇီဝဆေး Penicillin, Amoxicillin, Sulfadiazine, Erythromycin တမျိုးမျိုး ပေးတယ်။ လက္ခဏာတွေ သက်သက်သာအုံးတော့ ပဋိဇီဝဆေးကို ၁ဝ ရက်အပြည့် ပေးတယ်။ နာတာသက်သာအောင် Aspirin ပေးတယ်။ ရောင်တာသက်သာအောင် (စတီရွိုက်) ဆေး ပေးတယ်။ ပါးစပ်-လည်ပင်းနဲ့ဆိုင်ရင် ဆားရည်နဲ့ ပလုပ်ကျင်းရတယ်။ Throat lozenges ငုံရတယ်။ သူများကို ကူးစေနိုင်လို့ ၂-၃ ရက် ကျောင်းမတက်ဘဲနေ၊ လူကြား-သူကြားလဲ မသွားစေနဲ့။


ဆိုးဝါးတဲ့နှလုံးရောဂါ ရမလာအောင် တာရှည်ခံပနယ်စလင် ထိုးရတယ်။ Benzathine Penicillin G 1.2 ဖြစ်တယ်။ အများအားဖြင့် ၁ လ တခါ၊ ၆ လကြာ၊ ထိုးလေ့ရှိတယ်။ ပြန်ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ပဋိဇီဝဆေး နည်းနည်းကို ၃-၅ နှစ်ကြာ ပေးတတ်တယ်။ လူက သိပ်ဝနေရင် အရိုး-အဆစ်ကို ဒဏ်မပိစေဘို့ ကိုယ်အလေးချိန် ထိန်းပေးရတယ်။ နားခိုင်းတယ်။ လိုအပ်ရင် တုတ်ကောက်၊ ဂျိုင်းထောက်သုံးရမယ်။ လိုအပ်သေးရင် ဖီဇီယိုပညာရှင်တို့ အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ Corticosteroids ဆေးထိုး ပေးရတတ်တယ်။ အဆစ်လှုတ်ရှုားမှုကို ထိခိုက်လာရင် ခွဲစိတ်ရတယ်။ Synovectomy, Arthroplasty လုပ်ရတာပါ။


ခဏခဏအဆစ်နာရင် အလုပ်အကိုင်ပါပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန် ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် စိတ်တော့မပျက်ပါနဲ့လို့ အရင်ပြောထားပါရစေ။ လုံးဝပျောက်သွားစေရမယ်လို့ အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတဖြစ်မသွားအောင်သာ ဖြစ်ပါတယ်။ ရောဂါရှိတာကို စောစောသိဘို့ လိုတယ်။ သိလို့ အပြင်းအထန်ဆေးကုခံပေမဲ့ ပျောက်စေမယ်လို့ မပြောနိုင်တာ ဆောရီးပါ။


ရူမတွိုက်အဆစ်နာကို ငှက်ဖျားဆေးတွေပေးပြီးကုသနည်းကို အသင့်အတင့် ရောဂါမွမ်းမံနည်းအဖြစ် သုံးတယ်။

1. Chloroquine sulphate - Nivaquine / plasmoquine

2. Chloroquine phosphate - Chloroquine

3. Hydroxychloroquine – Plaquenil တွေကို သုံးကြတယ်။


ဒီဆေးပေးဘို့ ဆုံးဖြတ်ချက်ဟာ နာနေတာ သက်သာမဟုတ်ဘဲ ရောဂါပြီးစနစ်ကို ကြည့်ရတယ်။ ဆေးကို တုန့်ပြန်မယ် ဆိုရင် ၂-၆ လအတွင်းမှာ သိသာပါမယ်။ ငှက်ဖျားဆေး တမျိုးထဲပေးနည်းရှိသလို တခြား Methotrexate ဆေးနဲ့ပါ တွဲပေးတာလဲရှိတယ်။ Methotrexate ရဲ့ ဘေးထွက်ဆိုးကျိုးနည်းစေတာတွေ့ရတယ်။ ရူမက်တစ် အဆစ်နာအပြင် Systemic Lupus Erythematosus ရောဂါမှာ သိသာတယ်။ Psoriasis ကိုပေးတာမှာတော့ အငြင်းပွားနေဆဲဖြစ်တယ်။


ဘေးထွက်-ဆိုးကျိုးတွေ = နေလောင်မခံနိုင်၊ အရေပြား အစက်အပျောက်ဖြစ်၊ အလာဂျီ အနီကွက်ဖြစ်၊ ပျို့ (အထူးသဖြင့် ခါးတာစားမိရင်)၊ နားထဲအသံမည်၊ မျက်စိကြည့်မကောင်း (ရှားပါး)။


ဆေးဘယ်လောက်ပေးမလဲ

• Chloroquine - 4mg/kg chloroquine base


Rhumatic links လေးဘက်နာစာများ https://dr-tint-swe.blogspot.com/2021/01/rhumatic-links.html


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ